ထားဝယ်အကျဉ်းထောင်အတွင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင် အပါအဝင် ထောင်ဒဏ် အမိန့်ချ အပြစ်ပေးခံထားရသူ နိုင်ငံရေးအကျဉ်းသား အယောက် ၄၀ ဝန်းကျင်ခန့် ရှိသည်ဟု ထားဝယ်နိုင်ငံရေး အကျဉ်း သားများ ကွန်ယက် DPPN ၏ မှတ်တမ်းစာရင်းများအရ သိရသည်။
ထားဝယ်အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အချုပ်သားအနေဖြင့် အမှုရင်ဆိုင်နေရသူ ခန့်မှန်း ခြေ အယောက် ၁၅၀ ဝန်းကျင်ခန့် ရှိနိုင်သည်ဟု DPPN က ပြောသည်။
အောက်တိုဘာလအတွင်း စစ်ကောင်စီမှ ထောင်ဒဏ်ကျခံသူများကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသား အချို့ ကျန်နေခဲ့သည်ဟု ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ယက် Dawei Political Prisoners Network(DPPN) ၏ မှတ်တမ်းများတွင် ရေးသားထားသည်။
ဝန်ကြီးချုပ်ဦးမြင့်မောင်သည် နှစ်ရှည် ထောင်ဒဏ်အသီးသီး အမိန့်ချခံရသူများ အထဲတွင် နှစ်အများဆုံး ကျခံ နေရသူဖြစ်သည်။
အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပုဒ်မ ၅၀၅-က အမှုအချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ပြီး ထား ဝယ်အကျဉ်းထောင်ထဲတွင် အမိန့်ချခံထားသူ ၂၈ ဦးဝန်းကျင် ကျန်ရှိနေသေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် နိုဝင်ဘာလ ၂၀ ရက်နေ့ အထိ တလတာအတွင်း ထပ်မံ ထောင်ဒဏ်အမိန့်ချခံရသူများမှာ စာရင်းအရ ၁၂ ဦးထပ်တိုးလာသည်ဟု DPPN က ဆိုသည်။
လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားအချို့ အကြမ်းဖက် ဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုခံထားရပြီး အချို့နိုင်ငံရေး အကျဉ်းသားများက အကြမ်းဖက် ဥပဒေပုဒ်မ ၄ ခု ခန့်အထိ စွပ်စွဲ ပုဒ်မများတပ်ခံထားရပြီး တရားရင်ဆိုင်နေကြ ရသည်။
အမိန့်ချခံထားရတဲ့သူ အချို့က အမိန့်မချရသေးသည့် နောက်ဆက်တွဲအမှုများကို ရှေ့နေရှေ့ရပ်များ မပါဘဲ ဆက် လက်တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။
ထားဝယ်ခရိုင်အတွင်း နေ့စဉ် ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေပြီး အမှုဖွင့်အရေးယူမှုများ ရှိနေသကဲ့သို့ အချို့ အဖမ်းခံရသူများကိုလည်း ငွေသိန်းချီတောင်းကာ ပြန်လွှတ်ပေးခြင်းများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။