အခြေခံစားသောက်ကုန်နှင့် ကုန်စျေးနှုန်းများ အတက်ဘက်သို့သာ ဦးတည်ဖွယ်ရှိ

အခြေခံစားသောက်ကုန်နှင့် ကုန်စျေးနှုန်းများ အတက်ဘက်သို့သာ ဦးတည်ဖွယ်ရှိ

ဒေါ်လာစျေးမြင့်တက်ခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ စားဝတ်နေရေးခက်ခဲခြင်းတို့ဖြင့် နိုင်ငံရေးအကျပ်အတည်းများ ရင်ဆိုင်နေရချိန်တွင် အခြေခံစားသောက်ကုန်နှင့် ကုန်စျေးနှုန်းများကလည်း သိသိသာသာ အတက်ဘက်သို့သာ ဦးတည်ဖွယ်ရှိနေကြောင်း ကုန်ရောင်းကုန်ဝယ်လုပ်ကိုင်သူများအသိုင်းအဝိုင်းကတစ်ဆင့် သိရသည်။

“ကျွန်တော်တို့က ကုန်စျေးနှုန်းတွေတက်တဲ့အကြောင်းပြောမယ်ဆိုရင် ဆန်အကြောင်း ဆီအကြောင်းလောက်ပဲ ပြောလို့မရဘူး၊ မီးဖိုချောင်သုံး စားသောက်ကုန်ခြောက်၊ ကုန်စိမ်း၊အစို အကုန်ထည့်ပြောရမယ်၊ နောက်ပြီး ခန့်မှန်းလည်း ပြောလို့မရဘူး၊ အရင်တစ်နှစ်က ဘယ်စျေး၊ အခု နှစ်အစမှာ ဘယ်လောက်၊ နောက်ပြီး လက်ရှိကာလမှာ သတင်းတစ်ခုခုထွက်လာတာနဲ့ မတည်မငြိမ်ဖြစ်လာတာတွေကိုပါ တွက်ချက်ကြည့်လိုက်တော့ ထပ်တက်မှာ၊ သေချာသလောက်ရှိတာမဟုတ်ဘူး၊ အိမ်နားကစျေးဆိုင်မှာတင် ဝယ်နေကျအရာတွေက အရင်တစ်လစျေးနဲ့ အခုတစ်လစျေးမတူဘူး၊ ဘယ်တော့စျေးပြန်ကျမလဲဆိုတာလည်း မျှော်လင့်လို့မရပြန်ဘူး၊ ခင်ဗျားမှာ ပိုက်ဆံရှိရင် ဒီနေ့ဝယ်ထားလိုက်၊ နောက်နေ့ ဒီစျေးနဲ့ရချင်မှာရတော့မှာ။” ဟု ပွဲရုံလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ဆန်စပါးစျေးမှာ ယခင်ထက် နှစ်ဆ ကျော်မြင့်တက်လျက်ရှိကြောင်း သိရပြီး ပြည်တွင်းစစ်လည်း ဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် နောက်နှစ်များတွင် ဆန်ပြတ်လပ်မှု(သို့) ကုန်စျေးနှုန်းများအဆမတန်မြင့်တက်မှု ဖြစ်လာနိုင်မည်လောဟု စိုးရိမ်ပူပန်မှုများကလည်း ပြည်သူများအကြား ဖြစ်ပေါ်နေလျက်ရှိသည်ကို သိရသည်။

“အခုဆို ရွေဘိုပေါ်ဆန်း ထိပ်စက တစ်ပြည်ကို ၃,၄၀၀၊ တစ်အိတ်ကို ၇၇,၀၀၀ ထိဖြစ်သွားပြီ၊ စျေးတွေက ခုန်ခုန်တက်သွားတာ တစ်အားကို၊ ဒါက ဒီဆန်စျေးနှုန်းတစ်ခုထဲ ပြောတာနော်၊ စျေးဆိုင်မှာ ဆန်အမျိုးမျိုး၊ ဆီဆိုလည်း တံဆိပ်အမျိုးမျိုးရှိတယ်၊ အဲ့လောက်စျေးကြီးနေတော့ ဆီပုံးဆိုလည်း ငါးပိဿာပုံးကနေ သုံးပိဿာပုံးလောက်လျော့သုံးရင် သက်သာမလားပေါ့၊ ဒါပေမယ့် နောက်ဆိုရင် ပိုပြီးစျေးတက်မှာလည်း ကြောက်နေရတယ်၊ ကြက်သွန် ဖြူ၊ နီ၊ ဂျင်း၊ အာလူးတို့ကလည်း မလိုမဖြစ်လေ၊ အဲ့ဒါတွေပါ အကုန်တက်နေတာ၊ ငြုပ်သီးမှုန့်တို့ရောပေါ့၊ ဝင်ငွေက တိုးမလာဘဲနဲ့ ကုန်စျေးနှုန်းက လည်ပင်းလောက်ရောက်လာတော့ အကျပ်အတည်းတွေဖြစ်ကုန်တာပေါ့၊ ပြည်သူတွေကြုံနေရတာ ဒါတစ်မျိုးထဲမဟုတ်လေ။” ဟု ပြည်သူအချို့က ပြောသည်။

ရပ်ကွက်တွင်း ထမင်းဆိုင်များမှလည်း ကုန်စျေးနှုန်းဒဏ်ကို တောင့်ခံနေရကြောင်း ကြားသိရသည်။

“စျေးသွားရင် ဘာမေးမေးစျေးတက်နေတော့ စျေးသည်နဲ့ကိုယ်လည်း အကြည့်ချင်းဆုံပြီး တအံ့တသြဖြစ်နေရတာကလွဲလို့ ဘာမှလုပ်မရဘူး၊ အဲ့တော့ ကိုယ်က ဟင်း၊ ထမင်းချက် ပြန်ရောင်းရတဲ့သူမလား၊ ဟင်းပွဲကို စျေးတက်မလား၊ တစ်ပွဲမှာ အရင်ကထက် လျှော့ထည့်မလား၊ ဒါပဲစဉ်းစားရတော့တယ်၊ ကြက်ဥတောင် ၂၀၀ ကျော်နေပြီ။ တစ်ပွဲကို ၅၀၀ နဲ့ဘယ်လိုမှရောင်းမရတော့ဘူး၊ အသားဟင်းဆိုပြောမနေနဲ့တော့၊ ငွေ ၁,၅၀၀ လောက်နဲ့ အဝစားနိုင်အောင် ပြင်ပေးဖို့က မလွယ်တော့ဘူး၊ လာစားတဲ့သူတွေကို ဘာကဘယ်စျေးဖြစ်သွားပြီ စျေးတွေတက်သွားလို့ပါဆိုတာ ပြောရမှာ အားနာတယ်၊ အဲ့ဒါစျေးရောင်းသူတိုင်း ခံစားဖူးတယ်၊ ဒါပေမယ့် ကိုယ်ကလည်း စီးပွားရေးလုပ်နေရတာ၊ တတ်နိုင်သလောက်တော့ တောင့်ခံနေပါတယ်၊ ရောင်းသူ ဝယ်သူ အချင်းချင်း နားလည်ပေးမှပဲ ရမယ်။” ဟု ဆိုသည်။

ရန်ကုန်မြို့တွင် ကုန်စိမ်း၊ ကုန်ခြောက်၊ စားသောက်ကုန်နှင့် ဆက်စပ်ပစ္စည်းများကို လက်လီလက်ကားအများဆုံးရောင်းချပေးနေသည့် စျေးကြီးများဖြစ်သော ညောင်ပင်လေးစျေး၊ သိမ်ကြီးစျေး၊ သံစျေး၊ ဘုရင့်နောင်စျေး၊ သီရိမင်္ဂလာစျေးတို့တွင် ကုန်ရောင်းချနေသော စျေးဆိုင်ပိုင်ရှင်ကြီးများမှလည်း ယခုလို မတည်မငြိမ်ဖြစ်ပြီး အတက်ဘက်သို့သာ ဦးတည်နေသော စျေးနှုန်းများကြောင့် ကုန်ပစ္စည်းများများလှောင်မိသူတို့အဖို့ အရှုံးပေါ်ရကြောင်းနှင့် လက်လီဝယ်ယူသူများလည်း ပစ္စည်းပြတ်မည်ကိုစိုးရိမ်၍ များများဝယ်ယူစုဆောင်းထားခြင်းများ မပြုလုပ်သင့်ကြောင်း ဆိုကြသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြည်တွင်းနှင့်ပြည်ပ ဖိအားများကြောင့် ယခင်နှစ်တွင် သိသိသာသာကျုံ့သွားခဲ့ပြီးနောက် ပြန်လည်နာလန်ထူရေးနှောင့်နှေးလျက်ရှိပြီး ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်တွင် လူဦးရေ ၄၀ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ရောက်ရှိနေကာ ဆယ်စုနှစ်တစ်ခုစာကြိုးပမ်းမှုဖြစ်သည့် ဆင်းရဲမှုလျှော့ချရေးဆောင်ရွက်ချက်များ နောက်ပြန်လှည့်လျက်ရှိကြောင်း ကမ္ဘာ့ဘဏ်က ယခုလအတွင်း ထုတ်ပြန်ထားသည်။

November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...
October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...