ကျောက်တော်တွင် အာဏာပိုင်များ၏တားမြစ်မှုကြောင့်ဖျက်သိမ်းလိုက်ရသည့် ဂီတဖျော်ဖြေပွဲကို ပြန်လည်ကျင်းပမည်

ကျောက်တော်တွင် အာဏာပိုင်များ၏တားမြစ်မှုကြောင့်ဖျက်သိမ်းလိုက်ရသည့် ဂီတဖျော်ဖြေပွဲကို ပြန်လည်ကျင်းပမည်

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ယမန်နေ့ညကျင်းပရန်ပြင်ဆင်ထားပြီးမှ အာဏာပိုင်များ၏တားမြစ်မှုကြောင့်ဖျက်သိမ်းလိုက်ရသည့် ကျောက်တော်လူငယ်များအစည်းအရုံး(KTYA)၏ နှစ်ပတ်လည်နေ့ ဂီတဖျော်ဖြေပွဲကို ပြန်လည် ကျင်းပမည်ဟု သိရသည်။

အဆိုပါဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၃ ရက် ည ၇ နာရီတွင် ကျောက်တော်မြို့ ရှမ်းရွာ စစ်မှုထမ်းဟောင်းရပ်ကွက်ရှိ ဇာတ်ပွဲကွင်းတွင် ယခင်စီစဉ်ထားသည့်အတိုင်း ပြန်လည်ကျင်းပသွားမည်ဟု KTYA ၏ ဥက္ကဋ္ဌ ကိုအောင်ဟိန်းလင်းက နိရဥ္စရာကိုပြောသည်။

“အဲဒီရပ်ကွက်ဇာတ်ကွင်းမှာလုပ်ဖို့ ယာယီလျာထားထားပါတယ်။ ခွင့်ပြုချက်တော့ မတောင်းတော့ဘူး။ ရှေ့က လုပ်ခဲ့တဲ့ဇာတ်ပွဲတွေကတော့ တစ်ခုမှ ခွင့်ပြုချက်မတောင်းခဲ့ကြဘူး”ဟု ပြောသည်။

ယင်းပွဲကို ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် ည ၇ နာရီတွင် ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်ရှိ မြို့မအားကစားကွင်းတွင် ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း ပွဲချိန်နီးကပ်မှ အာဏာပိုင်များက ကိုဗစ်ကြောင့်လူစုလူဝေးမလုပ်ရဟုဆိုကာ လာရောက်တားမြစ်မှုကြောင့် ပွဲကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။

မနက်ဖြန်ပြန်လည်ကျင်းပမည့် အဆိုပါဂီတဖျော်ဖြေပွဲတွင် ရခိုင်အဆိုတော်များဖြစ်ကြသည့် ညီမင်းခိုင်၊ သားငယ်၊ မင်းမင်းချေ၊ ဝင်းကိုခိုင်၊ ရဲလင်းအောင်၊ ခိုင်လင်း၊ L ကိုလင်း၊ ရီလှိုင်ပြာ၊ မိချော၊ ဒိုးကလေးနှင့် ဂျူးထက်ထက်အောင်တို့က သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။

ယင်းပွဲသည် ကျောက်တော်လူငယ်များအစည်းအရုံး၏ (၁) နှစ်ပြည့်နှစ်ပတ်လည်အဖြစ် အသင်းရန်ပုံငွေအတွက် ပြုလုပ်သောပွဲဖြစ်သည်။

ကျောက်တော်လူငယ်များအစည်းအရုံးကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် စိတ်ပါဝင်စားသူ ၁၃ ဦးဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင်အင်အား ၁၀၀ ဦးခန့်ရှိနေပြီဟု သိရသည်။

Most read this week