သူသူဇော် (မဇ္စျိမ)။ ။ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်များ ပြုလုပ်၍ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နေပြီး၊ VPN Software ပါသည့် ဖုန်းများကို သိမ်းယူမှုများရှိနေကြောင်း မောင်တောဒေသခံများထံမှ သိရသည်။
အောက်တိုဘာလ ၁၄ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်သား ၁၅ဦးခန့်ဖြင့် အဖွဲ့ သုံးဖွဲ့ ဖွဲ့စည်းပြီး မောင်တောမြို့ လမ်းမများနှင့် လဝက ရုံးရှေ့ နေရာများတွင် စစ်ဆေးနေခြင်းဖြစ်ကာ ဆိုင်ကယ်လိုင်စင်၊ မှတ်ပုံတင်၊ ဖုန်းစသည့်တို့ကို စစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။
ယင်းကဲ့သို့ စစ်ဆေးရာတွင် VPN Software ပါသည့် ဖုန်းများကို သိမ်းယူမှုများရှိနေခြင်းပင် ဖြစ်သည်။
“ ကျနော်တို့ဆီက iphone တစ်လုံးယူသွားတယ်။ စစ်ဆေးပြီးတော့ ဘာကြောင့်ပြန်မပေးတာလဲ မေးတော့ VPN ပါလို့တဲ့၊ ကျနော်တို့ဆီက သိမ်းသွားတယ်။ အဲဖုန်းက ဝယ်ထားတာမကြာသေးဘူး၊ ဒါက မတရားသဖြင့် လုပ်တာလို့ မြင်တယ်”ဟု ၎င်းက ဆိုသည်။
မောင်တောမြို့တွင် စစ်ကောင်စီတပ်သားများက အောက်တိုဘာလ ၁၄ရက်နေ့၌ ရိုဟင်ဂျာလူငယ်တစ်ဦးမှထံ iphone တစ်လုံးနှင့် အခြားဒေသခံများထံမှ ဖုန်းများသိမ်းယူသွားကြောင်း ဖုန်းသိမ်းယူခံရသူများထံမှ သိရသည်။
“ သူတို့က ရခိုင်ပဲဖြစ်ဖြစ်၊ ရိုဟင်ဂျာပဲဖြစ်ဖြစ် စစ်ဆေးတယ်။ သူတို့ မစစ်ချင်တဲ့လူတွေကို မစစ်ဘူး၊ စစ်ချင်တဲ့လူတွေကို ခေါ်စစ်တယ်။ ဖုန်းမှာ VPN ပါတဲ့ ဖုန်းကို သိမ်းမှာတဲ့ ပြန်မပေးဘူးလို့ပြောတယ်။ ဒါက မဖြစ်သင့်ဘူး၊ ကျနော်တို့ကလည်း ပြန်မပြောရဲဘူး။ အဖမ်းခံရမှာလည်း ကြောက်ပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ဖုန်းနဲ့ အလုပ်လုပ်နေရတဲ့ အခြေအနေတွေရှိတယ်။ ဒါကို အခုလိုမျိုးလုပ်တာက မဖြစ်သင့်ပါဘူး”ဟု မောင်တောမြို့ ဒေသခံက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်က အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ အင်တာနက်များကို ဖြတ်တောက်ထားခြင်းဖြစ်သည်။ အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးသည့် အချိန်တွင်လည်း မိုဘိုင်းအင်တာနက် အသုံးပြုရန် VPN app တစ်ဆင့်ခံ၍ အသုံးပြုနေကြရခြင်းဖြစ်သည်။
ယခုကဲ့သို့ VPN ပါသည့် ဖုန်းများကို သိမ်းယူသည်ဟုဆိုခြင်းမှာ အကြောင်းပြချက်သက်သက်ဖြစ်ပြီး စစ်ကောင်စီတပ်သားများမှာ ပြည်သူလူထုထံမှ ပစ္စည်းများကို အကြမ်းဖက်သည့်နည်းကို အသုံးပြုကာ အတင်းအဓမ္မ သိမ်းယူခြင်းသာဖြစ်ကြောင်း ရခိုင်မှ တက်ကြွလူပ်ရှားသူ လူငယ်တစ်ဦးကပြောသည်။
“ ဖုန်းတွေ အားလုံးမှာ VPN က ထည့်ထားရတယ်။ ကျနော်တို့ပဲဖြစ်ဖြစ် စစ်ကောင်စီတပ်သားတွေပဲဖြစ်ဖြစ် Online သုံးချင်ရင် အကုန်လုံးကို VPN ခံကြရတယ်။ အဲဒါကို ဖုန်းမှာ VPN ပါရင် သိမ်းတယ်ဆိုတာက သူတို့လိုချင်တာကို သိမ်းယူနေတာဖြစ်တယ်။ VPN ကို အကြောင်းပြပြီးတော့ သူတို့က ဖုန်းကို လုသွားတာ၊ အတင်းအဓမ္မ ယူသွားတာပဲဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်အနေဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစု၏ လမ်းမများပေါ်တွင် စစ်ဆေးရေးဂိတ်များ တိုးချဲ့ဖွင့်လှစ်ပြီး စစ်ဆေးနေခြင်း၊ ညအချိန် ဧည့်စာရင်း စစ်ဆေးမည်ဟုဆိုကာ နေအိမ်များသို့ ဝင်ရောက်ရှာဖွေပြီး မသင်္ကာသူများကို ဖမ်းဆီးခေါ်ဆောင်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)