သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်မကျေးရွာအုပ်စုအတွင်း ငွေရည်ပုလဲ ကုမ္ပဏီမှ ကျောက်မီးသွေး ဆက်လက် တူးနေကြောင်း စုံစမ်းသိရှိရသည်။
နိုဝင်ဘာ ၂၃ ရက်တွင် သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ကျောက်မီးသွေးတူးဖော်မှုကို ရပ်တန့်ပေးပြီး လူထုများ၏ စားဝတ်နေရေးအတွက်ကို ကြည့်ပေးသင့်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
“သူတို့ အသစ်ထပ်တူးတော့မယ်။ သူတို့ ဒေသခံတွေကို ကြည့်ပေးသင့်တယ်။ ကျောက်မီးသွေး ထပ်တူးရင် ဒေသခံတွေက စိုက်ပျိုးရေးတွေ ထိခိုက်လာတယ်။ ရေတွေလည်း ညစ်ညမ်းလာမယ်” ဟု သျှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ပြောခွင့်ရ စိုင်းရွက်လွင်က ပြောသည်။
ထို ငွေရည်ပုလဲကုမ္ပဏီသည် သီပေါမြို့နယ်ထဲ ကျောက်မီးသွေး တူးဖော်မှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ကစပြီး တူးဖော်မှုကို ရပ်ဆိုင်ပေးမည်ဟု ဒေသခံများနှင့် ကုမ္မဏီအကြား စာချုပ်ချုပ်ဆိုခဲ့ကြသည်။
သို့သော် လက်ရှိ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူမှုကြောင့် ငွေရည်ပုလဲကုမ္ပဏီက စစ်ကောင်စီ၏ နောက်ခံဖြင့် သီပေါမြို့နယ် နမ့်မ ဟိုးနာ့မ ရေဝင်ကြောနေရာအသစ် ထပ်မံပြီး ကျောက်မီးသွေး တူးဖော်မည်ဖြစ်ကြောင်း သိရသည်။
“အရင်က ဒေသခံနဲ့ ကုမ္မဏီကြားက ထပ်မတူးဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်။ အဲတုန်းကတော့ NLD အစိုးရ လက်ထက်လေ။ အခုက အစိုးရအသစ်ဆိုတော့ သူတို့ ဒီအစိုးရရဲ့ ကာဗာယူပြီးတော့ ထပ်လာတူးတာ။ စာချုပ်ကိုလည်း ပယ်ဖျတ်ပစ်တယ်။ ကျူးကျော်ပြီး ထပ်လာတူးနေတာပေါ့” ဟု စိုင်းရွက်လွင်က ပြောသည်။
ယခု ဆက်လက်တူးမည့် ဟိုးနာ့မ သည် နမ့်မအုပ်စု၏ အဓိက ရေဝင်ကြောဖြစ်ပြီး ထိုနေရာကို ဆက်လက်တူးဖော်ပါက ဒေသခံများ သုံးရေးအတွက် အခက်ခဲများစွာရှိလာနိုင်ကြောင်း စိုင်းရွက်လွင်က ထပ်လောင်းပြောသည်။
“ဟိုးနာ့မ က ရေထွက်တဲ့နေရာ ဖြစ်တယ်။ အဲနားတူးလိုက်ရင် ဒေသခံတွေသုံးဖို့ ရေတွေက အခက်ခဲတွေရှိလာနိုင်တယ်။ ရေတွေ ပိုပြီး ညစ်ညမ်းလာမယ်။ နမ့်မကျေးရွာအုပ်စုက အဲရေကို အဓိက အသုံးပြုကြတာဖြစ်တယ်” ဟု စိုင်းရွက်လွင် က ဆိုသည်။
ငွေရည်ပုလဲကုမ္မဏီမှ ဆက်လက်တူးဖော်မည့် ကျောက်မီးသွေးများကို ရပ်တန့်ပေးရန်အတွက် ဒေသခံများကလည်း အထပ်ထပ်အခါခါ ကန့်ကွက်ဆန္ဒပြခဲ့သည်။
ငွေရည်ပုလဲကုမ္မဏီသည် သီပေါမြို့နယ်ထဲ ၂၀၀၄ ခုနှစ်မှ စတင်ကာ တူးဖော်ခဲ့ပြီး လက်ရှိတွင် နားကွန်ကျေးရွာနှင့် ကုန်းပေါင်းကျေးရွာကြားတွင် ဆက်လက်တူးဖော်နေလျက်ရှိကြောင်း သိရသည်။ ထိုကျောက်မီးသွေးတူးဖော်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ဆိုးကျိုးခံစားနေရကြောင်း သိရသည်။