UEC ရှင်းလင်းချက်ထုတ်ပြန်ပြီးသား သတင်းမှားအပေါ်အခြေခံတဲ့ ထပ်ဆင့်သတင်းမှား ဆက်လက်ဖြန့်ဝေနေပြန့်ပွားနေ

UEC ရှင်းလင်းချက်ထုတ်ပြန်ပြီးသား သတင်းမှားအပေါ်အခြေခံတဲ့ ထပ်ဆင့်သတင်းမှား ဆက်လက်ဖြန့်ဝေနေပြန့်ပွားနေ
by -
Hintha

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မဲခိုးမှုတွေကို ဝန်ခံတယ်ဆိုတဲ့ သတင်းဟာ သတင်းမှားဖြစ်တယ်ဆိုတာကို ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၅ နံနက်ပိုင်းမှာ အမြန်ဆုံး ရှင်းလင်းကြေညာခဲ့သော်လည်း အဆိုပါသတင်းမှားကို အခြေပြုတဲ့ ထပ်ဆင့်သတင်းမှားတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။

နိုဝင်ဘာ ၂၄ ရက်က လေပြင်းမုန်တိုင်း ဆိုတဲ့ account ကနေ “ UEC ဥက္ကဋ္ဌ ကိုယ်တိုင် ဆရာမတွေ မဲခိုးလို့ ကော်မရှင် သိက္ခာကျတယ်ဆိုတာ မဲခိုးတာ ဝန်ခံလိုက်တာပဲ ” ဆိုတဲ့ စာသားပါဝင်တဲ့ ပို့စ်တစ်ခုကို တင်ခဲ့ပါတယ်။ ဒီအချက်အလက်ဟာ မှားယွင်းတဲ့အချက်အလက်ဖြစ်တယ်ဆိုတာကို သတင်းစတင်ဖော်ပြခဲ့တဲ့ account တွေနဲ့တကွ နိုဝင်ဘာ ၂၅ ရက်မှာ UEC က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ကို ဒီမှာကြည့်ပါ ( https://cutt.ly/uhsGPKe )။

ဒါပေမယ့် လေပြင်းမုန်တိုင်း ရဲ့ပို့စ်ကတော့ ယနေ့အချိန်ထိ ပြန်လည်ဖြန့်ဝေသူတွေ ရှိနေတုန်းပါပဲ။ ပြန်လည်ဖြန့်ဝေသူပေါင်း ၅၉၀ ကျော်ရှိလာခဲ့ပြီး ၎င်းရဲ့နောက်မှ ထပ်ဆင့်တင်သူတွေဖြစ်တဲ့ မင်းထက်သာဆိုတဲ့ account လည်း ပို့စ်ပြန်တင်ချိန် ၁၅ နာရီအတွင်းမှာ ပြန်လည်ဖြန့်ဝေသူ ၄၀၀ နီးပါးရှိခဲ့ပါတယ်။

ရေးသားချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြရရင်

"သမီးလေးသူဇာခိုင်ပိုစ်ပါ*

***စိတ်မကောင်းပါဘူး*** NLDအစိုးရကြီးပြုက်ကျသွားလို့ငိုကြည့်တာ မျက်ရည်မထွက်တာတော့ မတတ်နိုင်ဘူး အရင်တုံးကတော့ တပ်မတော်က ဖြုက်ချမလား ဦးဌေးအောင်က ဖြုက်ချမလား ပြည်သူကဘဲ  လက်သန်းနဲ့တောက်ချမလားပေါ့ ခုတော့ရွေးကော်ဥက္ကဌက ဖြုက်ချလိုက်ပြီ UECဥက္ကဌကိုယ်တိုင် ဆရာမတွေမဲခိုးလို့ ကော်မရှင်သိက္ခာကျတယ်ဆိုတာ မဲခိုးတာ ဝန်ခံလိုက်တာဘဲ မဲခိုးတယ်ဆိုထဲက ပါတီဖျက်မဖျက် မသေချာပေမဲ့ မဲရှုံးပြီးသားဖြစ်နေပြီ ခုအတိုင်းဆို ဆရာမတွေမှာ အားကိုးရတဲ့ အစိုးရလဲပြုက် သူတို့လဲထောင်ကျ ဖြစ်ကုန်တော့မယ်  ခုတော့ အမှန်ဝန်ခံတဲ့သူ အရေးမယူဘူးဆိုလို့ တစ်ချို့ ဝန်ခံကုန်ပါပြီ လုံခြုံမှုအရ ထုတ်ဖေါ်ပြောခွင့်မရှိလို့ မပြောတာကိုတော့ နားလည်ပေးကြပါ မဲခိုးတာ ထောက်လှမ်းတဲ့ သတင်းထောက် အသေဖျောက်လိုက်တာကြည့်ပေါ့ ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီမိတ်တွေက ၂၆ရက်နေ့မှာ ပြည်တွင်းပြည်ပ သတင်းဌာနတွေ သံတမန်တွေ ဖိတ်ခေါ်ပြီး ဓာတ်ပုံတွေ ဗီဒီယိုဖိုင်တွေနဲ့ UECကို သိက္ခာချအုံးမှာ အောက်ခြေကော်မရှင်တွေကတော့ မဖြစ်စလောက်ရပြီး သိက္ခာရော ထောင်ရော အကျမခံနိုင်ဘူးဆိုပြီး အမှန်တွေထွက်နေပြီ အံ့သြတာက ပြည်သူတွေ ဘာလို့ဒေါ်စုချစ်သလဲ ဆရာမတွေက လိင်ဆက်ဆံနည်းကို သင်ပေးရမှာမို့ထောက်ခံကြသလား လူပိန်းတွေက ကမ္ဘာမှာ မြန်မာဦးဆောင်ရမယ်ပြောပြီး မြန်မာတွေက ကမ္ဘာ့ပေါ်မှာ  လူမျိုးတုံးသတ်တဲ့ တရားခံဖြစ်သွားအောင်လုပ်ပေးတာ ထောက်ခံတာလား ခုတော့NLDပါတီ သူခိုးပါတီ ဝန်ခံသွားပြီ။အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ သူဇာခိုင် ထပ်တူပါဗျာ

လေပြင်းမုန်တိုင်း"

အထက်ပါအတိုင်း ရေးသားဖြန့်ဝေခဲ့တာပါ။ (မူရင်းသတ်ပုံအတိုင်း)

နိုဝင်ဘာ ၂၄ လေပြင်းမုန်တိုင်း ( https://cutt.ly/RhsGD7A )

နိုဝင်ဘာ ၂၅ မင်းထက်သာ  ( https://cutt.ly/ChsGXzR )။ မူရင်းတင်သူဖြစ်တဲ့ သူဇာခိုင်အကောင့်ကိုတော့ ရှာဖွေလို့မရခဲ့ပါဘူး။ 

ပို့စ်ပိုင်ရှင်ဟာ သူဇာခိုင်ဖြစ်တယ်လို့ ဖော်ပြထားတဲ့ ဒီပို့စ်မှာပါဝင်တဲ့ အချက်အလက် မှားယွင်းနေမှုဟာ တစ်ခုတည်းမကပါဘူး။ 

“မဲခိုးတာ ထောက်လှမ်းတဲ့ သတင်းထောက် အသေဖျောက်လိုက်တာ ကြည့်ပေါ့ ” လို့ ထည့်သွင်းရေးသားထားမှုဟာ သူ့ရဲ့ပို့စ်ကို အမှန်လို့ ထင်အောင်ဖန်တီးထားတဲ့အချက်ပါ။ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သတင်းရယူရေးသားကြတဲ့ သတင်းထောက်တွေ လုံခြုံရေးထိခိုက်တယ်ဆိုတဲ့ ဘယ်လိုသတင်းမျိုးမှ မရှိတဲ့အပြင် လက်လှမ်းမီသလောက် သတင်းထောက်တွေလည်း ဘေးကင်းလုံခြုံလျက်ရှိကြပါတယ်။

“ခုတော့ NLD ပါတီ သူခိုးပါတီ ဝန်ခံသွားပြီ ” လို့ နောက်ဆုံးမှာရေးသားထားပါတယ်။ ဒီအချက်အလက်နဲ့ ပတ်သက်လို့လည်း တိကျတဲ့ သက်သေအထောက်အထားဘာမှ မရှိပါဘူး။ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်ကို NLD ပါတီနဲ့ ပေါင်းပြီးမသမာမှု ပြုလုပ်တယ်ဆိုပြီး ကန့်ကွက်ဆန္ဒပြမှုတွေ အများကြီးရှိနေပေမယ့် UEC ကိုတရားဝင်တိုင်ကြားမှုတော့ မရှိသေးပါဘူး။ ရဲအရေးပိုင်အမှုတွေကို သက်ဆိုင်ရာရဲစခန်းတွေမှာ တိုင်ကြားထားမှုတွေတော့ ရှိပါတယ်။ 

နိုဝင်ဘာ ၂၄ ရက်က ဟင်္သာ သတင်းတု၊ သတင်းမှား စိစစ်ရေးအဖွဲ့က UEC ရဲ့ ရွေးကောက်ပွဲခုံရုံးကို ဆက်သွယ်စုံစမ်းခဲ့ရာမှာတော့ လုံခြုံရေးအရ အမည်မဖော်ပြလိုတဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ဆီကိုတော့ ဘာမှမတက်လာသေးဘူး။ ကျွန်တော်တို့ဆီကို တိုင်မယ်ဆိုရင် အရင်ဆုံး ငွေကျပ် ၁၀ သိန်းပေးသွင်းပြီးမှ တိုင်ကြားလို့ရမှာဆိုတော့ အမှန်တကယ်တိုင်ကြားပြီဆိုရင် ဖုံးကွက်ဖျောက်ဖျက်လိုက်လို့ မရပါဘူး ” လို့ ဖြေကြားခဲ့ပါတယ်။



ပို့စ်ပိုင်ရှင်က နိုဝင်ဘာ ၂၆ ရက်မှာပြုလုပ်မယ့် USDP ရဲ့သတင်းစာရှင်းလင်းပွဲမှာ သတင်းမှန်တွေဖွင့်ချမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားပြီး သတင်းမှန်နိုင်သယောင် ဖန်တီးထားပါတယ်။ 

သတင်းမှားဖြစ်တယ်လို့ ထုတ်ပြန်ထားတဲ့ အချက်အလက်အမှားတွေကို အသုံးပြုပြီး ဆက်လက်ပြန့်နှံ့နေစေတာဟာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေခြင်းဖြစ်တယ်ဆိုတာကို သိသာစေပါတယ်။ ဒါကြောင့် ဒီလိုသတင်းမျိုးကို သတိထားနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...