Civil Disobedience Movement- CDM လှုပ်ရှားမှုတွင်ပါဝင်ပြီး မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်သည့် ကျောင်းဆရာမတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း
မဝတ်ရည်စိုး (အမည်လွဲ) သည် ကရင်ပြည်နယ် ဘားအံမြို့နယ်က ကျေးလက်ဒေသရှိ ကျေးရွာတစ်ရွာမှာ မူလတန်းပြ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ်နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်သော ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲရုံဝန်ထမ်းအဖြစ်တာဝန်ထမ်းခဲ့သူတစ်ဦးလည်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တပ်မတော်က လက်မခံသည့်အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာသိမ်း ယူလိုက်ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာပြည်သူလူထုများသည် “လှဲနေလှေအောင်းမြင်းစောင်းမကျန်” လမ်းမပေါ်ထွက်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒဖော်ထုတ်မှု ဆင်နွှဲခဲ့ကြပြီး မဝတ်ရည်စိုးသည်လည်း စစ်အာဏာရှ င်ဆန့်ကျင်သည့် CDM လှုပ်ရှားမှုတွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ကစတင်ပါဝင်ခဲ့သည်။
စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သည့်အတွက် လုံခြုံရေးအခြေအနေစိုးရိမ်ရသောကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အိုင်ဇောလ်မြို့သို့ ထွက်ပြေးခိုလုံလာသည့် မဝတ်ရည်စိုးကို ခိုနူမ်းသုန်သတင်းဌာနက တွေ့ဆုံမေးမြန်းထား သည်။
မေး။ ။ ကျောင်းဆရာမတစ်ယောက်အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ဘယ်လိုဖြစ်ပြီးတော့ ဝင်ပါဖြစ်သွားလဲ။
ဖြေ။ ။ ပထမကတော့ ဘာမှမသိဘူး ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဖုန်းအဆက်အသွယ်တွေ ဖြတ်လိုက်တယ်ပေါ့နော် နောက်ပြီးတော့ မဲခိုးတယ်လို့ပြောတဲ့အတွက် ဆရာမတွေ မဲခိုးတယ်လို့ပြောရင် အသေစိတ်ပေါက်တယ် ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုတိုင်ပင်ပန်းခဲ့တယ် မဲရုံမှာ ဘယ်လိုတာဝန်ထမ်းဆောင်ခဲ့လဲ အကုန်လုံးသိတယ် သိတဲ့အတွက် မဲခိုးတယ်လို့စွတ်စွဲမခံနိုင်ဘူး လက်မခံနိုင်ဘူး ဆရာမတွေအကုန်လုံးအတွက်လည်း လက်မခံနိုင်ဘူး သူတို့အားလုံးကိုယ်စားလည်း ကိုယ်ကသည်းမခံနိုင်ဘူး ဖြစ်တယ်လေ အဲလိုမျိုးဆိုတော့ ဆန္ဒတွေကအလိုလိုပြချင်လာတယ် ဖြစ်လာတယ် အဲလိုမျိုးနဲ့ ပါဝင်လာတာပါ။
မေး။ ။ ဆရာမတို့အနေနဲ့ စစ်အာဏာဆန့်ကျင်ရေးဆန္ဒဖော်ထုတ်မှုတွေမှာဘယ်လိုပုံစံမျိူးနဲ့ပါဝင်ဖြစ်ခဲ့ကြလဲ။
ဖြေ။ ။ ဆရာမတွေပဲဖွဲ့ထားတဲ့ group ရှိတယ်၊ ဘယ်အချိန်ဘယ်နာရီ ဘယ်မှာလူစုမယ် အဲလိုမျိုးပေါ့နော် အဲလိုမျိုး ဆန္ဒပြတယ် ပြတဲ့အခါကျတော့ မနက်ပိုင်းဆိုရင် (၉) နာရီဆိုရင် နာရီစင်မှာဆန္ဒပြတယ် ပထမတော့အဆင်ပြေတယ် အဲလိုမျိုးပေါနော် မဖမ်းမဆီးဘူး နေ့တိုင်းလိုလိုဆန္ဒပြတယ် နောက်ပိုင်းကြာလာတဲ့အခါကျတော့ သူတို့ကအတင်းအကျပ် အဖမ်းအဆီးတော့မဟုတ်ဘူး ဆရာမတွေကိုလူမစုအောင်အဓိကတော့ ဘားအံမှာ ဆန္ဒပြတာက ဆရာဆရာမတွေပဲ များတယ် ဆန္ဒပြတဲ့အချိန်မှာ ဆရာဆရာမတွေက ဦးဆောင်ပြီးတော့ နောက်က ရပ်ကွက်သူရပ်ကွက်သားတွေ လူထုတွေ အဲလိုမျိုးလိုက်တာဆိုတော့ အရင်ဆုံးက ဆရာမတွေလူစုတဲ့နေရာကိုပဲ လာစုကြတယ် အဓိကတော့ ဆရာမတွေမစုဖြစ်အောင် တားဆီးတယ် တားဆီးတဲ့အခါကျတော့ ဆရာမတွေရွာကနေတက်လာပြီဆိုရင် မြို့မရောက်ခင် ဂိတ်တွေမှာ လိုင်စင်စစ်တယ် လိုင်စင်ယာဉ်မောင်းလိုင်စင် အကယ်၍ယာဉ်မောင်းလိုင်စင်မပါဘူးဆိုရင်ပြန်ဆိုပြီးတော့ ပြန်ခိုင်းတယ် မစုဖြစ်အောင်သူတို့အဲလိုမျိုးလုပ်တယ် ကျောင်းစိမ်းအင်္ကျီဝတ်လာတယ်ဆိုရင် သူတို့က အရင်ဦးဆုံးပြန်ခိုင်းတယ် နောက်ပိုင်းကျတော့ ဆန္ဒပြဖို့အခက်အခဲဖြစ်လာတဲ့အခါကျတော့ ကျောင်းစိမ်းအင်္ကျီတွေကို လွယ်အိတ်ထဲမှာထည့် ထည့်ပြီးတော့နော် အဲလိုမျိုးစုတဲ့နေရာရောက်မှ အကျီင်္လဲ အဲလိုမျိုးပြရတယ် ပြန်ပြီဆိုလည်း ကျောင်းစိမ်းအကျင်္ီတွေချွတ် အိတ်ထဲမှာထည့်ပြီးတော့ အဲလိုမျိုးပြန်ရတယ်ပေါ့။
မေး – ခုလိုမျိူးတပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူလိုက်တာဟာ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းက မဲရလဒ်ဟာ အဓိကအကြောင်းပြပါတယ်၊ မဲရလဒ်ကို လက်မခံလို့ ပြန်လည်ဖြေရှင်းပေးဖို့တောင်းဆိုပေမယ့် NLD အစိုးရကမဖြေရှင်းပေးလို့ အာဏာသိမ်းလိုက်တဲ့သဘောမျိူးဖြစ်နေတယ် ရွေးကောက်ပွဲတုန်းက ဆရာမတို့က မဲရုံးမှာတာဝန်ကျတယ်ဆိုတော့ တပ်မတော်ကစွပ်စွဲသလိုမဲလိမ် မဲခိုးဖို့ဆို ဘယ်လောက်ထိဖြစ်နိုင်ခြေရှိပါသလဲ။
ဖြေ – မဲခိုးဖို့ဆိုတာကတော့မဖြစ်နိုင်ဘူးပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ အိမ်ထောင်စုစာရင်းနဲ့လာတယ် အသက် (၁၈) နှစ်ပြည့်ပြီဆိုရင် သူတို့အိမ်ထောင်စုစာရင်းထဲကအတိုင်း သူတို့နာမည်စာရင်းနဲ့လာတယ် လာပြီးရင် လူတစ်ယောက်က နှစ်ခါပေးဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး ဘာဖြစ်လို့ဆိုရင် မှင်တုပြီဆိုရင် (၅) ရက်ထိက မပျက်ဘူး တော်ရုံတန်ရုံနဲ့ မပျက်ဘူး ပြီးတော့ ဒီရွာမှာမဲပေးတဲ့အချိန်မှာလည်း ကော်မရှင်တွေရှိတယ် ပြီးတော့ အကုန်လုံးပါတီကလူတွေရှိတယ် ပြီးတော့ မဲတခါတည်းဖောက်ခဲ့တယ်ဆိုတာနဲ့ သူတို့ရှေ့မှာတခါတည်း ကြော်ငြာပြတယ် ပြီးရင် ဘယ်ပါတီကဘယ်နှစ်မဲရလဲအစ သူတို့စာလာအိတ်ထဲထည့်ပြီးတော့ တခါတည်း ရဲတွေနဲ့ အဲဒီခန်းမမှာသွားပြီးတော့ မသွားခင်မှာလည်းတစ်ခါတည်းဖုန်းဆက်ပြီးသွားပြီ ကော်မရှင်ကို ဘယ်သူက ဘယ်ပါတီက ဘယ်နှစ်မဲရလဲဆိုတာကို သူတို့တခါတည်းပြောပြီးမှ ဒီမဲတွေလည်း ဒီရဲတွေနဲ့ယူသွားတယ်ဆိုတော့ မဲခိုးတယ်လို့ပြောတာတော့မဖြစ်နိုင်ဘူး။
မေး။ ။ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြတဲ့ ဆရာမတို့အပါအဝင်ပေါ့ ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းလို့ ခုဆိုရင် အရပ်သားပြည်သူ ၇၀၀ ကျော်ကျဆုံးပြီပေါ့နော်၊ အများအပြားလည်းအအဖမ်းခံခဲ့ရတယ်၊ ဒီအပေါ်မှာ ဆရာမခံစားချက်ကိုသိချင်ပါတယ်။
ဖြေ။ ။ ပြည်သူလူထုတွေကတော့ လက်နက်မရှိဘူးလေ စာရွက်လေးတွေပဲရှိတယ် ကိုင်ပြီးတော့ ဆန္ဒပြတယ် ရင်ထဲကခံစားချက်တွေကိုပြောတယ် ဒါကို သူတို့ကလက်နက်တွေနဲ့ မတရားနှိပ်စက်တယ်ဆိုတော့ မတရားဘူးလို့တော့ ခံစားရတယ် လက်နက်ရှိတိုင်းလုပ်ချင်ရာလုပ်လို့ရတယ်ပုံစံဖြစ်နေတယ် လူ့အခွင့်အရေးတွေလည်းအများကြီးချိုး ဖောက်ခံရတယ် အဲလိုမျိုးခံစားတယ်။
မေး။ ။ အခုမီဇိုရမ်ဘက်ကိုထွက်ပြေးခိုလုံလာတော့ နေထိုင်ရေးပိုင်းမှာကော်ဘယ်လိုအခက်ခဲတွေရှိလဲ၊ ဘာတွေဆက်လုပ်ဖို့စီစဉ်ထားပါသလဲ။
ဖြေ ။ ။ အခုလောလောဆယ်တော့ သူတို့သင်တန်းတွေခေါ်နေတယ် သင်တန်းခေါ်နေပြီ သင်တန်းမဝင်ဘူးဆိုရင် လူက ၅၀၅ ထုတ်တော့မယ်ဆိုတော့ မလုပ်ဘူး မလာတော့ဘူးလို့တော့ပြောထားတယ် CDM မှာပါတယ် အဲလိုမျိုးတော့ ပြောထားတယ် ဒါပေမဲ့ ၁၄ ရက်နေ့ထိ စောင့်ကြည့်မယ်ပေါ့နော် ၁၄ ရက်နေ့ထိ စောင့်ကြည့်ပြီးတော့ သူတို့နာမည်စာရင်းကောက်မယ် သင်တန်းအတွက် ဒီမှာတော့အခက်အခဲတော့မရှိပါဘူး အားလုံးအဆင်ပြေပါတယ် အကယ်၍ ငြိမ်းချမ်းသွားပြီဆိုလို့ရှိရင် ဆရာမပြန်လုပ်မယ်ပေါ့နော် အခုကတော့ ပြန်ဖို့ကတော့ အစီအစဉ်မရှိသေးဘူး။
မေး။ ။ နောက်ဆုံးအနေနဲ့ နွေးဦးတော်လှန်ရေးအပေါ်ပဲဖြစ်ဖြစ် ဆရာမတစ်ယောက်အနေနဲ့ဘာများပြောကြားလိုပါလဲ။
ဖြေ။ ။ CDM မပါသေးတဲ့ဝန်ထမ်းတွေလည်း CDM ပါစေချင်တယ် CDM ရာခိုင်နှုန်းအပြည့်အောင်မြင်တယ်ဆိုရင် ဒီတော်လှန်ရေးက ရှောရှောရှူရှူနဲ့ပြီးမယ် အကယ်၍ CDM မပါသေးဘူးဆိုလည်းပါစေချင်တယ် အခုတိုက်ပွဲဝင်တဲ့လူငယ်တွေကလေးတွေအားလုံးလည်း ဒီထက်မက ပိုပြီးအားတင်းထားပါ အဲလိုမျိုးတော့ ပြောစေချင်ပါတယ်။