၂၀၁၄ ခုနှစ်မှ စတင်ကာ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာခဲ့သည့် နော်ဝေနိုင်ငံအခြစိုက် Telenor Group မှ ပိုင်ဆိုင်သော Telenor Myanmar(လုပ်ငန်းခွဲ) အား အာဏာသိမ်းပြီးနောက်ပိုင်း ပိုင်ရှင်သစ်လွှဲပြောင်းခဲ့ရာ ၎င်းလုပ်ငန်းမှ နုတ်ထွက်သည့်ဝန်ထမ်း အများအပြားရှိလာသည်ဟု ဝန်ထမ်းဟောင်းများထံက တဆင့် သိရသည်။
ဝန်ထမ်းများနုတ်ထွက်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး တယ်လီနောမြန်မာတွင်လုပ်ကိုင်ခဲ့ဖူးသော အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက “တချို့ကလည်း ပိုင်ရှင်ပြောင်းသွားလို့ ပုံမှန်ဆိုရင်လည်း အလုပ်အကိုင်အခွင့်အလမ်းပိုကောင်းတာရှိရင် ထွက်ကြပါတယ်။ ဒါပေမဲ့ ခုတော့ ပိုများတယ်” ဟု ဆိုသည်။
တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတွင် လည်ပတ်နေသော ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး အာဏာသိမ်းကာလမှ စတင်ကာ စစ်ကောင်စီ၏ ဖိအားများ ရရှိပြီးနောက်ပိုင်းတွင် တယ်လီနောဂရုသည် မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုများကို မေလတွင်ဖြတ်တောက်ပစ်ခဲ့သည်။ ထို့နောက် ဇူလိုင်လတွင် လဘနွန်နိုင်ငံအခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group သို့ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ လုပ်ငန်းအား ရောင်းချခဲ့မှုနှင့် ပတ်သက်ပြီး တယ်လီနောမြန်မာမှ ဝန်ထမ်းများက“တယ်လီနောက စစ်တပ်ပိုင်ဖြစ်တယ်။ မဖြစ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ အရင် သတင်းတွေထဲက အတိုင်း M1 က ၂၀ ရာခိုင်နှုန်း၊ SBP(ရွှေဗျိုင်းဖြူ) က ၈၀ ရာခိုင်နှုန်း ရှယ်ယာပိုင်တယ်ဆိုတာပဲ သိကြတယ်။ အရောင်းအဝယ်လုပ်ခဲ့တာကတော့ M1 Group နဲ့လို့ပဲ သိရပါတယ် ” ဟု ပြောသည်။
အရောင်းအဝယ်ဖြစ်မြောက်မှုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က ၂၀၂၂ ခုနှစ် မတ်လက အတည်ပြုခဲ့ပြီး အရောင်းအ၀ယ်လုပ်ငန်း၏ ပထမပိုင်းကို ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် အပြီးသတ်ခဲ့ရာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ထိန်းချုပ်မှုအား ပိုင်ရှင်အသစ်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ လွှဲပြောင်းပြီးနောက် ပြည်သူများ စိုးရိမ်သလို တယ်လီနောသုံးစွဲသူများ၏အချက်အလက်များကို စစ်ကောင်စီက ရရှိသွားနိုင်ခြင်း ရှိ၊ မရှိမေးမြန်းရာ “သုံးစွဲသူတွေရဲ့အချက်အလက်တွေကို အရင်ထဲက ဆက်သွယ်ရေးဝန်ကြီးဌာနက
တောင်းရင် ပေးရတယ်။ ဒါပေမဲ့ အဲ့ဒါက လျို့ဝှက်လုပ်ဆောင်ရတာပါ။ အာဏာမသိမ်းခင်ထဲကဆိုပါတော့ ဥပမာပြောရရင် အမှုအခင်းကိစ္စတွေနဲ့ပတ်သက်လာရင် အခုတော့ ပြဿနာက အချက်အလက်တောင်းရတာ ပိုလွယ်သွားမလားပေါ့” ဟု ဝန်ထမ်းဟောင်းတစ်ဦးက ဖြေကြားသည်။
သို့သော် ပုံမှန်အနေအထားတွင် သုံးစွဲသူ၏ အချက်အလက်ကို ၎င်း၏ မိသားစုဝင်များပင် တောင်းယူ၍မရကြောင်း ဆိုသည်။
မည်သို့ပင်ဖြစ်စေ ပြည်တွင်းဖုန်းလိုင်းများကို အသုံးပြု ဆက်သွယ်နေရသူများ အနေဖြင့် သတိမူသင့်သည်များကိုလည်း ဆက်သွယ်ရေးအော်ပရေတာတစ်ခုတွင်အလုပ်လုပ်ခဲ့ဖူးသူတစ်ဦးက ယခုကဲ့သို့ ပြောသည်။
“အရေးကြီးတာတွေကိုတော့ online application တွေပေါ်ကပဲ ပြောပါ။ ဒါကတော့ လုံခြုံရေးအတွက်ပါ။ ဖုန်းကနေ location track(တည်နေရာခြေရာခံခြင်း) လုပ်တာကို အနီးစပ်ဆုံး လုပ်လို့ရလို့ပါ။ ဘယ် Operator ဖြစ်ဖြစ်ပါ။” ဟု သတိပေးပြောကြားခဲ့သည်။
အာဏာသိမ်းစ ကာလတွင် တယ်လီနောသုံးစွဲသူဦးရေက တက်လာခဲ့သော်လည်း ယခုကဲ့သို့ စစ်တပ်နှင့်ဆက်နွှယ်နေသော မိတ်ဖက်လုပ်ငန်းများကို ရောင်းချလိုက်ခြင်းကြောင့် လုံခြုံရေးဆိုင်ရာ ပြဿနာများကို စိုးရိမ်မှုများရှိလာကြသည့်အတွက် သုံးစွဲသူဦးရေ လျော့ကျမှုများရှိလာကြောင်း ကြားသိရသည်။
ယင်းအပြင် ဒေတာများစျေးတက်ရန် ဆက်သွယ်ရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်ကြောင့်လည်း ပါသည့်အပြင် စျေးနှုန်းများမြင့်တက်သွားသဖြင့် ယခင်ကလောက် မသုံးစွဲနိုင်တော့ခြင်းလည်း ဖြစ်နိုင်ချေရှိကြောင်း သိရသည်။
တယ်လီနောမြန်မာ၏ ပိုင်ရှင်သစ် M1 Group နှင့် ၎င်း၏ ပြည်တွင်းမိတ်ဖက် ကုမ္ပဏီတစ်ခုဖြစ်သည့် စစ်ကောင်စီနှင့် ဆက်စပ်မှုရှိသော ရွှေဗျိုင်းဖြူ(SBP Group) တို့သည့် Telenor Myanmar လုပ်ငန်းများကို လွှဲပြောင်းရယူရန်အတွက် ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည့် Investcom ကို ဖွဲ့စည်းခဲ့သည်။ ထို့အပြင် တယ်လီနောမြန်မာကိုလည်း ATOM(အက်တမ်) ဟု မကြာမီကာလအတွင်း အမည်ပြောင်းလဲ သတ်မှတ်တော့မည်ဖြစ်ကြောင်း သိရသည်။