နိုင်ငံရေးအခြေအနေကြောင့် ခရစ္စမတ်ပွဲတော်ကျင်းပမည်မဟုတ်ကြောင်း ဟားခါးမြို့နယ် ခရစ်ယာန်ဂိုဏ်ပေါင်းစုံဆုံးဖြတ်

နိုင်ငံရေးအခြေအနေကြောင့် ခရစ္စမတ်ပွဲတော်ကျင်းပမည်မဟုတ်ကြောင်း ဟားခါးမြို့နယ် ခရစ်ယာန်ဂိုဏ်ပေါင်းစုံဆုံးဖြတ်

လက်ရှိကြုံတွေ့နေရသောနိုင်ငံရေးအခြေ အနေများကြောင့် ခရစ်ယာန်ဘာသာဝင်များ၏ အထွဋ်အမြတ်ထားရှိသော ခရစ္စမတ်ပွဲတော်ကို ယခုနှစ်တွင် ကျင်းပတော့မည်မဟုတ်ကြောင်း ဟားခါးမြို့နယ် ခရစ်ယာန် ဂိုဏ်းပေါင်းစုံများက ထုတ်ပြန်ထားသည်ဟု သိရသည်။

ယေရှုမွေးဖွားသော ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ခရစ်ယာန်ဘာသာဝင် ၉၀ ရာခိုင်နှုန်းခန့်နေထိုင်သည့် ချင်းပြည်နယ်တွင် နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာဖြင့် မြို့နယ်အသီးသီး၌ ကျင်းပလေ့ရှိသော်လည်း ယခုနှစ်မှာမူ နိုင်ငံရေးအခြေ အနေကြောင့် ဟားခါးမြို့နယ်တွင် ကျင်းပဖြစ်မည်မဟုတ်ကြောင်း အမည်မဖော်လိုသော ဟားခါးမြို့မှ ဓမ္မအမှုတော်ဆောင် ပါစတာတစ်ဦးကပြောသည်။

“တော်လှန်ရေးကလည်းရှိသေးတယ်။ မြို့ထဲမှာ ပစ်ခတ်တာမျိုးက ရှိသေးတယ်။ မနှစ်ကတော့ တော်လှန်ရေးအတွက်ဘယ်သူမှ လက်နက်မကိုင်ကြသေးပေမယ့် ဒီနှစ်မှ စကိုင်တယ်ဆိုတော့ ဘယ်လိုလုပ် ကျွန်တော်တို့ သားသမီးတွေ တောထဲ မှာရှိနေတယ်။ သေမလားရှင်မလားဆိုပြီး ခက်ခက်ခဲခဲနဲ့ နေထိုင်တဲ့အချိန်မှာ မိဘတွေက ဘယ်လိုလုပ်အိမ်မှာ ပွဲတော်ကို ဆင်နွဲရဲမှာလဲ” ဟု ပါစတာကပြောသည်။

ခရစ္စမတ်ပွဲတော်နှင့်ပတ်သက်၍ ဘုရားကျောင်း၊ ပလ္လင်၊ ဆိုင်းဘုတ်အလှဆင်ခြင်းနှင့် အိမ်အတွင်းပိုင်းအလှဆင်ခြင်းတို့သာ ပြုလုပ်ရန်ကြရန်၊ ကျေးရွာ၊ ရပ်ကွက်အတွင်း လမ်း အလှဆင်ခြင်း၊ အသင်းတော်နှင့် ရပ်ကွက်များတွင် ခရစ္စမတ်နေ့စုဝေး ဝတ်ပြုဆုတောင်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်း၊ နှစ်သစ်ကူးပွဲကျင်းပခြင်းများမပြုလုပ်ကြရန်၊ ဓမ္မအမှု တော်ဆောင်များမှာ လည်း ရုံးနှင့် အခြားနေရာတို့တွင် ခရစ္စမတ်ပွဲ ဖိတ်ကြားခံရမည်ဆိုပါက မပါဝင်ရန် ဟားခါးမြို့နယ် ခရစ်ယာန်ဂိုဏ်ပေါင်းစုံမှ ထုတ်ပြန်ထားသည်။

ဟားခါးမြို့မှ ပါစတာတစ်ဦးကလည်း “ နိုင်ငံရေးအခြေအနေမကောင်းတဲ့အခါကြတော့ လုပ်မယ်ဆိုရင်လည်း နည်းနည်း တော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်တော့ ဒီနှစ်တော့ လုပ်တာထက်မလုပ်တာက ပိုကောင်း မယ်လို့ ကျွန် တော်တို့ အထက်က ပါစတာကြီး၊ ဆရာကြီးတွေက ဆုံးဖြတ်ထားတာ။ အလှဆင်တာ တွေလည်း မလုပ်ဖို့၊ ခရစ္စမတ်ပွဲ မကျင်းပဖို့၊ အကြိုလည်း မကျင်းပဖို့” ဟုပြောသည်။

ထို့အပြင် သွေးချင်းညီကို ထန်တလန်မြို့မှ ပြည်သူများ နေအိမ်မီးလောင်ကာ မြို့ကိုစွန်ခွါ၍ စစ်ဘေးတိမ်းရှောင်နေကြသည့် အချိန်တွင် ခရစ္စမတ်ပွဲတော်ကိုကျင်းပရန် မဖြစ်နိုင်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။

 ဟားခါးမြို့ပေါ်တွင် ခရစ်ယာန်အသင်းတော်ပေါင်း ၅၀ ဝန်းကျင်ရှိသည်ဟုသိရပြီး ခရစ်ယာန်ဂိုဏ်ပေါင်းစုံမှ ထုတ်ပြန်ချက် မှာ ဟားခါးမြို့ပေါ်ရှိ အသင်းတော်များသာ ခရစ္စမတ်ပွဲတော်ကို ကျင်း ပခြင်း မပြုလုပ်ရန်ဖြစ်သည်ဟုလည်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာနှစ်ခြင်းခရစ်ယာန်မိတ်သဟာယကလည်း အသင်းတော်များနှင့် အသင်းတော်ဝင်များသို့ နိုဝင်ဘာလ ၂၂ ရက်နေ့က မေတ္တာရပ်ခံချက်တစ်စောင်ထုတ်ပြန်ကာ ခရစ္စမတ်ပွဲတော်အတွက် အကုန်အကျခံ၊ လုပ်ဆောင်ကြမည့် ငွေပမာဏထဲမှ စစ်ဘေးဒုက္ခခံနေရသော အကူအညီလိုအပ်နေသည့်ပြည်သူများအား စိတ်အားထက်သန်စွာ ပါဝင်ပေးလှူ ကြရန်အလေးအနက်မေတ္တာရပ်ခံထားသည်။

မြန်မာနိုင်ငံသည် စစ်ခေါင်းဆောင်များ၏ မတရားဖိဆီးမှုအောက်မှလွှတ်မြောက်နိုင်ရန်အတွက် မိမိတို့အသက်အိုးအိမ်များ စွန့်ကာ အမှန်တရားအတွက်၊ နည်းမျိုးစုံဖြင့်တိုက်ပွဲဝင်နေကြသောသူများ၊ မရေမတွက်နိုင်အောင်ရှိနေပြီး ထိုသူများအတွက် စားဝတ်နေရေးဆိုင်ရာအခက်အခဲများအား ကူညီပေးနိုင်ရေးမှာလည်း အလွန်အမင်းလိုအပ်လျက်ရှိနေချိန်ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာမြန်မာနှစ်ခြင်းခရစ်ယာန်မိတ်သဟာယကထုတ်ပြန်ထားသည်။

November 6, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်ကို ပို့ဆောင်မည့် ဖောက်ကွဲရေးပစ္စည်းတချို့ကို...
November 6, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို ယနေ့ (နိုဝင်ဘာလ ၆ ရက်နေ့)...
November 5, 2024
ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့၏ ...
November 4, 2024
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာစစ်ဘေးရှောင် ၁...