တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရက်သားအရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ကူးစက်ခံရသူ ၁၅၀ ကျော်ရှိ

တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရက်သားအရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ကူးစက်ခံရသူ ၁၅၀ ကျော်ရှိ

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ၂၈ ရက်သားအရွယ် ကလေးငယ်တစ်ဦး ယနေ့နံနက်ပိုင်းက သေဆုံးခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၁၅၀ ကျော်ရှိသွားပြီဟု တမူးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းကပြောသည်။

တမူးမြို့တွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကစ၍ RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးခဲ့ရာ ဇွန်လ ၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၀ ကျော်ခန့်ရှိခဲ့ပြီး ယနေ့ နောက်ဆုံးစစ်ဆေးချက်အရ ၂၁ ဦး ထပ်မံတွေ့ရှိကာ စုစုပေါင်း ၁၇၁ ဦးထိ Positive လူနာရှိသွားပြီဖြစ်သည်။

"ကိုဗစ်ကူးစက်လူနာ ဒီနေ့ဆိုရင် ၂၁ ဦးထပ်တိုးတယ်၊ ပိုးတွေ့လူနာများလာတော့ ဒီနေ့ဆို မနက် ၃ နာရီလောက် ၂၈ ရက်သားလေးသေဆုံးတာရှိတယ်၊ သူ့အမေကလည်း Positive လူနာလည်းဖြစ်တော့ အဲလိုဖြစ်သွားတာ" ဟု တမူးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးက ပြောသည်။

ကိုဗစ်ပိုးတွေ့လူနာများကို တမူးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် မင်းသားတိုက်နယ်ဆေးရုံတို့တွင် ကြပ်မတ်ကုသပေးလျှက်ရှိကာ သံသယလူများကိုမူ အစိုးရဆောက်လုပ်ရေးဝန်းထဲတွင် ကွာရန်တင်းအဖြစ် ထားရှိသည်ဟုသိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လာခြင်းကြောင့် ပါဆယ်စနစ်ကျင့်သုံးခြင်း မြို့အဝင်/ထွက် ခရီးသွားလုပ်ငန်းများ ပိုမိုကြပ်မတ်ပေးရန် တိုင်းဒေသကြီးသို့ တင်ပြထားကြောင်း ဒု-အုပ်ချုပ်ရေးမှူးကပြောသည်။

အိန္ဒိယ-မြန်မာအမှတ် (၁) နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်ရာမြို့ဖြစ်သည့် တမူးမြို့တွင် ယခင် ကိုဗစ်ပထမလှိုင်းဖြစ်ပွားချိန်ကတည်းက နယ်စပ်ကုန်သွယ်ရေးအား ပိတ်ထားကာ ယနေ့ချိန်ထိ တရားဝင် ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးကြောင်း သိရသည်။

Most read this week

ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...