ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ချိူ့အပါအဝင် လွတ်တော်ဥက္ကဌများကို တပ်မတော်က ဆက်လက်ဖမ်းဆီးထိန်း သိမ်းထားဆဲဖြစ်ပြီး ကျန်ဝန်ကြီးများကိုမူ နေအိမ်အကျယ်အချုပ်သဘောဖြင့် ထားရှိကြောင်းသိရသည်။
ချင်းပြည်နယ်ဝန်ကြီးချူပ်ဆလိုင်းလျန်လွယ်၊ စည်ပင်ဝန်ကြီးဦးစိုးထက်၊ လူဝင်မှု/လူ့စွမ်းအားရင်းမြစ်ဝန်ကြီး ဦးဖွေအား နှင့် ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွေ၊ ဒုလွှတ်တော်ဥက္ကဌ ဦးတိတ်ထန်းတို့ကို ဟားခါးမြို့ တပ်မတော်စစ်ဗျူဟာစခန်းမှာ ယနေ့ချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားကာ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်ထန်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို၊ သစ်တောဝန်ကြီး ဦးမန်ဟင်းဒါလ်နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးဝီကောတို့ကိုမူ ဟားခါးမြို့ရှိ ၎င်းတို့နေထိုင်ရာဝန်ကြီးအိမ်တွင် အကျယ်ချူပ်သဘောဖြင့်ထိန်းသိမ်းထားခြင်းဖြစ်သည်။
ချင်းပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင့်ထန်က “ သူတို့ ၅ ယောက်တော့ ဗျုဟာကုန်းမှာရှိသေးတယ်၊ ကျွန် တော်တို့ ကတော့ ဝန်ကြီးအိမ်ယာမှာပဲနေရတယ်၊ အိမ်မှာတော့ လွတ်လွတ်လပ်လပ်ပေါ့ ဘာမှမရှိ ပါဘူး၊ ကျွန်တော်ကိုယ်တိုင်ကေ တာ့ အပြင်ထွက်သွားတာတော့မရှိဘူး၊ အိမ်ကကားတွေ ကားသမား နဲ့ဈေး ဝယ်တွေဆိုရင်သွားလို့တော့ရတယ်။ ဝန်ကြီး အိမ်ယာ ၂ နေရာရဲ့ အဝင်ပေါက်မှာ အစောင့်ရှိ တယ်။ အိမ်တိုင်းမှာတော့မရှိဘူး၊ ကျွန်တော် ကျန်းမာရေး အခြေအနေ ကာင်းပါတယ်။ အပြင်မထွက် နိုင်တာတခုပါ၊ ကျွန်တော်နဲ့ အိမ်မှာနေတဲ့ဝန်ကြီးတွေကိုတော့ ဖုန်းပေးကိုင်ခိုင်းတယ်ဆိုတော့ ဖုန်း ဆက်လို့ ရပါတယ်၊ အဆင်ပြေကြပါတယ်” ဟု ပြောသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်ကစစ်အာဏသိမ်းယူပြီးနောက် ချင်းပြည်နယ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၈ ဦးအထိရှိခဲ့ပြီး ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင်လည်း ချင်းလူမျိူး ၆ ဦး ဖမ်းဆီးခံခဲ့ကြရသည်ဟု သိရသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်က “ အခုလက်ရှိ ထိန်းသိမ်းထားတဲ့ ချင်းပြည်နယ်ဘဲမဟုတ်ဘူး မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ နိုင်ငံတော်အကြီးအကဲအပါအဝင် ကော်မရှင်လုပ်တဲ့သူတွေ၊ တက်ကြွလှုပ်ရှားတွေ၊ နိုင်ငံရေးလှုပ်ရှား သူတွေဖမ်းတဲ့ပေါ်မှာက တကယ့်ကို ကျွန်တော်တို့ ကန့်ကွက်ရှုတ်ချတယ်၊ သူတို့မလုပ်သင့်တဲ့ဟာ ဖြစ်တဲ့အတွက် သူတို့ကို ပြန်လွတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတာဖြစ်တယ်၊ ပြီးတော့ ထပ်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းမှု မျိုးလည်းမလုပ်ဖို့ကိုလည်း တောင်းဆိုပါတယ်၊ တပ်မတော်ရဲ့လုပ်ရပ်ကတော့ အခုလက်ရှိကျွန်တော်တို့ သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အသွင်ကူးပြောင်းရေး လမ်းကြောင်းကိုလည်း သူတို့အနှောက်အယှက်ဖြစ်စေပါတယ်၊ နိုင်ငံတကာကလည်း ရှုတ်ချတဲ့ဟာဖြစ်တယ်။” ဟုပြောသည်။
ချင်းပြည်နယ်တွင်အဖမ်းခံရသူအများစုမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှတာဝန်ရှိသူများဖြစ်ကြပြီး ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအုပ်နောလ်နှင့် အတွင်းရေးမှူး ဦးလင်းကျော်အပါအဝင် ခရိုင်နှင့်မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့်အတွင်းရေးမှူးစုစုပေါင်း ၂၅ ဦးဖမ်းဆီးခံခဲ့ကြရသည်ဟု ချင်းလူ့အခွင့်အရေးကပြောသည်။