ပအို့၀် PDF တွေက လူထုက လက်မခံသည့်သဘော ဗီဒီယို အမှား ဖြန့်ဝေ

ပအို့၀် PDF တွေက လူထုက လက်မခံသည့်သဘော ဗီဒီယို အမှား ဖြန့်ဝေ

ပအို့ဝ်ရွာထဲဝင်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို ဒေသခံ ပအို့ဝ်ရွာသားတွေက မောင်းထုတ် တယ် ဆိုတဲ့ ရုပ်သံ သတင်းပို့စ်တစ်ခုကို Shwe Eing Si ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က ဖေဖော်ဝါရီလ ၂၃ ရက် ည ၇ နာရီ ၇ မိနစ်မှာ တင်ထားတာကို တွေ့ရပါတယ်။

လူတစ်စုက တခြားလူတစ်စုကို မောင်းထုတ်ပြီး ဆိုင်ကယ်တွေကို ရိုက်ချိုးဖျက်ဆီးနေတဲ့ ရုပ်သံတစ်ခုကို စာတွေ နဲ့ တွဲပြီး Shwe Eing Si က ရေးတင်ထားတာဖြစ်ပါတယ်။

Shwe Eing Si ဆိုသူက “ပအိုဝ်းဒေသကိုရောက်ရှိလာကြတဲ့ PDF အကြမ်းဖက်သမားများကို ဒေသခံ ပအို့ဝ်ရွာ သားများမှ မောင်းထုတ်” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ရုပ်သံနဲ့တွဲပြီ စာကို ရေးတင်ထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီရုပ်သံဟာ ပအို့ဝ်ရွာသားတွေက ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို မောင်းထုတ် နေတဲ့ ရုပ်သံမဟုတ်ပဲ ပအို့ဝ်လူငယ်အချင်းချင်း တစ်ဖွဲ့နဲ့တစ်ဖွဲ့  ချိန်းပြီး ရန်ဖြစ်နေတဲ့ ရုပ်သံဖြစ်လို့ပဲဖြစ် ပါ တယ်။

အဲဒီရုပ်သံကို  Shwe Eing Si ဆိုသူက မဟုတ်မမှန်တဲ့ စာအရေးအသားတွေနဲ့ တွဲပြီး ရေးတင်ထားကို တွေ့ရပါ တယ်။

ပအို့ဝ်လူငယ်တွေ အချင်းချင်း ရန်ဖြစ်နေတဲ့ အဲဒီရုပ်သံကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကတည်း U Khun Tun HLaing ဆိုသူက 3537 ဆိုတဲ့ ပအို့ဝ် လူငယ်အဖွဲ့ရဲ့ Facebook Group ထဲမှာ ရုပ်သံကို စာတွေနဲ့အတူ တွဲတင် ထားပါတယ်။

U Khun Tun HLaing က “3537 တေ ... အလောက်ကြောက် နာလား မင်းတိုအလဲရောက် မပြေးရတာလား..... ငါတို့ကျ 1v1 ထိုးပေးခဲတာနော် အခြောက်ဘောဖိနပ်ကောင်” (မူရင်းအရေးအသားအတိုင်း) ဆို ပြီး ရုပ်သံနဲ့အတူ စာကို အဲလို ရေးပြီး တင်ထားတာဖြစ်ပါတယ်။

U Khun Tun HLaing ဆိုသူ တင်ထားတဲ့ ရုပ်သံကို ဒီမှာ https://bit.ly/3t76kcD တွေ့နိုင်ပါတယ်။

ဒါ့အပြင် အဲဒီ ရုပ်သံကိုပဲ ပအို့ဝ်လူမျိုးတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ၊ စစ်ဘေးရှောင်အရေးတွေကို တင်လေ့ရှိ တဲ့ ဆိုက်ခေါင်-စံပြကျေးရွာ Facebook စာမျက်နှာကလည်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ တင်ထားတာကို တွေ့ရ ပြီး သူတို့ရဲ့ အရေးအသားအရ PDF တွေကို ပအို့ဝ်ဒေသခံတွေက မောင်းထုတ်တာ မဟုတ်ပဲ ပအို့ဝ်လူငယ်တွေ အချင်းချင်း ရန်ဖြစ်နေတာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဆိုက်ခေါင်-စံပြကျေးရွာ Facebook စာမျက်နှာက “3537 ဟုခေါ် သော #ဂိုဏ်းစတားဆန်ဆန်ပအိုဝ်း လူငယ် များ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ချိန်းပြီး ရမ်းကားနေတဲ့ ဗီဒီယိုဖိုင် ပေါ်ထွက်လာပါတယ်။ တစ်အုပ်စုနဲ့ တစ်အုပ်စု ချိန်း‌ပြီး ဆိုင်ကယ်ကို ရိုက်ခွဲဖျက်စီးနေကြတာကို တွေ့မြင်နေရပါတယ်။ လူငယ်တွေ ရမ်းကားနေကြတာကို ကြည့်ပြီး မိဘတွေရင်လေးနေရကြောင်း၊ သားတွေ # အတုယူမှားမှာလည်း စိုးရိမ်နေရကြောင်းလည်း သိရပါတယ်။ ဒီ လူငယ်တွေက ဒေသပေါင်းစုံကလူငယ်တွေပါတယ်။ အကျီဆင်တူဝတ်၊ တုတ်တကားကားဖြင့် အလံကိုင်၊ ဆိုင် ကယ်ဖြင့် လိုက်ပတ်နေတာတွေလည်းရှိတယ်လို့ ဆိုပါတယ်” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ရေးသားထား ပါတယ်။

ဆိုက်ခေါင်-စံပြကျေးရွာ Facebook စာမျက်နှာက တင်ထားတဲ့ ရုပ်သံကို ဒီမှာ https://bit.ly/3pBm2fl ဝင် ကြည့် လို့ရပါတယ်။

ဒါကြောင့် အချက်အလက် အားလုံးကို စစ်ဆေးလိုက်တဲ့အခါမှာ Shwe Eing Si ဆိုသူက ရုပ်သံနဲ့အတူ တွဲပြီး ရေး သားထားတဲ့ သတင်းအချက်အလက်တွေဟာ မြေပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အချက် အလက်တွေကို အခြေမခံပဲ PDF တွေနဲ့ ပြည်သူတွေက ပအို့ဝ်လူမျိုးတွေကို အထင်အမြင်မှားအောင်၊ လူမျိုးရေး ပဋိပက္ခ ဖြစ်စေတဲ့ ရည်ရွယ်ချက်နဲ့ ဝါဒဖြန့် ရေးသားထားတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါ တယ်။

Shwe Eing Si ဆိုသူ Facebook အကောင့်ပိုင်ရှင်ရဲ့ သတင်းကို လက်ရှိ အချိန်အထိ ထပ်ဆင့်ဖြန့်ဝေသူ ၁၁၂ ယောက်အထိ ရှိနေပြီး သဘောထား မှတ်ချက်ပေးသူနဲ့ ကြိုက်နှစ်သက်သူတွေလည်း တော်တော်များများ ရှိနေ တာကို တွေ့ရပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ ပအို့ဝ် တိုင်ရင်းသားတွေကို PDF နဲ့ ပြည်သူတွေ အထင်အမြင်မှားအောင်၊ လူမျိုးရေး ပဋိပက္ခဖြစ်အောင် မဟုတ်မမှန် သတင်းစကားတွေကို  ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေ နေတာကို တွေ့ရှိရပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်းအမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...