“အန်တီရေ ကြက်ဥအကွဲလေးတွေ ရသေးလား” မိန်းကလေးငယ်တစ်ဦး၏ အသံတိုးတိုးကို ကုန်ခြောက်ဆိုင်ရှင်၏ ဘေးနားတွင် ထိုင်နေသည့် ကျွန်တော် သေချာကြားလိုက်မိသည်။
ရန်ကုန်မြို့၏ စည်ပင်ဧရိယာအတွင်းရှိ မြို့နယ်တစ်ခုအတွင်းရှိ ရပ်ကွက်ကုန်ခြောက်ဆိုင်တစ်ခုအတွင်း မှာယူထားသည့် ဆန်အိတ်အမျိုးအစားကို ကျွန်တော်ရွေးချယ်စောင့်ဆိုင်းရင်း ကြားမိခြင်းဖြစ်သည်။
“နောက်နာရီဝက်လောက်နေမှ ပြန်လာခဲ့သမီးရေ ကြက်ဥတွေလာပို့လိမ့်မယ် အန်တီဖယ်ထားမယ်”ဟု ဆိုင်ရှင်အဒေါ်ကြီး၏ တုံ့ပြန်ပြောဆိုမှုကိုလည်း ကြားသိရသည်။
G&Gတံဆိပ်ရိုက်နှိပ်ထားသည့် မူရင်းအပြာရောင်မှ ဖျော့စပြုနေသည့် ထီးငယ်ကို လက်တစ်ဖက်မှ ကိုင်ကာ စတီးချိုင့်ငယ်ကိုပါ ပူးတွဲကိုင်ထားသည့် အဆိုပါ မိန်းကလေးငယ် ပြန်လှည့်ထွက်သွားသည်ကို မှိုခြောက်ပန်းခြောက် အထုတ်ငယ်များအကြားကနေ လှမ်းမြင်လိုက်ရသည်။ ကုမ္ပဏီတစ်ခုခုမှ ဝန်ထမ်းဖြစ်နိုင်သည်။
ကျွန်တော်မှာယူထားသည့် ဆန်အိတ်အတွက် နေအိမ်အပေါ်ထပ်ကို လိုက်လံပို့ဆောင်မည့် ဆိုင်ဝန်ထမ်းငယ်လေးမှာ ကုန်တစ်ခုသွားပို့နေရခြင်းကြောင့် အဆိုပါဆိုင်တွင် အချိန်အတန်သင့် ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းဖြစ်သည်။
စျေးဝယ်သူနည်းပါးနေခြင်းကြောင့် ဆိုင်ရှင်အဒေါ်ကြီးမှ ရေခဲရေ တစ်ဘူးလာပေးကာ စကားအားဖြင့် ဧည့်ခံသည်။
ပုံမှန်အားဖြင့် ယခုလို ဆိုင်မျိုးကို ကျွန်တော်မရောက်ဖြစ်၊ အွန်လိုင်းမှ မှာယူသည့် ဆန်မှာ စားမကောင်းဟု ဆိုသောကြောင့် ကိုယ်တိုင်ရွေးချယ်ဝယ်ယူရန် ရောက်ရှိလာခြင်းဖြစ်သည်။
ဆိုင်ရှင်အဒေါ်ကြီး၏ ဧည့်ခံစကားများတွင် ကုန်စျေးနှုန်းတက်လာ၊ အလုပ်တွေအဆင်မပြေဘူး ဟုဆိုသည့် စကားမှာ ကိစ္စရပ်တစ်ခုတွင် ငါးကြိမ်ထက်မနည်း ပါဝင်နေသည်။ ကြက်သွန်နီတစ်ပိဿာ ၂,၅၀၀ဟုလည်း သူပြောသည်။ ယနေ့ရောင်းရသည့် အမြတ်သည် နောက်ရက်များတွင် အရင်းအဖြစ်တောင် ပြန်လည်ဝယ်ယူဖို့ ခက်ခဲသဖြင့် နေ့စဉ် မြင့်တက်နေသည့် စျေးနှုန်းများကို ဖုန်းဆက်သွယ်မေးမြန်းကာ လိုက်လံ စျေးတင်ရောင်းနေရကြောင်းလည်း သူပြောသည်။
ထိုစဉ် “အန်တီရေ ကြက်ဥရပြီလား”ဟု မေးမြန်းသံကြားရချိန် မှိုခြောက်ပန်းခြောက် အိတ်ငယ်များအတွင်းမှပင် ထပ်မံကြည့်မိသည်။ ရုံးအဝတ်အစားများကို မလဲနိုင်သေးဟုထင်သည် စတီးချိုင့်ကိုင်ထားသည့် နေရာတွင် အသီးအရွက်အချို့ကို ပြောင်းလဲကိုင်ထားသည်မှ လွဲကာ ကျွန်တော် ပထမအကြိမ်တွေ့ဆုံစဉ် အချိန်ကာလ၏ အသွင်နှင့် ထပ်တူပင်ဖြစ်သည်။
ကျွန်တော်ထိုင်နေသည့် ခုံအရှေ့တွင် ကြက်ဥကဒ် သုံးကဒ်ခန့် မြင်နေရသည်။ ကျွန်တော့် အသိတွင် ဤဆိုင်တွင် ကြက်ဥရှိသည်။
“မရောက်သေးဘူးသမီးရေ နောက်တစ်ခေါက် လှည့်လာခဲ့နော် ချန်ထားမယ်”ဟု ဆိုင်ရှင်အဒေါ်ကြီးက တုံ့ပြန်သည်။
ကျွန်တော့် မျက်လုံးများမှာ ကျွန်တော့်ခုံအရှေ့ရှိ ကြက်ဥကဒ်များကို ကြည့်နေသည်ကို ဆိုင်ရှင်အဒေါ်ကြီး မြင်တွေ့သည်။
“ကြက်ဥအကွဲတွေမေးတာ မောင်လေးရေ့၊ ခြံတွေက လာပို့ရင် အကွဲတွေ အက်ရာတွေ ပါတာက ကြာကြာမခံတော့ အဲ့ဒါတွေကျ စျေးနည်းတယ်လေ တစ်လုံးမှ ၁၅၀ပဲရှိတာ”ဟု ဆိုသည်။
အတော်အံ့ဩခဲ့ရသည် ကြက်ဥအကွဲတစ်လုံး ၁၅၀။ ဘာတွေများ ဖြစ်ကုန်သည်လဲ။
မှန်သည် ကြက်ဥအကွဲတစ်လုံးကို ၁၅၀ကျပ်၊ ကြက်ဥအကောင်းတစ်လုံးကို ၂၂၀ကျပ်မှ ၂၅၀ကျပ်အထိ စျေးနှုန်းဖြစ်နေသည်။ ငယ်စဉ်က နေအိမ်တွင် မိဘများမှ ကြက်ဥကြော်ကျွေးလျှင် ထမင်းမစား၊ ဘဲဥချဉ်ဟင်းဆိုလျှင် ရွှေခေါင်းပြောင် မစားချင်ဘူးဟု ဂျီတိုက်ခဲ့သော ကျွန်တော်သည် ကြက်ဥသည် တန်ဖိုးကြီးအရာအဖြစ်သို့ ပြောင်းလဲသွားပြီလားဟု အံ့ဩရသည်။
ဆန်အိတ်လိုက်ပို့မည့် ဆိုင်ကူလုပ်သားလေး ပြန်ရောက်ရှိချိန်မှာ မိုးရွာသွန်းလာခြင်းကြောင့် ကျွန်တော် ဆိုင်အတွင်း ဆက်ထိုင်နေခဲ့ရသည်။ မိုးရွာသွန်းမှုကြောင့် ကုန်ခြောက်ဆိုင်အတွင်းတွင်လည်း စျေးဝယ်သူများ ရှင်းလင်းနေခဲ့သည်။
ကျွန်တော် ကြက်ဥကို စိတ်ဝင်စားနေကြောင်း ဆိုင်ရှင်အဒေါ်ကြီး ရိပ်မိပုံရသဖြင့် ကြက်ဥအကွဲလာဝယ်သည့် အဆိုပါ မိန်းကလေးငယ်အကြောင်းကို ပြောပြနေသည်။
အဆိုပါ မိန်းကလေးငယ်သည် အတော်သင့်အောင်မြင်နေသည့် အွန်လိုင်းရှော့ပင်းဆိုင်တစ်ခုတွင် အလုပ်လုပ်နေသူဖြစ်သည်။ လက်ရှိ ကုန်ဆိုင်နေရာဖြင့်ဆိုပါက အနောက်ဘက် တစ်လမ်းသာခြားပြီး ဤဆိုင်၏ ဖောက်သည်သဖွယ် ဖြစ်သည်။
လစာအားဖြင့် တစ်လလျှင် မုန့်ဖိုးများအပါအဝင် လေးသိန်းနီးပါးရသည်ဟုဆိုသည်။ မနည်းလှသည့် လစာဟု မှတ်ထင်မိသည်။ ၎င်းတွင် အဆုတ်မကောင်းသည့် မိခင်တစ်ဦးရှိသည် ဖခင်သည် ကိုဗစ်ဒုတိယလှိုင်းတွင် ဆုံးပါးသွားခဲ့ကြောင်း ဆိုင်ရှင်အဒေါ်ကြီးက ပြောသည်။
ပုံမှန်အားဖြင့် လစဉ် လေးသိန်းနီးပါး ဝင်ငွေရှိပြီး မိသားစုနှစ်ဦးတည်းရှိသည့် မိသားစုသည် ကျပ်တည်းမှုမရှိဟု ထင်မြင်မိသည်။ ဆိုင်ရှင်အဒေါ်ကြီး ပြောဆိုချက်များကို နားထောင်ရင်း “သူက ကြက်ဥအကွဲကို ဘာလုပ်ဖို့လဲ အစ်မကြီး”ဟု ကနဦးကတည်းက သိချင်နေသည့် မေးခွန်းကို အမြန်သာ မေးမြန်းမိသည်။
“သူ့အမေ နေမကောင်းတော့ ကြက်ဥကို နေ့တိုင်းသူကကျွေးတယ်လေ အားရှိအောင်လို့ သူ့အမေအတွက် လာလာဝယ်တာ ၊ ဥ အကောင်းက စျေးကြီးတော့ သူမတတ်နိုင်ဘူးလေ၊ သူ့လိုပဲ ဥကွဲတွေ လာဝယ်တဲ့သူတွေ အများကြီးပဲ အစ်မဆီမှာ ဥကွဲက ပိုရောင်းရတယ် ဥကောင်းကို မောင်လေးတို့လို သူဌေးတွေပဲစားနိုင်တာ”ဟု ဆိုသည်။
လစဉ် လေးသိန်းနီးပါး ဝင်ငွေရှိသည်ဟု ကနဦး သိထားမှုအရ အမေအတွက်ကို ကြက်ဥအကွဲပဲ ကျွေးသလားဆိုသည့် မေးခွန်းက ကြားဖြတ်မေးမိမလို ဖြစ်ခဲ့သည်။ ကျွန်တော့်မေးခွန်း ရှေ့မဆက်ဖြစ်ခဲ့ဘဲ ဆိုင်ရှင်အဒေါ်ကြီးကသာ အဖြေများကို ဆက်တိုက်လာခဲ့သည်။
၁၀ပေ ၅၄ပေအကျယ်ရှိသည့် နေအိမ်တစ်ခုတွင် အခန်း ငါးခုကန့်ထားပြီး အဆောင်သဖွယ်ဖွင့်လှစ်ထားသည့် နေအိမ်တွင် အဆိုပါ မိန်းကလေးငယ်နေသည်ဟု ဆိုသည်။ အဆောင်လခသည် တစ်လလျှင် ငါးသောင်းကျသည်။ ရေဖိုး မီးဖိုး အမှိုက်ခွန်များအတွက် တစ်သောင်းထပ်မံပေးရသည်ဟု ဆိုသည်။ ဒါ့အပြင် အဆင့်ဆင့်မြင့်တက်လာသည့် ကုန်စျေးနှုန်းများအကြောင်း သူ့ဆိုင်အတွင်းရှိ ကုန်ခြောက်ပစ္စည်းများကို လက်ညှိုးတစ်ထိုးထိုးဖြင့် ပြသကာ ရှင်းပြသည်။ နေ့စဉ် စျေးနှုန်းမြင့်တက်နေခြင်းကြောင့် ကုန်ပစ္စည်းများပေါ်တွင် စျေးနှုန်းများပါ ရေးသားထားနိုင်ခြင်းမရှိတော့ဘဲ စာအုပ်အတွင်းမှသာ မှတ်ထားရသည်ဟု ဆိုသည်။ သူတွက်ပြသည့် စျေးနှုန်းများအရ ကုန်ကျစရိတ်များအရ အဆိုပါ မိန်းကလေးငယ် ဘာ့ကြောင့် ကြက်ဥအကွဲသာ ဝယ်ရသလဲဆိုသည့် မေးခွန်းကို ရှေ့မဆက်ဖြစ်တော့။
မိုးလည်းတိတ်သွားပြီဖြစ်သောကြောင့် မေးခွန်းလည်း ရှေ့မဆက်ချင်တော့ ဆန်အိတ်လိုက်ပို့သည့် ဆိုင်ဝန်ထမ်းကောင်လေး၏ သုံးဘီးတွဲဆိုင်ကယ်လေးကိုသာ ကပ်စီးပြီး နေအိမ်ပြန်လာခဲ့ရသည်။
စစ်ကောင်စီမှ အာဏာမသိမ်းယူမီအချိန်တွင် တစ်လ ဝင်ငွေ သုံးသိန်းကျော်ရှိသည့် ပြည်သူတစ်ဦးသည် နေနိုင်စားနိုင် လူလတ်တန်းအဖြစ် မှတ်ယူနိုင်သည်။ ကျွန်တော် ဆုံတွေ့ခဲ့ရသည့် အမျိုးသမီးငယ်သည် တစ်လလျှင် လေးသိန်းနီးပါး ဝင်ငွေရှိသည်။ ပုံမှန်အားဖြင့် အဆင်ပြေနေရမည့် မိသားစုတစ်စု ဖြစ်သည်။
ကျွန်တော်တို့ နိုင်ငံ ဘာတွေ ဖြစ်ကုန်ပြီလဲ။ မင်းအောင်လှိုင် အာဏာသိမ်းယူအပြီး တစ်နှစ်ကျော်ကာလသည် မြန်မာတစ်နိုင်ငံလုံး ပျက်စီးခြင်းအလုံးစုံကို ဖြစ်နေစေသည်။ စားအုန်းဆီဘူးလေး တစ်ဘူးရဖို့ တန်းစီတိုးဝှေ့ ဝယ်ယူရသည်။ ယခင်ကလို စူပါမားကပ်ကြီးပေါ်တွင် အေးဆေးသက်သာစွာ ဝယ်ယူလိုပါက စျေးနှုန်းမှာ နှစ်ဆမက။ စက်သုံးဆီ တန်းစီကာ ဝယ်ယူရသည်။ ဆန်တစ်အိတ်သက်သာစွာ ဝယ်ယူနိုင်ဖို့ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်လိုနေပြန်သည်။ နေရာတိုင်းသည် ဒုစရိုက်နယ်မြေများ ဖြစ်နေပြီဖြစ်သည်။
အခြေခံစားသောက်ကုန်များအတွင်း ပါဝင်သည့် ကြက်ဥဆိုသည့် အရာကိုပင် ကောင်းမွန်စွာ ဝယ်ယူစားသောက်နိုင်ခြင်းမရှိဘဲ ကြက်ဥကွဲဆိုသည်ကိုသာ တောင်းတဝယ်ယူရသည့် မိသားစုများ များပြားလာသည်။ ကျွန်တော်တို့ နိုင်ငံ ဘာတွေဖြစ်ကုန်ပြီလဲ။ သေချာသည်က ဒီလူတစ်ခုဆက်ရှိနေ ဆက်အုပ်စိုးနေမည်ဆိုရင် အလုံးစုံပျက်စီးတော့မည်ဖြစ်သည်။ ။
စာတည်း - သန့်ဇော်(သန်လျင်)