ယခု ၂၀၂၂ ခုနှစ် ကျောင်းအပ်ရာသီတွင် အခြေခံပညာ ကျောင်းများ၌ ကျောင်းအပ်သူ ဦးရေ ၅,၀၀၀,၀၀၀ (ငါးသန်း) ကျော်ရှိသည်ဟု ကြွေးကြော်ထားသော်လည်း သင်ပေးမည့် ဆရာ၊ ဆရာမ မရှိသဖြင့် CDM ဆရာ၊ ဆရာမများလုပ်ငန်းခွင် ဝင်ရောက်ရန် စစ်ကောင်စီက အကြိမ်ကြိမ် ခေါ်ယူနေသည်။
စစ်ကောင်စီက CDM ဆရာ၊ ဆရာမများ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရန် အယူခံဝင်နိုင်ကြောင်း သတ်မှတ်ထားသည့်ရက်ကို ဇွန်လ ၁၄ ရက်သို့ ရက်ထပ်မံတိုးမြှင့်လိုက်ကြောင်း ယနေ့ ဇွန်လ ၈ ရက်ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွင် ကြေညာသည်။
ထိုသို့ တိုးမြှင့်လိုက်သော်လည်း စစ်ကောင်စီ၏ ပညာရေးကို အယုံကြည်မရှိသဖြင့် ဆက်သွယ်မည်မဟုတ်ကြောင်း CDMဆရာမတစ်ဦးက မဇ္ဈိမကိုပြောသည်။
“ကျွန်မတို့က စစ်တပ်ရဲ့အာဏာရှင်စနစ်ကို မကြိုက်လို့ စွန့်ခွါခဲ့ပြီးသား သူတို့ရှိနေသ၍ ကျောင်းထဲပြန်ဝင်ဖို့မရှိပါဘူး” ဟု မွန်ပြည်နယ်မှ CDM လှုပ်ရှားမှုဆောင်ရွက်ခဲ့သူ ဆရာမတစ်ဦးက ဆိုသည်။
ဇွန်လ ကျောင်းဖွင့်ချိန် မတိုင်မီ မေလ၁၆ရက်နေ့တွင် စစ်ကောင်စီက CDM ဆရာ၊ ဆရာမများကို မေလ ၃၁ ရက်နောက်ဆုံးထား အယူခံဝင်ပါက မူလတာဝန်များ ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သို့သော်လည်း မေလကုန်သည်အထိ စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနထံသို့ ဆက်သွယ်လာသူ ၂,၄၈၂ဦးသာ ရှိသည့်အတွက် ဇွန်လ၇ရက်အထိ စာရင်းပေးရမည့် ရက်စွဲကို ထပ်မံတိုးမြှင့်လိုက်သည်။
ဆက်သွယ်လာသူ ဦးရေ ၂,၀၀၀ ကျော်အနက် ဦးရေ ၅၀ကျော်ကိုသာ စစ်ဆေးမှုများ ပြုလုပ်ပြီး မူလတာဝန်အတိုင်း ပြန်လည်ခန့်ထားကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ဇွန်လ ၁ရက်နေ့တွင် ပြောကြားခဲ့သည်။
စစ်ကောင်စီက ထပ်မံတိုးမြှင့်လိုက်သည့် ဇွန်လ ၇ရက်နေ့အပြီးတွင်မူ စစ်ကောင်စီပညာရေးဝန်ကြီးဌာနသို့ ၂,၉၆၀ဦး ဆက်သွယ်ခဲ့ကြောင်း ဝါဒဖြန့်မီဒီယာမှတဆင့် ကြေညာခဲ့သည်။ထိုပမာဏမှာ တစ်ပတ်အတွင်း CDM ဆရာ၊ ဆရာမ ဦးရေ ၄၀၀ ကျော်သာ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီက ဆရာ၊ ဆရာမများ အနေဖြင့် ဇွန်လ ၁၄ ရက်အထိ ထပ်မံဆက်သွယ်ပြီး လုပ်ငန်းခွင် ပြန်ဝင်ရောက်နိုင်ကြောင်း ထပ်တိုး ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီသည် CDM ဆရာ၊ ဆရာမများကို ပြန်လည်ခန့်ထားရာတွင် စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းများအပြင် အခြား CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ဆရာ၊ဆရာများ၏ အချက်အလက်များကို မေးမြန်းခြင်းများ ပြုလုပ်နေကြောင်း ပညာရေး အသိုင်းအဝိုင်းက သိရသည်။
“စစ်ကောင်စီက CDM ဆရာ၊ ဆရာမတွေကို ပြန်ခေါ်တယ်ဆိုပေမယ့် ဝင်တဲ့သူတိုင်းကို လက်မခံဘူး။ ဆိုလိုတာက ဆရာ၊ ဆရာမတွေကို စစ်ဆေးဖို့ သတင်းအချက်အလက်ယူဖို့ သူတို့လိုချင်တဲ့ ဆရာ၊ ဆရာမတွေကို မြူဆွယ်ပြီး ဖမ်းဆီးဖို့ကြံစည်တယ်လို့ ယူဆတယ်။ CDM ကနေ Non CDM လုပ်တဲ့သူတွေကို ပြန်စစ်ဆေးတာတွေ၊ အချက်အလက်လိုက်တာတွေ လုပ်နေလို့ ဒီလိုမျိုးဖြစ်တယ်လို့ မြင်ပါတယ်” ဟု အခြေခံပညာ လုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီ ဗဟိုအလုပ်အမှုဆောင် ဆရာနောင်ချိုက မဇ္ဈိမကိုပြောသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလတွင် ပညာရေးလိုအပ်ချက်များကြောင့် စစ်ကောင်စီ၏ ကျောင်းများတွင် ကျောင်းသားအပ်နှံမှု များပြားခဲ့သည်။ သို့သော်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ဆရာ၊ဆရာမများက CDM ပြုလုပ်နေကြသည့်အတွက် သင်ကြားမည့် ဆရာ၊ ဆရာများကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် အပူတပြင်းခေါ်ယူနေကြခြင်းဖြစ်သည်။