အင်အားဖြည့်တင်းရန်အတွက် စစ်ကောင်စီက ဗိုလ်လောင်းများကို အသက်ကန့်သတ်ချက်ပြင်ဆင်၍ ခေါ်ယူနေ

အင်အားဖြည့်တင်းရန်အတွက် စစ်ကောင်စီက ဗိုလ်လောင်းများကို အသက်ကန့်သတ်ချက်ပြင်ဆင်၍ ခေါ်ယူနေ
တိုက်ပွဲတစ်နေရာတွင် ဖမ်းဆီးခံရသော စစ်သားတစ်ချို့
တိုက်ပွဲတစ်နေရာတွင် ဖမ်းဆီးခံရသော စစ်သားတစ်ချို့

စစ်တက္ကသိုလ်(DSA)၊ စစ်နည်းပညာတက္ကသိုလ်(DSTA)၊ စစ်ဆေးတက္ကသိုလ် DSMA ၊ DSMA (အမျိုးသမီး) စစ်ဗိုလ်လောင်းများအတွက် ယခု ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများကို ခေါ်ယူရာတွင် အသက်ကန့်သတ်ချက်ကို ခြောက်လထပ်မံတိုးမြှင့်ပြီးခေါ်ယူခဲ့သည်။

ဇွန်လ ၂၂ ရက် စတင်ခေါ်ယူစဉ်က စစ်ကောင်စီတပ်ဗိုလ်လောင်းသင်တန်းများအတွက် အသက်ကန့်သတ် ချက်ကို ၁၆ နှစ်အထက် ၁၈ နှစ်အောက်သို့ခေါ်ယူရာမှ ယနေ့တွင် အသက် ၁၆ နှစ် အထက် ၁၈ နှစ် ၆ လ အထိ ခြောက်လပြင်ဆင်တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် စစ်ကောင်စီလက်အောက်ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုဗစ်ကာလအတွင်း ဆိုင်းငံ့ခဲ့ရသည့်အတွက် အသက်ကျော်လွန်မှုများရှိနေ၍ မိဘများတောင်းဆိုမှုများ ကြောင့် ယခုကဲ့သို့ခြောက်လတိုးမြှင့်ပေးခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြ ထားသည်။

“အသက်က မတိုးလို့ကိုမရတော့တာ။ covid ကြောင့် တစ်နှစ်အောက်တဲ့အတွက်အပြင် ဝင်မယ့်သူ မရှိ တာလည်းပါတယ်။ ဝင်ချင်သူတွေအတွက်ကလည်း အသက်ကကြီးနေတယ်။ နောက်ဆုံး ဝင်သူအရမ်း နည်းသွားရင် တစ်နှစ်အထိ ထပ်ပြင်ဆင်နိုင်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီက ၎င်းတို့လက်အောက်တွင် အောင်မြင်ခဲ့သည့် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ကျောင်းသူများကို စစ်တက္ကသိုလ်များတက်ရောက်ရန် ခေါ်ယူနေခြင်းဖြစ်သည်။

စစ်အာဏာ သိမ်းပြီးနောက် ယမန်နှစ်ကစ၍ စစ်ကောင်စီတပ်အရာရှိသင်တန်းများကို လျှောက်ထားသူလျော့နည်း လာသည်ဟု CDM စစ်သားများထံမှ သိရှိရသည်။

အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီသည် စစ်ဆေးတက္ကသိုလ်များတွင် တာဝန် ထမ်းဆောင်ရန်အတွက် အမျိုးသမီးများကိုခေါ်ယူနေသည်ကိုလည်း တွေ့ရသည်။

အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာသည့် ပြည်သူ့ခုံခံစစ်များကြောင့် စစ်ကောင်စီတပ်များသည် အမျိုး သားညီညွတ်ရေးအစိုးရကဖွဲ့စည်းထားသည့် PDF များအပြင် တော်လှန်ရေးအင်အားစုအသီးသီး၏ တိုက်ခိုက်မှုကိုခံနေရပြီး နေ့စဉ်နှင့်အမျှအင်အားပြုန်းတီးမှုနှင့်ရင်ဆိုင်နေရသည့်အတွက် စစ်တပ်အင်အား အများအပြား လိုအပ်လျက်ရှိနေသည်။

တစ်ဖက်တွင်လည်း တက္ကသိုလ်ဝင်တန်းအောင်ပြီးစလူငယ်များအနေဖြင့် ပညာသင်ကြားရန်အခွင့် အလမ်းနှင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာခြင်းများကြောင့် စစ်တပ်အတွင်းသို့ဝင်ရောက်ရန် စဉ်း စားသူများရှိနိုင်ကြောင်း ခန့်မှန်းသူများလည်းရှိနေသည်။

CDM ဗိုလ်ကြီးဇင်ယော်က “DSA ၊ DSTA ၊ DSMA တွေက သင်တန်းတက်ရင်း လစာရတာဆိုတော့ ကျောင်းဆင်းပြီးရင် ပြေးတာကလည်း ဆရာဝန်နဲ့ အင်ယာတွေပါဘဲ အခုလည်းပြေးကြမှာပဲ” ဟု မှတ် ချက်ပြုသည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် အခြေအနေသည် ယခင်အာဏာရှင်လက်ထက် ၂၀၀၀ ခုနှစ် ဝန်းကျင် များကကဲ့သို့ဖြစ်နေပြီး လူငယ်များအနေဖြင့် ရွေးချယ်စရာမနည်းပါလာကြောင်း အဆိုပါ နှစ်ကာလများက စစ်တက္ကသိုလ်တက်ရောက်ခဲ့ဖူးသူများကဆိုသည်။

“ကိုယ်တွေတုန်းက လုပ်စရာကမရှိတော့ စတိုးဆိုင်စာရေးလောက်ဆိုရင် တော်တော်ဟုတ်နေတဲ့ကာလ ဆိုတော့ စစ်ထဲဝင်တာပဲကောင်းတယ်ဆိုပြီး ဝင်ခဲ့ကြတယ်။ အဓိကက ပညာရေးနဲ့ အလုပ်အကိုင်အခွင့် အလမ်းပေါ့။ အခုတော့ ဘယ်လိုလာကြမလဲမသိဘူး” ဟု ၂၀၀၀ ခုနှစ်က တပ်မတော်နည်းပညာကောလိပ် သို့ ဝင်ရောက်ခဲ့ဖူးသူတစ်ဦးက ဆိုသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီတပ်၏ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းမှုများ ကြောင့် နေရာအသီးသီရှိပြည်သူလူထုအနေဖြင့် ၎င်းတို့ကို ဖက်ဆစ်စစ်တပ်အဖြစ်မြင်လာကြပြီး ရွံရှာ မုန်းတီးမှုများဖြစ်ပေါ်လာခဲ့သည်။

ထို့အတွက်ကြောင့် စစ်တပ်နှင့်ပတ်သက်သည့် ထုတ်ကုန်များ၊ လူပုဂ္ဂိုလ်များ၊ ဇနီးမယားများနှင့် ၎င်းတို့၏ မိသားစုများကို လူ့အဖွဲ့အစည်းတွင် မရှိသင့်သူများအဖြစ် ဖယ်ကြဉ်မှုများပြုလုပ်လျက်ရှိနေသည်။ အချို့ တပ်မိသားစုဝင်များဆိုလျှင် ယခင်ကဧည့်ခန်းတွင် ချိတ်ဆွဲထားတတ်သည့် တပ်ယူနီဖောင်းနှင့်ပုံများကို ပင်ဖြုတ်သိမ်းထားကြရသည်။

လက်ရှိအချိန်တွင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာသော်လည်း ပြည်သူလူထု၏ဖယ်ကြဉ်မှုနှင့် နေရာတိုင်းတွင်စစ်ဖြစ်နေသော စစ်ကောင်စီတပ်အတွင်းသို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးစ သား သမီးများကိုပို့ဆောင်ရန် တပ်မိသားစုဝင်များကပင်စဉ်းစာနေကြကြောင်း တပ်တွင်းသတင်းရင်းမြစ်များ ထံမှသိရသည်။

မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...