ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာ (Aklui Khua) တွင်နေထိုင်သော အသက် ၂၇ နှစ်အရွယ် မီးပွားခါစ အမျိူးသမီးတစ်ဦးကို လင်ယောကျာ်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၁၁ ရက်နေ့က အဓမ္မပြုကျင့်ခဲ့ကြောင်း Chinland Defense Force- Kalay-Kabaw-Gangaw (CDM-Siyin) ၏ ထုတ်ပြန်ချက်အရ သိရသည်။
အပ်လွယ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့တချိူ့သည် နိုဝင်ဘာလ ၁၁ ရက်ည ၁၁ နာရီဝန်းကျင်ခန့်တွင် အဆိုပါအမျိုးသမီး၏နေအိမ်သို့ဝင်ရောက်ကာ အမျိူသားဖြစ်သူကို ဖမ်းဆီးချုပ်နှောင်ကာ အမျိူးသမီးဖြစ်သူကို လင်ယောကျာ်းရှေ့တွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ည်ဟု Chinland Defense Force- Kalay-Kabaw-Gangaw (CDM-Siyin) ကော်မတီဝင်တစ်ဦးကပြောသည်။
“ ည ၁၁ နာရီဝန်းကျင်မှာ အဓမ္မပြုကျင့်ခံရတဲ့အိမ်ကို စစ်သားသုံးယောက်ဝင်လာပြီး တခါထဲ သူ့ယောင်္ကျားကိုသေနတ်နဲ့ ချိန်ပြီးမှ လေးဖက်ကုန်းသွားခိုင်းပြီးမှ ရေချိုးခန်းမှာ ဝပ်ခိုင်းပြီးမှ လုံးဝခေါင်းကိုမထောင်ခိုင်းဘူး ၊ ခေါင်းထောင်တာနဲ့ ဘေးမှာရှိတဲ့ ကြွေပန်းကန်နဲ့ထု၊ ရှိတဲ့ဟာနဲ့ ထု၊ သေနတ်နဲ့ တယောက်က ချိန်ထား ပြီးမှ ကျန်တဲ့နှစ်ယောက်က အဓမ္မပြု ကျင့်တယ်၊ နောက်သုံးယောက်စလုံးက တစ်ယောက်တလှည့်စီပြုကျင့်တယ်၊ ကာယကံရှင်ကိုယ်တိုင်က ကျွန်တော်တို့စီကို လာတိုင်တာပါ” ဟု CDM-Siyin ကော်မတီဝင်ကပြောသည်။
အဆိုပါအမျိုးသမီးအား ပထမအကြိမ်အဓမ္မပြုကျင့်ပြီးနောက် စစ်ကောင်စီတပ်သား ၂ ဦးမှာ ည ၁၂ နာရီခန့်တွင်ထပ်မံရောက်ရှိလာပြီး ဒုတိယအကြိမ်အဓမ္မပြုကျင့်ကာ အမျိုးသမီး၏ လက်ဝတ်လက်စားများကိုပါ ချွတ်ယူသွားသည်ဟု သိရသည်။
အဓမ္မပြုကျင့်ခံရသည့်အမျိူးသမီးမှာ မီးနေသည်တစ်ဦးဖြစ်ကာ ကလေးမွေးဖွားသည်မှာ ၁ လခွဲခန့်သာရှိသေးကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် အမျိုးသမီးဖြစ်သူမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်ကာ လက်ရှိတွင် လုံခြုံ ဘေးကင်းရာနေရာတွင် ရွေ့ပြောင်းထားကြောင်း သိရသည်။
“သူ့မိဘတွေနဲ့တောင် စကားမပြောရဲဘူး ရှက်နေတယ်၊ ပြီးတော့မှ လူလည်းအသိမခံချင်းဘူး စိတ်အားလည််း အရမ်းအား ငယ်တယ်၊ သူ့ယောင်္ကျားကလည်း သူ့မိန်းမကို တအားလည်းသနားနေတယ်” ဟု CDM-Siyin ကော်မတီဝင်ကပြောသည်။
အပ်လွယ်ကျေးရွာသည် တီးတိန်မြို့နှင့် ၂၅ မိုင်ခန့်ကွာဝေးပြီး ကလေးမြို့မှ တီးတိန်မြို့သွားသည့် ကားလမ်းမပေါ် ကနေဒီ တောင်ခြေတွင်ရှိသော ကျေးရွာဖြစ်သည်။ လက်ရှိ ၎င်းကျေးရွာတွင် ရွာသားအားလုံးနီးပါး နီးစပ်ရာကျေးရွာများကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုအခါအပ်လွယ်ကျေးရွာမှထွက်ခွါသွားပြီး သိုင်ငင်းကျေးရွာတွင် တပ်စွဲထားသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်နေကြသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ စစ်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသော ချင်းအမျိုးသမီးအား အဓမ္မပြုကျင့်သည့် လုပ်ရပ်သည် ချင်းတစ်မျိုးသားလုံးအားစော်ကားခြင်းဖြစ်ပြီး ပြန်လည်လက်တုံ့ပြန်သွားမည်ဟု Chinland Defense Force- Kalay-Kabaw-Gangaw (CDM-Siyin) က ထုတ်ပြန်ထားသည်။
အလားတူ မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မီးနေသည်မိခင်အား စစ်ကောင်စီတပ်ဖွဲ့က အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုသည် ချင်းတစ်မျိုးသားလုံးအား စော်ကားခြင်းဖြစ်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။