စစ်တွေတက္ကသိုလ် ဓမ္မာရုံတည်ဆောက်မှုကို ဘာသာရေးဖိနှိပ်မှုအဖြစ် ကျောင်းသားများကရှုမြင်

စစ်တွေတက္ကသိုလ် ဓမ္မာရုံတည်ဆောက်မှုကို ဘာသာရေးဖိနှိပ်မှုအဖြစ် ကျောင်းသားများကရှုမြင်

စစ်တွေတက္ကသိုလ်တွင် ဓမ္မာရုံတည်ဆောက်မည့်အစီအစဉ်ကို ဘာသာရေးအရဖိနှိပ်မှုအဖြစ် ကျောင်းသားများကရှုမြင်ကြပြီး တည်ဆောက်မှုကိုလည်း ကန့်ကွက်မှုများရှိနေကြသည်။

သို့ရာတွင် ကန့်ကွက်မှုများရှိသော်လည်း စစ်တွေတက္ကသိုလ်ဓမ္မာရုံဆောက်လုပ်မှုကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဓမ္မာရုံဆောက်လုပ်ရန် ၂၀၁၇ ခုနှစ်မှ စတင်ကြိုးပမ်းခဲ့ရာ ကျောင်းသားများ၏ကန့်ကွက်မှုကြောင့် အချိန်ကြန့်ကြာခဲ့ရကြောင်း စစ်တွေတက္ကသိုလ် သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးက ပြောသည်။

“ကျောင်းသားတွေကန့်ကွက်တာကြောင့် ဒီလိုမျိုး အချိန်တွေကြန့််ကြာခဲ့ရတာ။ ဒါပေမဲ့လည်း သံဃာတော်တွေက ဒီလိုမျိုးဓမ္မာရုံကရှိသင့်တယ်လို့ မိန့်ကြားတယ်လေ။ အဲဒါကြောင့် ဒီအစီအစဉ်ကိုလုပ်ကြတာဖြစ်ပါတယ်။ ကျောင်းသားတွေကတော့ ဒီကိစ္စအပေါ်မှာ သဘောမကျတဲ့ပုံစံမျိုးပြတာတွေရှိခဲ့တယ်။ အခုလည်းရှိနေတယ်ပေါ့၊ ဒါပေမဲ့အနည်းစုပါ၊ သူတို့ပြောတာက တခြားဘာသာဝင်တွေလည်းရှိတယ်ပေါ့နော်”ဟု ၎င်းကပြောသည်။

စစ်တွေတက္ကသိုလ်တွင် အခြားသာဘာဝင် ကျောင်းသားကျောင်းသူများလည်း တက်ရောက်နေသည့်အတွက် သာဘာရေးကိစ္စ ကင်းရှင်းစေလိုကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုဘုန်းပြည့်ဖြိုးက ပြောသည်။

ယင်းသို့ဆောက်လုပ်မှုကို ကန့်ကွက်မည်မဟုတ်ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းက ပြောသည်။

“ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားဟောင်းတွေက ဓမ္မာရုံဆောက်လုပ်မယ့်အစီအစဉ်ကို လာတင်ပြတယ်။ ကျနော်တို့ဘက်ကလည်း ဘာမှကန့်ကွက်စရာမရှိပါဘူး။ ဘာသာရေးအရ အခုလိုမျိုးကိစ္စတွေမလုပ်ရဘူးဆိုတာလည်း ကျနော်တို့ကပြောမထားပါဘူး။ တက္ကသိုလ်နဲ့ကျောင်းတွေမှာ သူတို့ရဲ့အလှူငွေနဲ့ သူတို့ဓမ္မာရုံဆောက်မှာကို ကျနော်တို့က ကန့်ကွက်စရာအကြောင်းမရှိပါဘူး”ဟု ၎င်းကပြောသည်။

ကျောင်းသားများကန့်ကွက်မှုရှိသော်လည်း ဓမ္မာရုံကို ဆက်လက်လုပ်ဆောင်ခြင်းမှာ ဘာသာရေးအရ ဖိနှိပ်လာခြင်းဖြစ်သကဲ့သို့ ကျောင်းသားသမဂ္ဂဦးဆောင်ပါဝင်မှုအပိုင်းကိုလည်း ဖိနှိပ်လာခြင်းဖြစ်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုတိုးတိုးအောင်ကပြောသည်။

“ဒီလိုလုပ်တာက အများကြီး ဘာသာရေးအရဖိနှိပ်လိုက်တာလို့မြင်တယ်။ ကျနော်တို့လူအသိုင်းအဝိုင်းက ဒါတွေကိုလက်မခံတော့ဘူး။ ရခိုင်လူအသိုင်းအဝိုင်းက ကောင်းမွန်တဲ့ပုံစံတစ်ခုနဲ့ အနာဂတ်တစ်ခုကိုသွားနေတဲ့အချိန်ဖြစ်တယ်။ ဒါကို ဒီလိုမျိုးလာပြီးတော့ ခွဲခွဲခြားခြားလုပ်တာက တခြားဘာသာမတူတဲ့ မျိုးနွယ်စုတွေနဲ့ ကျနော်တို့သမဂ္ဂတွေကြားမှာ ပြဿနာတွေဖြစ်လာအောင်လုပ်တာလို့ပဲ ကျနော်တို့မြင်တယ်။ နောက်တစ်ခုက အခုချိန်မှာ သူတို့က သမဂ္ဂတွေကို ဂုတ်ချိုးလိုက်တာလို့မြင်တယ်။ ခေါင်းမဖော်နိုင်အောင် ပါဝါအရ လုပ်နေတာလို့မြင်တယ်”ဟု ၎င်းကဆိုသည်။

တက္ကသိုလ် ဆရာ၊ဆရာမများက အဓိကဦးဆောင်ပြုလုပ်နေသည့် စစ်တွေတက္ကသိုလ်ဓမ္မာရုံကို ကျပ်သိန်းပေါင်းသုံးထောင်အကုန်ကျခံကာ ဆောက်လုပ်သွားရန်စီစဉ်ထားသော်လည်း လက်ရှိတွင် တက္ကသိုလ်ဆရာ၊ဆရာမများနှင့် အခြားစေတနာရှင်များထံမှ အလှူငွေ ကျပ်သိန်းတစ်ထောင်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

ယင်းဓမ္မာရုံကို ၃ နှစ်အတွင်း အပြီးတည်ဆောက်ရန်စီစဉ်ထားပြီး အလားတူ တောင်ကုတ်ဒီဂရီကောလိပ်တွင်လည်း ဓမ္မာရုံဆောက်လုပ်မည်ဆိုသည့်သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီမှ စီမံအုပ်ချုပ်နေသည့်အနေအထားဖြစ်သောကြောင့် ယခုအချိန်တွင် ဘာမှတုန့်ပြန်ဆောင်ရွက်သွားမည်မဟုတ်ကြောင်းနှင့် ကျောင်းသားသမဂ္ဂများ စီမံခွင့်ရှိသည့်အချိန်မှသာ ကျောင်းသားများလိုချင်သည့်အခြေအနေကို ဖန်တီးသွားမည်ဖြစ်ကြောင်း တောင်ကုတ်ဒီဂရီကောလိပ်မှ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုသော်ဇင်ထွန်းကပြောသည်။

Most read this week

September 26, 2024
စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက်...
September 26, 2024
ရခိုင်ပြည်၊ သံတွဲမြို့ကို ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီက...
September 25, 2024
ရခိုင်စစ်မျက်နှာတွင် အရေးမလှဖြစ်နေသော စစ်ကောင်စီသည် ရခိုင်တောင်ပိုင်းတွင် သီးခြားတည်ရှိသည့်...
September 24, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာမှ ဒေသခံတစ်ဦးမှာ စစ်ကောင်စီ၏...