ချင်းပြည်နယ်က အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကန့်ကွက်ခံရ

ချင်းပြည်နယ်က အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကန့်ကွက်ခံရ

လားနွန် - ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဖလမ်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရရှိခဲ့ကြသော အမျိူးသားဒီမိုကရေစီ အဖွဲ့ချူပ် NLD ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးကို ပြည်ခိုင်ဖြိုးနှင့်တပ်မတော်သားတစ်ဦးက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ထံသို့ ကန့်ကွက်လွှာပေးပို့ထားသည်ဟုသိရသည်။

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ၌ အနိုင်ရရှိခဲ့သော ဦးစိန်အောင်ကို ပြိုင်ဘက်ကိုယ်စားလှယ်လောင်းဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP မှ ဆလိုင်းခွဲယန်က ကန့်ကွက်ခြင်းဖြစ်သည်။

ဆလိုင်းခွဲယန်က “အဓိကတော့ ၂၀၂၀ ရွေးကောက်ပွဲ ကျနော်တို့ ပလက်ဝမြို့နယ်မှာ တရားမျှတမှုတွေမရှိလို့ ဥပဒေ ဘောင်အတွင်းကနဲ့ မဲဆွယ်စည်းရုံးခြင်းမရှိလို့ အဲဒီရွေးကောက်ပွဲရလဒ်က အပြောင်းအလဲရှိသွားတယ် အဲဒီအပေါ်မှာ ကန့်ကွက်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံသို့ ကန့်ကွက်ရသည့်အကြောင်းရင်းထဲတွင် ပလက်ဝမြို့နယ် ၉၄ အုပ်စုတွင် ရွေးကောက်ပွဲမကျင်းပသည့်ကိစ္စ၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သူများကို မဲရုံမှုးအဖြစ်ခန့်အပ်ခြင်း၊ ရွေးကောက်ပွဲနီးကပ်သည့်အချိန် တွင် ဆမီးမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများအား အသား၊ ငါး၊ ငွေကြေး ပေးအပ်ခြင်း၊ နိုဝင်ဘာလ ၇ ရက်နေ့အထိ ရွေးကောက်ပွဲမဲဆွယ်မှုများပြုလုပ်နေခြင်းစသည့်တို့အပါအဝင် အချက် ၉ ချက်ပါဝင်သည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ NLD ပါတီမှ ဦးစိန်အောင်က “အမှုတွဲက အခုကျနော့်လက်ထဲမှာရောက်တော့ရောက်တယ် ဒါပေမဲ့ သိပ်မဖတ်ရသေးဘူး ကျနော်အခုလောလောဆယ်ပြောနိုင်တာက ကျနော်နဲ့ ဆိုင်တာရှိသလို မဆိုင်တာ လည်းအများကြီးရှိတယ် မဆိုင်တာဆိုတာက UEC ပေါ့ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်တာတွေ မြို့နယ်ကော်မရှ င်ကန့်ကွက်တာတွေ နောက်တခြား သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးကော်မရှင်တွေရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေနဲ့ ပတ်သက်ပြီးတော့ မကျေနပ်တာတွေလည်း ပါဝင်တယ် လောလောဆယ်မှာတော့ ကျနော်တော့ အဲလောက်ပဲ ပြောလို့ရတယ်” ဟု ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တေ်ကိုယ်စားလှယ်နေရာအတွက် NLD ပါတီမှ ဦးစိန်အောင်၊ USDP ပါတီမှ ဆလိုင်းခွဲယန် နှင့် CNLD ပါတီမှ ဦးကျော်ငြိမ်းတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဦးစိန်အောင်သည် ဆန္ဒမဲစုစုပေါင်း ၃၅၄၉ မဲရရှိကာအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဆလိုင်းခွဲယန်သည် ဆန္ဒမဲစုစုပေါင်း ၃၃၄၆ မဲရရှိပြီး ဦးစိန်အောင်နှင့် ၂၀၃ မဲဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

အလားတူ ဖလမ်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ၌ အနိုင်ရရှိခဲ့သော ဆလိုင်းရီယန်းဗဲလ် ဖလမ်းမြို့အခြေစိုက် ခ.လ.ရ (၂၆၈) တပ်ရင်းမှ တပ်မတော်သားတစ်ဦးက ကန့်ကွက်ထားသည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆလိုင်းရီယန်းဗလ်ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

November 29, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် CDF - မတူပီ တပ်ဖွဲ့အချင်းချင်းကြား...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...