(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ လွတ်လပ်စွာထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်၌ မြန်မာစစ်တပ်က သတင်းအမှားများ ထုတ်လွှင့်ပြီး သတင်းထောက်များကို ဖမ်းဆီးနှိပ်စက်နေသည်ဟု UN တွင် ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။
စစ်အာဏာသိမ်းချိန်မှစ၍ သတင်းအမှားများ၊ ဝါဒဖြန့်မှုများ၊ အကြမ်းဖက်မှုအား စစ်ပွဲအင်္ဂါရပ်အဖြစ်သို့ လှုံ့ဆော်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ အထူးသဖြင့် စစ်တပ်သည် နိုင်ငံပိုင်သတင်းမီဒီယာ၊ သတင်းစာနှင့် အချို့လူမှုကွန်ရက်စာမျက်နှာတို့ကို အသုံးပြု၍ မမှန်ကန်သော သတင်းအချက်အလက် များကို ဆက်လက်ဖြန့်ဝေလျက်ရှိကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။
စစ်ကောင်စီက သတင်းဌာန(၁၂) ခုခန့်ကို ပိတ်သိမ်းစေခဲ့ပြီး သတင်းထောက် (၁၄၂) ဦး ခန့်ကို ဖမ်းဆီးခဲ့ရာ နိုင်ငံခြားသားများလည်းပါဝင်ကြောင်း၊ သတင်းထောက်များမှ အခြေအနေမှန်များကိုဖော်ထုတ်ရန် ကြိုး စားသည်နှင့်အမျှ ရက်စက်ကြမ်းတမ်းသောစစ်တပ်က သတင်းသမားများအား ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းများကိုပြုလုပ်ကာ အမှန်တရားကို ဆိတ်သုဉ်းစေရန် ရည်ရွယ်လုပ်ဆောင်နေသည်ဟု ဦးကျော်မိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် သတင်းအချက်အလက်ရယူခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်တို့ကို အလွန် အမင်းကန့်သတ်ထားပြီး သတင်းအချက်အလက်အမှားများနှင့် ဝါဒအမှားများကိုသာ ဖြန့်ကာ ပြည်သူများ ကိုလိမ်လည်လှည့်ဖြား၍ ဒုက္ခဖြစ်စေလျက်ရှိသည်ဟု ဆိုသည်။
စစ်တပ်သည်“သတင်းအမှားများ”ထည့်သွင်းနိုင်ရန် ပြစ်မှုဆိုင်ရာဥပဒေကိုတိုးချဲ့သတ်မှတ်ခဲ့ပြီး လွတ်လပ် သည့် မီဒီယာဏ္ဍကို တိုက်ခိုက်ရန်အတွက်လည်း အမျိုးသားလုံခြုံရေးပြဋ္ဌာန်းချက်အသစ်များကို ထုတ်ပြန် ခဲ့ကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။
သတင်းမှန်သိပိုင်ခွင့်မှာ ပဋိပက္ခဖြစ်ပွားနေသောနေရာများနှင့် အသိုက်အဝန်းများတွင် နေထိုင်သူများ အတွက် အထူးအရေးပါကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြသည်။
ထို့ပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြင်းထန်သည့်ဒေသများတွင် အင်တာနက်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ် တောက်နေကြောင်း၊ စစ်တပ်မှ သတင်းမှားများဖြန့်ဖြူးနေသည့်ကိစ္စကို မည်သည့်နည်းလမ်းဖြင့် ကိုင် တွယ်ဖြေရှင်းမလဲဟု ဦးကျော်မိုးထွန်းက အထူးအစီရင်ခံစာတင်သွင်းသူကို မေးမြန်းခဲ့သည်။
NUG ကိုယ်စားပြု UN ကိုယ်စားလှယ် ဦးကျော်မိုးထွန်းမှာ ကုလအစည်းအဝေးများကို ဆက်တိုက်တက် ရောက်နေပြီး မြန်မာ့အရေးနှင့်ပတ်သက်သည့်အကြောင်းများကို ဆက်တိုက်ပြောကြားလျက်ရှိသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။ စောဖေ