DKBA ၏ စစ်ဦးစီးချုပ်၊ ဒု-စစ်ဦးစီးချုပ် နှစ်နေရာစလုံး ဒု-ဗိုလ်ချုပ်ကြီးစောစတီးက ပူးတွဲတာဝန်ယူမည်

DKBA ၏ စစ်ဦးစီးချုပ်၊ ဒု-စစ်ဦးစီးချုပ် နှစ်နေရာစလုံး ဒု-ဗိုလ်ချုပ်ကြီးစောစတီးက ပူးတွဲတာဝန်ယူမည်

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၏ ဒုတိယဗိုလ်ချုပ်ကြီးစောစတီးကို လစ်လပ် စစ်ဦးစီးချုပ် ခန့်အပ်လိုက်ကြောင်းနှင့် တဆက်တည်း ဒု-စစ်ဦးစီးချုပ်တာဝန်ကိုပါ ပူးတွဲထမ်းဆောင်သွားမည်ဖြစ်ကြောင်း DKBA (ဗဟို) ခေါင်းဆောင်တစ်ဦးက ကေအိုင်စီသို့ ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြောသည်။

DKBA စစ်ဦးစီး ဒုတိယတန်း ဗိုလ်မှူးစောဖားဘလက်က “ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်က ၁၁ဦးရှိ တယ်။ အခုက ဗိုလ်ချုပ်မိုရှေး မရှိတော့ ၁၀ ဦးပဲကျန်ပြီး အဲ့ ၁၀ ဦးကနေ စည်းဝေးပြီးတော့ အခုဆုံးဖြတ်ချက်အတိုင်း ထုတ်ပြန်လိုက်တာဖြစ်တယ်။ အခုက ဒု-စစ်ဦးစီးချုပ်ကို ခန့်အပ်ဖို့ လူကမရှိသေးတော့ စစ်ဦးစီးချုပ်ကော၊ ဒုစစ်ဦးစီးချုပ်ကော သူတစ်ယောက်ပဲ လောလောဆယ် ပူးတွဲ တာဝန်ယူသွားလိမ့်မယ်။” ဟု ပြောသည်။

DKBA ဗဟိုစစ်ဌာနချုပ်ရုံး၏ ယနေ့ထုတ်ပြန်ချက်ထဲတွင် အလုပ်အမှုဆောင်ကော်မတီ၏ အရေးပေါ်အစည်းအဝေး သဘောတူဆုံးဖြတ်ချက်အရ လစ်လပ်လျှက်ရှိသော စစ်ဦးစီးချုပ်နေရာတွင် ဒု-ဗိုလ်ချုပ်ကြီးစောစတီးကို စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ စစ်ဦးစီးချုပ်တာဝန်ကို ပေးအပ်လိုက်ကြောင်း ဖော်ပြပါရှိသည်။

ယခင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးမှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က ကိုဗစ်ကူးစက်ရောဂါဖြင့် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံစစ်ဆေးရုံ၌ ကွယ်လွန်ခဲ့ပြီးနောက် စစ်ဦးစီးချုပ်နေရာ လစ်လပ်ခဲ့သည်။

တစ်လကျော်ကြာ လစ်လပ်ခဲ့သည့် DKBA ၏ စစ်ဦးစီးချုပ်တာဝန်ကို မခန့်အပ်နိုင်သေးမှီ ကြားကာလတွင် အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (EC) က ယာယီဦးဆောင်မှုပြုခဲ့ကြောင်း ဩဂုတ်လ ၄ ရက်နေ့က သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များထံ DKBA ဗဟိုက အသိပေး အကြောင်းကြားခဲ့သေးသည်။

DKBA သည် ၁၉၉၄ ခုနှစ်တွင် မိခင်ကရင်အမျိုးအသားအစည်းအရုံး-KNU မှ ခွဲထွက်၍ တိုးတက်သော ဗုဒ္ဓဘာသာကရင်တပ်မတော်-DKBA အနေဖြင့် ရပ်တည်ခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်၊ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ဗိုလ်ချုပ်ကြီးစောလားပွယ်က လက်မခံခဲ့ဘဲ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အနေဖြင့် ခွဲထွက်ရပ်တည်ခဲ့သည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့အနက် တစ်ဖွဲ့အပါအဝင်ဖြစ်သည်။

 
 

 

 

Most read this week

November 6, 2024
ပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများကြား တူညီသော ဦးတည်ချက်ဖြင့် မူဝါဒအရ...
November 6, 2024
ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ရန်ကုတ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နေရာနှင့် ကျုံဒိုး...
November 5, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ သထုံခရိုင်/ တပ်မဟာ(၁)၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများသို့...