လားနွန် - ချင်းပြည်နယ်တောင်ပိုင်းဒေသ မြို့နယ် ၃ မြို့နယ်ဖြစ်သည့် မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ်အတွင်းရှိ ကျန်းမာ ရေးဝန်ထမ်းများကို ယနေ့ဇန်နဝါရီ ၂၈ ရက်နေ့မနက်ပိုင်းကစ၍ ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပြီဟု မင်းတပ်မြို့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဇော်ဝင်းနိုင်ကပြောသည်။
“အခုစထိုးပါပြီး မနက် ၉း၁၅ လောက်ကတည်းကစထိုးနေပါတယ် တောင်ပိုင်းမြို့နယ်အကုန်လုံးနေပါး စထိုးနေပါပြီ ပလက်ဝမြို့နယ်တစ်ခုပဲ ကျနော်တို့ ဆေးရောက်ဖို့အခက်အခဲရှိတဲ့အတွက် ပလက်ဝမထိုးရသေးဘူး ကျန်တဲ့ ဥစ္စာတွေ ဒီနေ့အကုန်စထိုးပါပြီ အခုက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်က ဝန်ထမ်းတစ်ထောင်ကျော်ကိုထိုးဖို့ ရည်ရွယ်ထားပါတယ်’’ ဟု ဒေါက်တာဇော်ဝင်းနိုင်ကပြောသည်။
ချင်းပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးကို ယမန်နေ့ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး မြောက်ပိုင်းဒေသ ၅ မြို့နယ်တွင် စတင်ထိုးနှံခဲ့ပြီး ယနေ့တွင် တောင်ပိုင်းဒေသ မြို့နယ် ၃ မြို့နယ်ကိုထိုးနှံပေးခြင်းဖြစ်သည်။ စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်မှာမူ ကိုဗစ်ကာကွယ်ဆေးမရောက်နိုင်သေးသည့်အတွက် ထိုးနှံခြင်းမရှိသေးပေ။
ယခုလက်ရှိအချိန် ကိုဗစ်ကာကွယ်ဆေးထိုးနှံကြောင့် ဆေးမတည်သောလက္ခဏာတစ်စုံတစ်ဦးထံသို့မတွေ့ရသေးကြောင်း ဒေါက်တာဇော်ဝင်းနိုင်ကဆက်ပြောသည်။
“ ကျနော်လည်းအခုထိုးပြီးသွားပါပြီ ဘာမှမဖြစ်ပါဘူး အပ်လေးနဲ့ဆေးထိုးလိုက်တယ် ဒီလောက်ပဲ အခုထိတော့ ဆေးမ တည့်တဲ့သူလည်းမရှိပါဘူး”ဟု ဒေါက်တာဇော်ဝင်းနိုင်ကပြောသည်။
အလားတူ မတူပီမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက် ဝန်ထမ်း (၂၀၀) ကျော်ထံသို့ ယနေ့မနက် (၉းဝ၀) မှစတင်၍ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေကြောင်း မတူပီမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသစ်လွန်သိန်း ကပြောသည်။
“ကျနော်တို့ (၉) နာရီမှာ စထိုးပြီ အားကာနှင့် တိုင်းရင်းဆေးဘက်က ဝန်ထမ်း (၈) ယောက်ရှိတယ် ကျန်းမာရေးဝန်ကြီး ဌာနက (၂၅၀) လောက်ရှိတယ် ကာကွယ်ဆေးက ဆရာအရင်ဆုံးထိုးတာ နည်းနည်းလေးမူးချင်သလိုလေးပဲဖြစ်တယ် အဲဒါလည်း အများကြီးမဟုတ်ပါဘူး ခဏလေး (၁၅) မိနစ်လောက်နေရင်တော့ ပျောက်သွားပါတယ် တချို့တွေထိုးနေ တာတော့ ဘာမှမဖြစ်ဘူး” ဟု ဒေါက်တာသစ်လွန်သိန်းကပြောသည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင်နှင့် မတူပီခရိုင်တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဝန်ထမ်းများအတွက် ကိုဗစ်ကာကွယ်ဆေးခွဲတမ်း (၁) ထောင်ကျော်စာရရှိပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံသူများထဲတွင် ဆေးမတည့်သည့် လက္ခဏာပုံစံမတွေ့ရသေးကြောင်း သိရသည်။
အဆိုပါကိုဗစ်ကာကွယ်ဆေးသည် အောက်စဖို့တက္ကသိုလ် အက်စထရာဇန်န ကာ ကုမ္ပဏီနှင့် ကမ႓ာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သည့် အိန္ဒိယနိုင်ငံ (Serum Institute) တို့ ပူးတွဲထုတ်လုပ်သည့် ကာကွယ်ဆေးဖြစ်သည်။
Photo Credit - Matupi Times