ဘားအံမြို့နယ် ဟတ္တလိုက်ကျေးရွာအုပ်စုမှာ တပ်စွဲထားတဲ့ နယ်ခြားစောင့် BGF တပ်ပြန်ဆုတ်သွားလို့ စစ်ရှောင်တချို့ နေရပ်ပြန်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ နယ်ခြားစောင့်တပ်(BGF)တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ တိမ်းရှောင်ခဲ့ရပြီး အခုလက်ရှိမှာတော့ BGF တပ်တွေက ပြန်လည်ရုတ်သိမ်းခဲ့တာကြောင့် ရွာသားတွေ နေရပ်ပြန်လာနေကြပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက KNLA တပ်မဟာ ၁ နဲ့ နယ်ခြားစောင့်တပ်တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ BGF ဘက်က ထိခိုက်ကျဆုံးမှုများပြီးနောက် တပ်ပြန်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။
BGF တပ်တွေအနေနဲ့ KNU ထိန်းချုပ်နယ်မြေထဲ ထပ်မံ ဝင်ရောက်လာမယ်ဆိုရင် တိုက်ပွဲတွေ ဆက်ရှိနိုင်တယ်လို့ KNU ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တစ်ဦးက အခုလို ပြောပါတယ်။
“ရွာသားတွေကတော့ စစ်ကောင်စီနဲ့ ဘီဂျီအက်ပူးပေါင်းအဖွဲ့တွေ လာလို့ရှိရင် ခဏတဖြုတ် ရှောင်နေတာပေါ့။ သူတို့ပြန်လို့ရှိရင် ရွာသားတွေကတော့ ပြန်ဝင်တာပေါ့ ရွာထဲကို။ အမျိုးသားတွေကျတော့ အကုန်လုံးထွက်ပြေးကုန်ကျတာပေါ့။ သူတို့မပြန်ခင်အထိပေါ့။ အမျိုးသမီးကတော့ ရှိတာပေ့ါ။ သူတို့ဝင်လာရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်။ စစ်ကောင်စီနဲ့ ဘီဂျီအက်ပူးပေါင်းအဖွဲ့တွေက စစ်ရေးလှုပ်ရှားမှုရှိရင် တိုက်ပွဲတွေဖြစ်နေမှာပဲ။ ကျနော်တို့ ကေအဲန်ယူထိန်းချုပ်နယ်မြေထဲ ဝင်လာလို့ရှိရင် ဖြစ်မှာပဲ။ အခု ကျွန်တော်တို့ နယ်မြေထဲကနေ ပြန်ထွက်သွားပြီ။ သူတို့စစ်ရေးလှုပ်ရှားမှုရှိရင် ဒီကနေ ပြန်ပစ်မှာပေါ့” လို့ ကေအဲန်ယူ ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ဖလံတောင်တိုက်နယ်ဆေးရုံကို ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ပြီး ဆေးဝါးနဲ့ ဆေးရုံအသုံးအဆောင်ပစ္စည်းတွေကို ဝင်ရောက်ယူဆောင်သွားခဲ့တာကြောင့် ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေဟာ ပြန်မလာရဲကြသေးဘူလို့ KNU က ဆိုပါတယ်။
စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF တွေဟာ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး ပေါ်တာအဖြစ်ခိုင်းစေတာ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားပါတယ်။