အာဏာသိမ်းမှုကြောင့် မွန်ပြည်နယ်ရဲ့ ရော်ဘာထုတ်လုပ်မှု ပိုမို ကျဆင်းလာနိုင်

အာဏာသိမ်းမှုကြောင့် မွန်ပြည်နယ်ရဲ့ ရော်ဘာထုတ်လုပ်မှု ပိုမို ကျဆင်းလာနိုင်

စစ်အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ စစ်ကောင်စီရဲ့ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် မွန်ပြည်နယ်ရဲ့ ရော်ဘာထုတ်လုပ်မှု ပိုမို ကျဆင်းလာနိုင်တယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ပြောဆိုလိုက်ပါတယ်။

မွန်ပြည်နယ်ဟာ နှစ်စဉ်ဟာ ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေတာ ဖြစ်ပြီး ထွက်ရှိလာတဲ့ရော်ဘာတွေကိုတော့ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေတာပါ။

ဒါပေယ့် ရော်ဘာကဏ္ဍဟာ စစ်တပ် အာဏာာသိမ်းပြီးနောက် သွင်အားစုကုန်ပစ္စည်းတွေဖြစ်တဲ့ ဓာတ်မြေသြဇာနဲ့ အက်စစ် ဈေးနှုန်း ၄ ဆနီးပါး မြင့်တက်လာတာနဲ့ အထွေထွေကုန်စရိတ်ကြီးမြင့်မှုကို အကြီးအကျယ် ရင်ဆိုင်နေရတာပါ။

သွင်းအားစုကုန်ပစ္စည်းတွေ အဆမတန် မြင့်တက်လာတာကြောင့် ရော်ဘာစိုက်တောင်သူတွေဟာ ဒီနှစ်ရော်ဘာ ရာသီမှာ ဓါတ်မြေသြဇာ အပြည့်အဝ မကျွေးနိုင်တော့တဲ့ အခြေအနေထိ ဖြစ်ပေါ်လာတာပါ။

ရော်ဘာလုပ်ငန်းရှင် တစ်ဦးကတော့ အခုလို အခြေအနေတွေကြောင့် လာမယ့်နှစ်မှာ ရော်ဘာထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်းထက်မနည်း ကျဆင်းလာနိုင်တယ်လို့ ပြောပါတယ်။

“သွင်းအားစု ပြသနာကတော့ လုံးဝ လုံးဝ မပြေလည်ပါဘူး၊ သူတို့ရဲ့ မြင့်မားတဲ့ ဓာတ်မြေဩဇာ ဈေးကို ကျွန်တော်တို့ မလိုက်နိုင်လို့ ကျွန်တော်တို့ ဒီနှစ်တော့ အမှန်အတိုင်းပြောရင် ကျွန်တော်တို့ ဒီနှစ်တော့ မကျွေးဘူးပေါ့ဗျာ၊ ခြံမကျွေးဘဲ ဒီအတိုင်း ခြစ်တော့လည်း သူဆီက ရပေါက်ရလမ်းတော့ အစေးထွက်တော့ နည်းမှာပေါ့ဗျာ၊ မြေဆီ ကျွေးတာနဲ့ မကျွေးတာကတော့ သိသာတယ်ဗျ၊ မြေဆီ ကျွေးလိုကတော့ အထွက်တော့ ပိုတယ်၊ မကျွေးရင်တော့ အထွက်နှုန်း လျော့တယ်၊ (၂၅) ရာခိုင်နှုန်း လောက်တော့လည်း လျော့သွားနိုင်တာပေါ့ ခန့်မှန်း ခြေပါ၊ ကျွန်တော်တို့ကတော့ အကြမ်းဖျင်းပဲ ဒီခြံတောင်သူတွေ အနေနဲ့ မှန်းတာပါ”လို့ ဆိုပါတယ်။

တဖက်မှာတော့ ရော်ဘာလုပ်ငန်းရှင်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်တွေကြောင့် ရော်ဘာအစေးခြစ်ဖို့ ခက်ခဲလာတာ၊ ကျွမ်းကျင်အလုပ်သမား အများစု ပြည်ပနိုင်ငံတွေကို ထွက်ပြီး သွားရောက် အလုပ်လုပ်ကိုင်လာတဲ့အတွက် အလုပ်သမား ခေါ်မရတဲ့ အခက်အခဲကိုပါ ထပ်မံ ရင်ဆိုင်နေရတာပါ။

ရော်ဘာလုပ်ငန်းရှင် တစ်ဦးကလည်း ရော်ဘာကဏ္ဍဟာ မြန်မာငွေတန်ဖိုး ကျဆင်းလာတာ၊ သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် အထိနာနေတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

“ဝဲတွေကတော့ ဈေးကတော့ လန်ထွက်နေတာပဲ၊ (၁၅၀၀၀၀)တို့ (၁၆၅၀၀၀) တို့ (၁၄၅၀၀၀) တို့ (၁၃၅၀၀၀) တို့ အဲ့တာကျတော့ ဝဲအရောင်းအဝယ်ကျတော့ (၃) ချိုး ချိုးရင် (၁) ချိုး လောက်ပဲ ရောင်းရတော့တယ်၊ (၂) ချိုးလောက် ပျောက်သွားတယ်၊ ဝယ်မထည့် နိုင်ကြဘူး၊ ခြံတော်တော်များများ ဝဲဝယ်မထည့် နိုင်ကြဘူး အဲ့လိုဖြစ်နေတယ်၊ ဒီနှစ် ဆိုလို့ရှိရင် အစက ဆိုရင် ကျမက ရော်ဘာ တစ်မျိုးထဲရဲ့ ဝဲကို ကိုယ့်ရဲ့ တပိုင်တနိုင်လေး ဝယ်ရောင်းတာ ကား (၃) စီးလောက် ဝယ်ရောင်းတယ် ဆိုလို့ရှိရင် ဒီနှစ် (၁) စီး လောက်ပဲ ဝယ်နိုင်တော့တယ်၊ နောက်ပြီးတော့ ငွေကြေး ကြောင့်လည်းပါတယ်၊ နောက်ပြီးတော့ ခြံရှင်တွေက မဝယ်နိုင်တာလည်း ပါတယ်ပေါ့နော်”လို့ ဆိုပါတယ်။

ဒါ့ကြောင့် လာမယ့် ရော်ဘာရာသီမှာ ရော်ဘာဈေးနှုန်းတွေ ထင်သလောက် မတက်လာရင် ရော်ဘာခြံအများစု အစေးမခြစ်ဘဲ လုပ်ငန်းတွေ ပိတ်သိမ်းလာနိုင်တယ်လို့ ဆိုကြပါတယ်။

မွန်ပြည်နယ်ဟာ ရော်ဘာ စိုက်ပျိုး ဧက (၅) သိန်းကျော် ရှိတဲ့ ပြည်နယ် တစ်ခု ဖြစ်ပြီး ရော်ဘာကဏ္ဍကနေ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်းနဲ့ချီ ရရှိနေတာပါ။

ဒါပေမယ့် မွန်ပြည်နယ်ရဲ့ ရော်ဘာကဏ္ဍဟာ စစ်တပ် အာဏာသိမ်းမှုဒဏ်ကို တခြားလုပ်ငန်းတွေ နည်းတူ အလူးအလဲ ခံစားနေရတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Most read this week

September 28, 2024
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့...
September 27, 2024
မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့်...
September 27, 2024
နိုင်ငံတဝန်းမှာ တိုင်ဖွန်းရာဂီမုန်တိုင်းဒဏ်ကြောင့် စပါးစိုက်ဧက ခုနှစ်သိန်းခွဲနီးပါး...
September 26, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း သင်တန်းပေးပြီးနောက် ရှေ့တန်းစစ်မြေပြင်ဆီ...