ပြောက်ကျားစစ်မှ တန်ပြန်ထိုးစစ်ဆင်နိုင်ရန် လိုအပ်ချက်များကို မဟာမိတ်များနှင့်အတူ ဖြည့်ဆည်းနေသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောကြားသည်။
" မဟာဗျူဟာခံစစ်(ပြောက်ကျားစစ်)ကနေ တန်ပြန်ထိုးစစ်ဆင်နိုင်ရေး လိုအပ်ချက်တွေ အမြန်ဆုံး ဖြည့်ဆည်းနိုင်ဖို့ NUGနဲ့ မဟာမိတ်တွေ အတူတကွ ကြိုးစားနေကြတယ်" ဟု ကာကွယ်ရေးဝန်ကြီးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
လေ့ကျင့်မှု စုဖွဲ့မှု ကောင်းသည့်တပ်များမှာ မြေပြင်တွင် ထိထိရောက်ရောက်လုပ်ကိုင်နိုင်သည်ကို တွေ့ရကြောင်း၊ စနစ်တကျ လေ့ကျင့်ကွပ်ကဲတပ်ဆင်ထားသည့် တပ်ရင်းတပ်ဖွဲ့ PDF များမှာ ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ပုံပေါ်လာပြီဟု NUG ဝန်ကြီးက ဆိုသည်။
"ဒီရက် အညာဒေသ ကသာ၊ ကောလင်း၊ ကန့်ဘလူနဲ့ တောင်ပိုင်း မြဝတီ၊ကော့ကရိတ်တို့က တိုက်ပွဲတွေကို ကြည့်ရင် ဒီအချက်ကို သိနိုင်တယ်။ PDFနဲ့ မဟာမိတ်တွေဟာ ရန်သူစစ်ကြောင်းတွေကို အထိနာအောင် ချေမှုန်းနိုင်ရုံသာမက အရာရှိတွေပါဝင်တဲ့ သုံ့ပန်းတွေ လက်ရဖမ်းနိုင်တာ၊စစ်လက်နက်ပစ္စည်းတွေ သိမ်းပိုက်နိုင်တာကိုပါ တွေ့လာရတယ်" ဟု ဦးရည်မွန်က ပြောသည်။
ဒေသကာကွယ်ရေးတပ်များအပြင် တော်လှန်ရေးအင်အားစုများအား ဒေသအလိုက် စုစည်းမှု၊ ကွပ်ကဲမှု ပိုအားကောင်းရန် အားစိုက်လုပ်ဆောင်နေသည်ဟု ဦးရည်မွန်ကပြောသည်။
"ကိုယ့်နယ်မြေထဲ ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ဗျူဟာမြောက် ချေမှုန်းနိုင်ဖို့အတွက်လည်း စနစ်တကျ ပြင်ဆင်လုပ်ဆောင်နေကြတယ်။ ရွာစဥ်လှည့် မီးတိုက်၊ လူသတ်နေတဲ့ အကြမ်းဖက်ငနဲတွေ ဘယ်နှစ်လခံမလဲ စောင့်ကြည့်ကြတာပေါ့" ဟု ဦးရည်မွန်က ရေးသားထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)