ကန်တော့ခံ ရခိုင်သက်ကြီးစာရေးဆရာ ဆရာကြီး ဦးအောင်ဇံ လူကြီးရောဂါဖြင့် စစ်တွေတွင်ကွယ်လွန်

ကန်တော့ခံ ရခိုင်သက်ကြီးစာရေးဆရာ ဆရာကြီး ဦးအောင်ဇံ လူကြီးရောဂါဖြင့် စစ်တွေတွင်ကွယ်လွန်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကန်တော့ခံ ရခိုင်သက်ကြီးစာရေးဆရာ ဆရာကြီးဦးအောင်ဇံသည် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်ဟု သိရသည်။

ဆရာကြီးဦးအောင်ဇံသည် ဆီးချို၊ သွေးတိုးစသည့်ရောဂါဖြစ်နေသည်မှာ ၂ နှစ်ခန့်ရှိနေပြီး ထိုလူကြီးရောဂါဖြင့် စစ်တွေမြို့၊ ဇီဝကအထူးကုဆေးခန်းတွင် စက်တင်ဘာလ ၆ ရက်၊ နံနက် ၇ နာရီက ကွယ်လွန်သွားခြင်းဖြစ်ကြောင်း စစ်တွေရှိ စာရေးဆရာအသိုင်းအဝိုင်းမှ သိရသည်။

ကန်တော့ခံ သက်ကြီးစာရေးဆရာ ကျွန်းသားငမန်းက "ဆရာကြီးက နေမကောင်းဖြစ်နေတာကြာပြီ။ အဝလွန်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း၊ ဆီးချို၊ သွေးတိုးရောဂါဖြစ်နေတာ ၂ နှစ်လောက်ကြာနေပြီ။ အိမ်မှာပဲနေတယ်။ အပြင်လည်း မထွက်ဖြစ်ဘူး။ သက်ကြီးရောဂါနဲ့ ဒီနေ့မနက်ကပဲ ကွယ်လွန်သွားတယ်" ဟု ပြောသည်။

ဆရာကြီးဦးအောင်ဇံသည် အင်္ဂလိပ်စာပြကျောင်းဆရာတစ်ဦးဖြစ်ပြီး ရခိုင့်သမိုင်းဖော်ထုတ်ရေးကို တစ်စိုက်မတ်မတ်လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။

 

ရခိုင့်သမိုင်းများကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုသည့် စာရေးဆရာတစ်ဦးလည်းဖြစ်ပြီး ဧည့်လမ်းညွှန်အလုပ်ကိုလည်း လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

 

ရခိုင်သမိုင်းများကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုသည့်ရခိုင်စာရေးဆရာများ လက် ၁ဝ ချောင်းထောင်၍ မပြည့်သည့်အထဲတွင် ဆရာကြီး ဦးအောင်ဇံလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး ဆရာကြီးဦးအောင်ဇံကွယ်လွန်သွားခြင်းသည် ရခိုင်ပြည်သမိုင်းအတွက် အင်္ဂလိပ်ဘာသာပြန်ရေးသည့် စာရေးဆရာများထဲမှ လစ်ဟာသွားသည့် ကွက်လပ်တစ်ခုဖြစ်သည်ဟု ဆရာကျွန်းသားငမန်း ပြောသည်။

"ဆရာကြီးဦးအောင်ဇံ ကွယ်လွန်သွားတာနဲ့ပတ်သက်လို့ပြောရရင် ရခိုင်ပြည်အတွက်၊ ရခိုင် သမိုင်းကြောင်းအတွက် ဆုံးရှူံးမှုတစ်ခုလို့ပြောချင်တယ်။ ဘာလို့ဆိုတော့ ရခိုင်နဲ့ပတ်သက်လာရင် အင်္ဂလိပ်ဘာသာနဲ့ ရခိုင်သမိုင်းရေးတဲ့လူကနည်းပါးကြတယ်။ လက် ၁ဝ ချောင်းထောင်လို့တောင် မပြည့်ဘူး။ အဲ့ထဲမှာဆရာကြီးလည်း ပါတယ်။ ရခိုင်သမိုင်းတွေကို ဘာသာပြန်ရေးတဲ့စာရေးဆရာထဲက လစ်ဟာသွားတဲ့ ကွက်လပ်တစ်ခုဖြစ်တယ်။ ဆရာကြီးဦးအောင်ဇံနဲ့ လက်တွဲလုပ်ဖူးတာမရှိဘူး။ ဒါပေမဲ့ အခါအားလျှော်စွာ စာပေအရေးတွေနဲ့ ပတ်သက်လို့ ညှိနိူင်းမှုတွေ။ မသိနားမလည်တာတွေကို ဆရာကြီးအပေါ် မေးမြန်းတာရှိတယ်။ ကျေးဇူးရှိတယ်။ သမိုင်းနဲ့ပတ်သက်လို့ နားမလည်တာရှိရင် ဆရာ့ကိုမေးခဲ့ရတယ်" ဟုပြောသည်။

ဆရာကြီး ဦးအောင်ဇံသည် စစ်တွေမြို့၊ အိုးတန်းရပ်ကွက်တွင်နေထိုင်ပြီး "မြောက်ဦးသား"ကလောင်အမည်ဖြင့် ရခိုင်သမိုင်းများကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခြင်း၊ ရခိုင်ဒေသထုတ် မဂ္ဂဇင်းများ၏ အင်္ဂလိပ် Section များတွင် အယ်ဒီတာတာဝန်ယူခြင်း၊ ရခိုင်သမိုင်းနှင့်ပတ်သက်သည့် ဆောင်းပါးများကို မြန်မာ-အင်္ဂလိပ်စသည့်ဘာသာများဖြင့်ရေးသားခဲ့ပြီး ရခိုင်သမိုင်းကို ကမ္ဘာ့စင်မြင့်ထက်သို့တွန်းပို့ခဲ့သည့် ရခိုင်သမိုင်းပညာရှင်တစ်ဦးဖြစ်သည်ဟုလည်း သိရသည်။

စာရေးဆရာ ဆရာအောင်ကြည်မိုး (သင်းပုန်းတန်း) က "ဆရာကြီးက သမိုင်းကိုသေချာလေ့လာပြီး သေချာဖော်ထုတ်တယ်။ ရခိုင့်သမိုင်းကို အင်္ဂလိပ်လိုရေးသားပြီး ရခိုင့်သမိုင်းကို နိုင်ငံတကာကသိနိုင်အောင် ချပြနိုင်တယ်။ လူတော်တစ်ယောက်ဖြစ်တယ်။ အနေအေးတယ်။ စာပေကိုချစ်မြတ်နိုးတယ်။ ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အတွက်လည်း အကြံတွေပေးခဲ့တယ်။ စာပေလောကအတွက်ကော့ ရခိုင့်သမိုင်းပြုစုသူတစ်ယောက်အတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှူံးမှုတစ်ခုဖြစ်တယ်" ဟု ပြောသည်။

ဆရာကြီးကွယ်လွန်ချိန်တွင် အသက် ၈၃ နှစ်ရှိပြီဖြစ်ပြီး မနက်ဖြန်တွင် ဆရာကြီး၏ ရုပ်လောင်းအား သင်္ဂြိုလ်သွားမည်ဟု သိရသည်။

Most read this week

September 27, 2024
မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့အား စက်တင်ဘာလ  (၂၅)  ရက်နေ့က အကြမ်းဖက် စစ်ကောင်စီက...
September 26, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ကျေးရွာအများအပြားမှ ရွာသူ ရွာသားများကို စစ်ကောင်စီက...
September 26, 2024
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက် လေယာဥ်ဖြင့်...
September 24, 2024
ရခိုင်ပြည်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်း(Pad) များ ရှားပါးမှုနှင့် ဈေးမြင့်တက်မှုများကြောင့်...