ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံကို ခြားထားတဲ့ သောင်ရင်းမြစ်ကမ်းနံဘေးတစ်နေရာက မြက်ရိုင်းပင်တောထဲမှာ တာလပတ်၊ မြက်ရိုင်းပင်တွေနဲ့ မိုးထား၊ ကာထားတဲ့ တဲလေးတွေ ဟိုတစ်လုံး၊ ဒီတစ်လုံး၊ ဟိုတစ်စု၊ ဒီတစ်စုကို တွေ့မြင်ရပါတယ်။
အချို့တဲလေးတွေက တာလပတ်နဲ့မိုးထားပေမယ့် အချို့တဲလေးတွေက ဝါးလုံး၊ သစ်လုံးတွေနဲ့ တိုင်အဖြစ်လုပ်ပြီး မြက် ရိုင်းပင်တွေနဲ့ အမိုးအကာလုပ်ပြီး နေထိုင်သလို အဲဒီနေရာနဲ့ မနီးမဝေးမှာတော့ ဝါးရုံအောက် မြေကြီးပေါ်မှာ တဲထိုး၊ အမိုး မိုးထားကာ အခင်းကို အဆင်ပြေသလို ခင်းပြီး နေထိုင်ကြပါတယ်။ ယာယီတဲလေးတွေရှိတဲ့နေရာ မရောက်ခင်မှာ ပြောင်းခင်းထဲမှာတော့ ကား၊ ဆိုင်ကယ်၊ ထော်လဂျီ ဆယ်စီးထက်မနည်း ရပ်ထားတာကိုလည်းတွေ့ရပါတယ်။
အဲဒီတဲတွေလေးထဲမှာ သက်လတ်ပိုင်း၊ သက်ကြီးပိုင်းလူတွေအပြင် မီးဖွားခါစ မိခင်တွေ၊ ကလေးတွေအများ အပြားကို တွေ့မြင်ရပါတယ်။ မွေးကင်းစ ကလေးတွေအပါအဝင် ကလေးငယ်အယောက် ၈၀ကျော်လောက်ရှိတယ်လို့ အဲဒီထဲမှာ နေထိုင်သူတွေက ပြောပါတယ်။
အဲဒီနေရာကတော့ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့က မြဝတီမြို့တောင်ဘက် ၉မိုင်အကွာအဝေးရှိ လေးကေကော်မြို့သစ်ဒေသတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထဲက လာရောက်နေထိုင်ခိုလှုံကြတဲ့ ကော်ပနော့ဆိုတဲ့ နေရာတစ်နေရာဖြစ်ပါတယ်။
အဲဒီနေရာမှာ ထီးမယ်ဝါးခီး၊ ဖလူးကြီး၊ ဖလူးလေး စတဲ့ကျေးရွာက ဒေသခံရွာသားအများစု လာရောက်ခိုလှုံကြတဲ့ နေရာတစ်နေရာပါ။ အဲဒီအထဲမှာ သား၊ ချွေးမနဲ့ အသက် ၄နှစ်၊ ၅နှစ်အရွယ် မြေးလေးတွေနဲ့အတူ ထွက်ပြေးတိမ်း ရှောင်လာတဲ့ ထီးမယ်ဝါးခီးရွာသူ အသက် ၆၀အရွယ် ဒေါ်တင်တင်ကတော့ စစ်ရှောင်လာတာ ရက်ကြာလာတဲ့အမျှ အနေဆင်းရဲ၊ အစားဆင်းရဲပြီး အခက်အခဲမျိုးစုံကြုံတွေ့နေရတယ်လို့ ပြောပြပါတယ်။
“အကုန်လုံးပဲ အခက်အခဲရှိတာပေါ့ကလေးရယ်၊ သူများပေးတဲ့ ထမင်းထုပ်ပဲ စားရတယ်။ အိုးတွေလည်းမပါ၊ ခွက်တွေ လည်းမပါ။ စောင်တွေလည်းမပါ၊ နေဖို့၊ ထိုင်ဖို့က မြင်တဲ့အတိုင်းပဲလေ။ ပိတ်ထူလေးတွေ ကာပြီးတော့ အခင်းလည်း ဘာမှကို မရှိဘူး။ အနေဆင်းရဲ၊ အစားဆင်းရဲ လုံခြုံမှုမရှိဘူးပေါ့။ ဆန်ရှိရင်လည်း အိုးခွက်မရှိတော့ ချက်စားမရဘူးပေါ့။ သူများပေးတာကို စောင့်စား၊ သူများမပေးရင် အဒေါ်တို့လည်း ငတ်ပဲ။ သူများဝေပေး၊ ကမ်းပေးတာကိုလည်း စားရပါ တယ် အဒေါ်တို့။”လို့ သူမက ပြောပါတယ်။
ဒေါ်တင်တင်က တိုက်ပွဲ စဖြစ်ကတည်းက အိုးအိမ်စွန့်ခွာပြီး အသက်ဘေးလွတ်ရာကို နေရာ ၄ နေရာထက်မနည်း ထွက်ပြေးတိမ်းရှောင်သွားခဲ့ရပြီးဖြစ်ပါတယ်။
"ပထမညကတော့ အိမ်နောက်ဖက် ဝါးတောလေးမှာနေတယ်။ အဲကနေပြီးတော့ နေလို့မရတော့ ဘုန်းကြီးကျောင်းကို ပြေးတယ်။ ဘုန်းကြီးကျောင်းမှာ ဆရာတော်တွေ၊ ဘာတွေ ပြေးရတယ်ဆိုတော့ သူများကားကြုံနဲ့ ဖလူးကြီးကို ခေါ် တယ်။ ဖလူးကြီးမှာ နှစ်သုံးရက်ပဲ နေတယ် တစ်ခါ ထပ်ဖြစ်ပြီး ဒီက ပြေး၊ ဒီကနေ ကျောက်ခက်ပြေး၊ ကျောက် ခက်ကနေ ဒီကို ပြန်ရောက်တာ"လို့ ဒေါ်တင်တင်က ဆက်ပြောပါတယ်။
လေးကေကော်ဒေသ တိုက်ပွဲစတင်ဖြစ်ပွားချိန်မှာ ဒေါ်တင်တင်တို့ မိသားစုလိုပဲ လေးကေကော်မြို့သစ် ရပ်ကွက်နေ ပြည်သူတွေ အပါအဝင် ထီးမယ်ဝါးခီး၊ မဲ့ထော်သလေး၊ ပဟိကလော်၊ ရသေ့ဂူ၊ ဖလူးကြီး၊ ဖလူးလေး စတဲ့ကျေးရွာတွေ က ထောင်ပေါင်းများစွာသော ဒေသခံ ရွာသားတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး တစ်ဖက် ထိုင်းနိုင်ငံဘက်သို့ သွားရောက်ခိုလှုံနေသူရှိသလိုပဲ တချို့မှာ မြန်မာနိုင်ငံဘက်ခြမ်း သောင်ရင်းမြစ်ကမ်းနံဘေးတစ်လျှောက်မှာပဲ အဆင် ပြေသလို တိမ်းရှောင်နေထိုင်ကြပါတယ်။
သောင်ရင်းမြစ်ကမ်းနားမှာ နေထိုင်သူအများစုဟာ သူတို့တိမ်းရှောင်လာစဉ်က ခိုးခွက်ပန်းကန်တွေ ပါမလာတဲ့အတွက် အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုကိုပဲ မှီခိုစားသောက်နေရပြီး အချို့မှာ ၎င်းတို့ အစီအစဉ်နဲ့ ချက်ပြုတ်စားသောက်ကြ တာလည်း ရှိပါတယ်။
ထိုင်းဘက်ခြမ်းသို့ မတိမ်းရှောင်ဘဲ သောင်ရင်းမြစ်ကမ်းနားမှာပဲ တစ်နေရာပြီးတစ်နေရာ ထွက်ပြေးတိမ်းရှောင်နေကြ တဲ့သူတွေထဲမှာ ကိုဇော်လင်းမောင်တို့ မိသားစုလည်း အပါအဝင်ပါ။ နေအိမ်အပြင် အလုပ်အကိုင်တွေ အားလုံး ပစ်ထား ရတဲ့အပေါ် စိုးရိမ်ပူပန်မှုများစွာနဲ့ တိမ်းရှောင်နေကြရတယ်လို့ သူက ပြောပါတယ်။
“ပဲတွေ၊ ပြောင်းတွေဆို ကျနော်တို့ ဒီအတိုင်းပဲ ပစ်ထားရတယ်။ ကျနော်တို့ မကြိတ်ရဲဘူး။ ကျနော်တို့က ကိုယ်ပိုင်ပိုက် ဆံနဲ့ လုပ်ရတာမဟုတ်ဘူး။ သူဌေးဆီက ထုတ်တဲ့ပိုက်ဆံဆိုတော့ လူတစ်ဦးက အကြွေးက ဘတ်ငွေ ငါးသောင်း၊ ခြောက်သောင်း၊ တစ်သိန်းပတ်ဝန်းကျင်မှာ ရွာသားတိုင်းမှာ ရှိနေပါတယ်။ ဒါကြောင့် ကျနော်တို့က တစ်ခြားနိုင်ငံကို ထွက်မပြေးဘဲနဲ့ ပြန်ကြိတ်လို့ရနိုင်မလား အခွင့်အရေးလေး ကျနော်တို့က ဒီမှာ မှီခိုပြီးတော့ နေနေရပါတယ်။”လို့ ပြော ပါတယ်။
အခုလို တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေအဖို့ ထိခိုက်ဆုံးရှုံးမှုတွေက အလွန်ကြီးမားသလို ထွက်ပြေးတိမ်းရှောင် နေကြတဲ့ အပြစ်မဲ့ကလေးတွေဟာ စိတ်ဒဏ်ရာတွေရရှိနေပြီလို့လည်း ကိုဇော်လင်းမောင်က ပြောပါတယ်။
“ကျနော်တို့ ရွာသားတွေက ဘာမှနားမလည်၊ ဘာမှမဆိုင်ဘူး။ ကလေးတွေလည်း အများကြီး၊ ထွက်ပြေးတိမ်းရှောင် နေကြတဲ့ ပြည်သူတွေ ပြောရင်းပြောရင်း စိတ်နာတာပေါ့။ ကျနော့်ကလေးပဲ မဟုတ်ဘူး။ အခုကလေးတွေက ကြောက် စိတ်တွေ အများကြီး ဖြစ်နေပြီ သူတို့မှာ။ သူတို့ရဲ့ရှေ့ရေးက ဘာမှလည်း မရှိတော့ဘူး။"လို့ သူက ပြောပါတယ်။
ဒါ့အပြင် စစ်ရှောင်ကလေးငယ်အချို့ဟာ သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားမှု တွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။
၂၀၂၁ခု၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က ကေအဲန်ယူ ဒူးပလာယာခရိုင် (တပ်မဟာ ၆) ထိန်းချုပ်နယ်မြေ လေးကေကော်မြို့ သစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက တပ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက် စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်ရာ ကနေ စတင်ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ယနေ့ ဇန်နဝါရီလ ၁၄ရက်နေ့အထိ ဆက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လေးကေကော်တိုက်ပွဲကြောင့် တဖက်ထိုင်းနိုင်ငံဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၃၀၀၀ကျော် ခိုလှုံ နေကြပြီး မြန်မာနိုင်ငံဘက်ခြမ်း ကဆောဝါးလေး၊ ပလောတပို့၊ ကော်ပနော့၊ ဘလယ့်ဒို့၊ ဝါ့မေထာ့၊ လယ့်ခေါ်၊ သေ့ဘောဘိုး စတဲ့နေရာတွေ အပါအဝင် သောင်ရင်းမြစ်ကမ်းနားတစ်လျှောက် ခိုလှုံနေသူ ၂၀၀၀ ကျော်ရှိတယ်လို့ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောဆိုကြပါတယ်။
စစ်ရှောင်ကူညီပေးနေသူတွေရဲ့ အဆိုအရ ထိုင်းနိုင်ငံဘက်ခြမ်း အပါအဝင် ဖလူးလေးကျေးရွာမှ စတင်ပြီး ဒီမိုကရေစီအ ကျိုးပြုကရင့်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေ ဆုံဆည်းမြိုင်ဒေသအထိ သောင်ရင်းမြစ်ကမ်းနားတစ်လျှောက်မှာ စစ်ရှောင်ဒုက္ခသည်ဦးရေ စုစုပေါင်း ၁၃၀၀၀ ကျော်ရှိတယ်လို့ ပြောကြပါတယ်။
သောင်ရင်းမြစ်ကမ်းနားတစ်လျှောက် ယာယီခိုလှုံနေထိုင်ကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ နေရာ ထိုင်ခင်း၊ အမိုးအကာနဲ့ ကျန်းမာရေးကိစ္စအဝဝကို ကရင်လူမှုအဖွဲ့အစည်းတွေ၊ ထိုင်းနိုင်ငံဘက်ခြမ်းရှိ လူမှုကယ်ဆယ် ရေးအဖွဲ့အစည်းတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီပေးထားပြီး နေရာချထားရေးနဲ့ လုံခြုံရေးအ တွက်ကို နယ်မြေခံ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေက တာဝန်ယူပေးပါတယ်။
ဖလူးလေးကျေးရွာအနီးရှိ စစ်ရှောင်ဒုက္ခသည်တွေကို နေရာချထားရေးပေးနဲ့ လုံခြုံရေးအတွက် လုပ်ဆောင်ပေးတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အခြေချဗျူဟာဗျူး ဗိုလ်မှူးစောဆန်းအောင်က လတ်တလော စစ် ရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောပြပါတယ်။
သူက “စစချင်း စဖြစ်တုန်းကတော့ ကျနော်တို့က အစားအသောက်တွေကို သွားယူပေးတယ်။ သူတို့ကို အကြိုအပို့တွေ လုပ်ဆောင်ပေးတဲ့အပိုင်း ရှိတယ်ပေါ့နော်။ ဒါပေမယ့် သူတို့ရှေ့ရေးအတွက် လုံလုံလောက်လောက်လုပ်ပေးတာ မရှိပါ ဘူး။ သူတို့အတွက် အာမခံချက်ရှိတဲ့ တာဝန်ယူပေးနိုင်ဖို့အတွက်က ကျနော်တို့မှာ မရှိပါဘူး။ သူတို့ရှေ့ရေးအတွက် စိုးရိမ်စရာရှိသေးတယ်ပေါ့နော်။ အချို့က ပြန်သွားလိုက်၊ ပြန်လာလိုက် လုပ်တာရှိသေးတယ်။ ဒီအခြေအနေက အဲလို ဆက်လုပ်လို့ အဆင်မပြေဘူးလို့ ကျနော်မြင်ပါတယ်။”လို့ ပြောပါတယ်။
အခု စစ်ရှောင်နေကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေရဲ့ အသက်ဘေးလုံခြုံဖို့အတွက် နေရာအတည်တကျရှိတဲ့ စစ်မဲ့ဇုံကဲ့သို့ သော နေရာမျိုးကို နိုင်ငံတကာက ကြားဝင်စီစဉ်ပေးတဲ့အစီအစဉ်ဖြင့် သက်ဆိုင်ရာတဲ့ အဖွဲ့အစည်းအသီးသီးက ခိုင်မာတဲ့ ကတိကဝတ်တွေနဲ့ သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့ ဗိုလ်မှူးကြီးစောဆန်းအောင်က အကြုံပြုပြော ဆိုပါတယ်။
"အာဏာပိုင်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အခု သူများခေါ်နေတဲ့ စစ်ကောင်စီက ဒါက ကျနော်တို့ တရားဝင် စစ်မဲ့ဇုံအဖြစ် သတ်မှတ်ပေးမယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ ဝင်ရောက်ပတ်သက်လို့မရဘူး။ ငါတို့လည်း မပတ်သက်ဘူး။ သီးသန့် လူထုအတွက် စီမံ ဆောင်ရွက်ပေးရင်တော့ လူထုအတွက် လုံခြုံမှုရရင် ရမှာပေါ့။ နှုတ်အား ဖြင့်သာ ပြောမယ်ဆိုရင် လုံခြုံမှုက ရှိမှာမဟုတ်ဘူး။ "လို့ DKBA အခြေချဗျူဟာမှူးက ထပ်လောင်းပြောဆိုပါတယ်။
ဒီလိုမျိုးနှုတ်အားဖြင့် ပြော၍ မရတဲ့ သက်သေသာဓက တစ်ခုအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းက တိုက်ပွဲတွေ ခဏတာ ရပ်တန့်သွားတဲ့အချိန် နယ်ခြားစောင့်တပ် BGF တပ်နယ် ၄ တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုတ်က စစ်ရှောင်ဒုက္ခသည်များ ခိုလှုံရာ နေရာအထိရောက်ရှိလာပြီး နေရပ်ပြန်နေထိုင်ဖို့ ပြောဆိုတဲ့အတွက် ပြန်သွားသူ အချို့ရှိကာ လက်နက်ကြီးကျည် ထိမှန်သေဆုံးရတဲ့အတွက် စစ်ရှောင်တွေ ထပ်မံ တိမ်းရှောင် ရပြန်ပါတယ်။
အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး နေရပ်ပြန်ခဲ့တဲ့စစ်ရှောင်အသိုင်းအဝိုင်းထဲမှ ပြည်သူတစ်ဦးကတော့ “အမှန်က လူထုတွေက လွတ်တဲ့နေရာကို ရောက်ပါပြီ။ မှဲ့တစ်ပေါက်မှ မစွန်းစေရဘူးလို့ ပြောတယ်။ ဗိုလ်မုတ်သုန်က ပြန်လာခိုင်း ပြီးတော့ လူထုလုံခြုံရေး အတွက် ဘာတာဝန်ခံမှု၊ တာဝန်ယူမှမရှိတော့ ဒီလိုဖြစ်သွားတာပေါ့။ " လို့ ပြောဆိုခဲ့ပါတယ်။
ထိုင်းဘက်ခြမ်းရောက် စစ်ရှောင်ဒုက္ခသည်တွေဟာ ထိုင်းအစိုးရရဲ့ ကူညီစောင့်ရှောက်ပေးတဲ့ အစီအစဉ်နဲ့ နေထိုင်ကြရ ပြီး မြန်မာနိုင်ငံဘက်ခြမ်း သောင်ရင်းမြစ်ကမ်းနားတစ်လျှောက် ခိုလှုံကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက်ကတော့ နေရာထိုင်ခင်း၊ အမိုးအကာ၊ အဝတ်အထည်၊ စားနပ်ရိက္ခာများနဲ့ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုတွေကို သက်ဆိုင် ရာ အဖွဲ့အစည်းအသီးသီးရဲ့ ကူညီထောက်ပံ့မှုကိုသာ အဓိက မှီခိုနေကြရပါတယ်။
သောင်ရင်းမြစ်ကမ်းနားတစ်လျှောက် ခိုလှုံနေကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်တဲ့ နေရာမှာ အစီအစဉ်တကျနဲ့ ထိထိရောက်ရောက်လာစေဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး အပါအဝင် ဒေသအ ခြေစိုက် ကရင်လက်နက်ကိုင်အဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံရွာသားတွေ ပါဝင်တဲ့ ကော်မတီတစ်ရပ်ကို အခုလ ဇန်နဝါရီလဆန်းပိုင်းမှာတင် ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
စစ်ရှောင်ဒုက္ခသည် ကူညီကယ်ဆယ်ရေးအစီအစဉ်နဲ့ပတ်သက်ပြီး ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုပိုပိုထူး အောင်က “ဥပမာ ဒေါနအရှေ့ခြမ်းက ထွက်ပြေးတိမ်းရှောင်သူတွေအနေနဲ့ နယ်မြေဒေသ ၄ခု ကျနော်တို့ သတ်မှတ် ထားတယ်။ သူတို့ရဲ့ စားနပ်ရိက္ခာအတွက်ဖြစ်စေ၊ ကျန်းမာရေးဆိုင်ရာအတွက်ဖြစ်စေ ကော်မတီ အတည်အကျ ဖွဲ့စည်း ထားပေးတယ်။ အဲဒီကော်မတီကနေပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ ကျန်းမာရေးနဲ့ကယ်ဆယ်ရေးဌာန ဖြစ်စေ၊ CIDKP (Committee for Internally Displaced Karen People)ဖြစ်စေ၊ ကရင်အမျိုးသမီးအစည်းအရုံးဖြစ်စေ ပူးပေါင်းလုပ်ဆောင်ဖို့ အစီအစဉ် အတည်တကျ ရှိပါတယ်။ အဲသလိုပဲ IDP တွေရဲ့ လုံခြုံရေးအတွက် လုံခြုံရေးတာဝန်ခံ တွေ ချမှတ်တာဝန်ပေးထားတာရှိပါတယ်။”လို့ ပြောပါတယ်။
ဒေါနတောင်တန်းအရှေ့ဘက်ခြမ်းရှိ လေးကေကော်ဒေသမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် သောင်းနဲ့ချီတဲ့ စစ်ရှောင်ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်ရသလိုပဲ ဒေါနအနောက် ဘက်ခြမ်းရှိ ကော့ကရိတ်မြို့ တောင်ပိုင်း ဒေသဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်ပြီး စစ်ကောင်စီဘက်က စစ်လေယာဉ်နဲ့ပါ အသုံးပြု တိုက်ခိုက်တာတွေ လုပ်ဆောင်တဲ့အတွက် အရပ်သားထိခိုက် သေဆုံးမှုတွေရှိသလို ထောင်နဲ့ချီတဲ့ ပြည်သူတွေလည်း စစ်ရှောင်နေကြရပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေက လေးကေကော်ဒေသကို ခြေကုပ်ယူပြီး ထိုးစစ်ဆင်မှုတွေ ဆက်လက် လုပ် ဆောင်နေဆဲဖြစ်၍ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာမယ့် အခြေအနေဖြစ်နေပေရာ စစ်ရှောင်ဒုက္ခသည်တွေအဖို့ နေရပ်ပြန်နိုင်ရေးက အလှမ်းဝေးနေဆဲဖြစ်တဲ့အပြင် နေရာရွှေ့ပြောင်းမှုတွေလည်း ထပ်မံလုပ်ဆောင်ရမယ့် အခြေအ နေမှာရှိတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လူနေ အိမ် ထိမှန်ပျက်စီးမှုတွေရှိသလို အဲဒီနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖောက်ထွင်းပြီး ပစ္စည်းတွေယူ ဆောင်သွားတဲ့အပြင် အိမ်မှာ မွေးမြူထားတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း စစ်ကောင်စီတပ်သားတွေက ခိုးယူစား သောက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း နေရပ်ပြန် ဒေသခံရွာသားတွေက ပြောကြပါတယ်။
စစ်ရှောင်နေရတဲ့ ထီးမယ်ဝါးခီးရွာသူ ဒေါ်တင်တင် အပါအဝင် စစ်ရှောင်အများစုကတော့ တိုက်ပွဲတွေ မြန်မြန်ရပ်စဲပြီး သူတို့နေအိမ်ကို ပြန်လည်နေထိုင်ချင်ကြပြီလို့ ထုတ်ဖော်ပြောဆိုကြပါတယ်။
စစ်ရှောင် ဒေါ်တင်တင်က “အကြီးအကဲတွေ မသင့်မမြတ်တာပါ။ အဒေါ်တို့ကတော့ ဘာမှမဆိုင်ဘူး။ ဖြစ်ရင် ဘယ်နေ ရာထွက်ပြေးရမလဲ။ ဘယ်နေရာ တိမ်းရှောင်ရမလဲဆိုတာကိုပဲ အဒေါ်တို့တွက်တယ်။ ဒါပေမယ့် ဒီလို အဖြစ်ဆိုးမျိုးတွေ နောက် မဖြစ်ချင်တော့ပါဘူး။ ဒီနေရာနဲ့ပဲ ရပ်သွားချင်တယ်။ အားလုံးလည်း ငြိမ်းချမ်းချင်ပါပြီ။”လို့ ပြောပါတယ်။
သို့သော်လည်း လေးကေကော်ဒေသ အစပြုတဲ့တိုက်ပွဲဟာ ရပ်တန့်သွားမယ့် အရိပ်အယောင်များ မတွေ့ရသေးဘဲ တိုက်ပွဲကြားက မြေစာပင်ဖြစ်ခဲ့ရတဲ့ ဒေါနတောင်ခြေက စစ်ရှောင်ပြည်သူတွေကတော့ ဝါးရုံအောက်၊ သစ်ပင်အောက်၊ တဲအောက်နဲ့ မြက်ရိုင်းပင်တွေကြားထဲမှာ ရာသီဥတုအအေးဒဏ်ကို အံတုရင်း ညပေါင်းများစွာ ဆက်လက်ဖြတ်သန်း နေရအုံးမယ့် အခြေအနေမှာရှိနေပါတယ်။
သဒါးစိုး ရေးသားသည်။