အာဏာသိမ်းစစ်ကောင်စီက ဧရာဝတီတိုင်းမှ ရဲတပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို ရခိုင်ပြည်နယ်သို့ မေလနောက်ဆုံး ပတ်က ပြောင်းရွှေ့ခဲ့သည့်ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ စစ်ရေးတင်းမာနေသည့်အခြေအနေတွင် အင်းအားဖြည့်လာခြင်းဖြစ်ကြောင်း ဆိုကြသည်။
သို့သော်လည်း စစ်ကောင်စီအနေဖြင့် နှစ်စဉ်နှစ်တိုင်း ရဲအင်အားအပြောင်းအရွှေ့လုပ်နေခြင်းဖြစ်ပြီး ရခိုင် တွင် စစ်ရေးတင်းမာနေသည့်အချိန်နှင့် တိုက်ဆိုင်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်ကတစ်ဦးက Myanmar police CDM channel ကို ပြောဆိုသည်။
“ ရဲအင်အား အပြောင်းအရွှေ့ကတော့ တစ်နှစ်ကို အနည်းဆုံး နှစ်ကြိမ်လောက် လုပ်ပါတယ်။ ခုကတော့ စစ်ရေးတင်းမာနေတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတာပါ။ အမိန့်ထွက်ထားတာ တစ်လလောက်ရှိပါပြီ”ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
စစ်ကောင်စီအနေဖြင့် မေလမှစတင်ကာ ရခိုင်ပြည်နယ်တွင် စစ်အင်အားတိုးချဲ့ခြင်း၊ ရိက္ခာစုဆောင်းခြင်း နှင့် ရေငုပ်သင်္ဘောများဖြင့် စစ်ရေးပြနေခြင်းများ စတင်လုပ်ဆောင်လာနေသည့်ကို တွေ့ရသည်။
ယင်းကဲ့သို့ နှစ်ဖက် စစ်ရေးတင်းမာနေသည့်အခြေအနေတွင် စစ်အင်အားတိုးချဲ့ခြင်းမှာ ပုံမှန်လုပ်နေကြ လုပ်ငန်းစဉ်ဖြစ်ပြီး ပြည်သူလူထုအားမထိခိုက်လျှင် အပြစ်ပြောစရာမရှိကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။
“အခုက စစ်ရေးနှစ်ဖက်တင်းမာနေတဲ့အခြေအနေမှာ သူတို့ဖက်က ကြိုတင်ပြင်ဆင်မှုတွေ ရှိမယ်။ အဲဒါ တွေက ပြည်သူတွေကို မထိခိုက်ဘူးဆိုရင် အပြစ်ပြောစရာမရှိပါဘူး။ ဒါပေမဲ့ သူတို့လူပ်ရှားမှုတွေကြောင့် ပြည်သူတွေကို စိုးရိမ်းသောကရောက်စေတယ်။ စားဝတ်နေရေး ၊ သွားရေးလာရေးကအစ ကန့်သတ်တာ တွေ၊ ပိတ်ပင်တာတွေ နောက်တစ်ခါ စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ စာသင်ကျောင်းတွေမှာ နေရာယူ တာတွေကျတော့ သူတို့ရဲ့ စစ်ရေးလူပ်ရှားမှုဆိုတာထက် ပြည်သူလူထုတွေကိုသာ ဒုက္ခရောက်စေတယ်။ အဲဒါတွေကိုတော့ ရှောင်သင့်တယ်လေ။ တခြားစစ်ရေးပြင်ဆင်မှုတွေက တိုက်ပွဲဖြစ်လာမယ့်အကြောင်း ပြချက်နဲ့ပြင်ဆင်နေတာက အထူးပြောစရာမရှိပါဘူး ” ဟု ဆိုသည်။
ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်နယ်တွင် အုပ်ချုပ်ရေး၊ တရားစီးရင်ရေးများကို လုပ်ဆောင်နေသည့် အချိန်ဖြစ်သည့်အတွက် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဝင်ရောက်မစွက်ဖက်ရန်နှင့် ဝင်ရောက်စွက် ဖက်မှုများလုပ်ဆောင်လာပါက ထိပ်တိုက်တိုက်ပွဲများဖြစ်လာနိုင်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခ က ပြောဆိုထားသည်။
ယင်းအပြင် ရက္ခိုင့်တပ်တော် AA ၏ စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း စစ်ကောင်စီ၏ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးအား Twitter မှ တစ်ဆင့် ငြိမ်း ချမ်းရေးအား ဂရုစိုက်မနေဘဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အထိ တိုက်ခိုက်လိုက်မည်ဟု မေလ ၆ ရက် နေ့က သတိပေးကြိမ်းဝါးပြောဆိုခဲ့သည်။
AA အနေဖြင့် တိုက်ပွဲဖြစ်ရန်စိန်ခေါ်လာခြင်းများရှိသည့်အပြင် တရားစီရင်ရေးကိစ္စများကို ဝင်ရောက်လုပ် ဆောင်နေသည့်အတွက် စစ်ကောင်စီအနေဖြင့်သည်းခံနေရပြီး ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြန်လည်ဖြစ် ပွားလာပါက တပ်မတော်ကိုအဆိုးမဆိုရန် စစ်ကောင်စီ၏ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ယင်းနောက် နှစ်နှစ်ကျော်ကြာရပ်တန့်နေသည့် စစ်ကောင်စီတပ်နှင့် AA တို့ကြား မေလ ၂၆ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားမြစ်အထက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အချိန်အတန်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားခြင်းမှာ ULA/AA ၏နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဦးခိုင်သုခက ရခိုင်အခြေစိုက် Western News သတင်းဌာနအား ပြောဆို ထားသည်။
လက်ရှိမြေပြင်အခြေအနေတွင် စစ်ကောင်စီတပ်နှင့် AA တို့ စစ်ရေးတင်းမာနေသော်လည်း တစ်ဖက်နှင့် တစ်ဖက် နားလည်မှုဖြင့် ပြန်လည်လှုပ်ရှားနေကြသည့်ကိုတွေ့ရကြောင်း ဦးဖေသန်းကဆက်ပြောသည်။
“ စစ်ရေးကတော့ တင်းမာလိုက်၊ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုနဲ့ ပြန်ပြီးနေလိုက် အဲဒီလိုမျိုးမြင်ရပါ တယ်။ သူတို့ကတော့ သူတို့အကျိုးစီးပွားကို ထိခိုက်လာရင်တော့ နှစ်ဖက်လုံးကစစ်ဖြစ်မယ်ပေါ့၊ စစ်တပ် ဖက်ကလည်း စစ်ပြန်ဖြစ်ရင် ငါတို့ကိုအဆိုးမဆိုးနဲ့ဆိုပြီးတော့ ပြောဆိုမှုတွေရှိလာတယ်။ မြေပြင်မှာ ကျတော့ သူတို့ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုနဲ့ တစ်ယောက်လုပ်ဟာကို တစ်ယောက် အနှောင့်အယှက် မပေးဘူး။ တချို့နေရာတွေမှာဆိုရင် သွားမယ့်လာမယ့်အစီအစဉ်တွေကို တစ်ဖက်နဲ့တစ်ဖက် အသိပေး တာတွေကို ကျနော်တို့တွေ့ရတယ်။ ကြားမြင်နေရတယ်။ စစ်ဖြစ်လာမှာဆိုရင် သူတို့ အများကြီး မခံမရပ် နိုင်ရင်တော့ ဖြစ်သွားနိုင်တယ်။ သို့သော် အခုချိန်မှာတော့ နှစ်ဖက်လုံးက ထိန်းထိန်းသိမ်းသိမ်းရှိတယ်လို့ တော့ မြင်ပါတယ်” ဟု ဦးဖေသန်းက သုံးသပ်သည်။
ပြီးခဲ့သည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ နှစ် နှစ်ကျော်ကြာ တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ၂၀၀,၀၀၀ ကျော် အထိရှိခဲ့ပြီး လက်ရှိအချိန်ထိနေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင် ၇၀,၀၀၀ ကျော် ရှိနေသေးသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ စစ်ရေးတင်းမာနေမှုအခြေအနေကြောင့် ပြည်သူလူထုအနေ ဖြင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။