ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းအချို့ကို KNP ထုတ်ပြန်

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းအချို့ကို KNP ထုတ်ပြန်

စောထွန်းလင်း — နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စား လှယ်လောင်းအချို့နှင့် ဝင်ပြိုင်မည့် မဲဆန္ဒနယ်အချို့ကို ကရင်အမျိုးသားပါတီ-KNP က ဇူလိုင် လဆန်းပိုင်းတွင် စတင် ထုတ်ပြန်လိုက်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် အားပြုထားသည့် ကရင်အမျိုးသားပါတီသည် ဧရာဝတီတိုင်း ကရင်ရေးရာ မဲဆန္ဒ နယ်အတွက် ပါတီအတွင်းရေးမှူး-၁ မန်းမင်းရဲထွေး ဝင်ပြိုင်သွားမည်ဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီးလွှတ် တော်အတွက် ပန်းတနော်မဲဆန္ဒနယ် အမှတ်-၂ ၌ မန်းခင်မောင်အေး၊ ညောင်တုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ တွင် စောအာကာတိုး၊ ဝါးခယ်မမြို့နယ် မဲဆန္ဒနယ် အမှတ် -၁ တွင် စစိုင်းခွန်သာတို့ အသီးသီးဝင်ရောက်ယှဉ် ပြိုင်သွားမည်ဟု KNP က တရားဝင်သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်တွင်ဝင်ပြိုင်မည့် မန်းမင်းရဲထွေးက “ ကျနော်တို့ ကရင်မဲဆန္ဒရှင်တွေက အရင်ရွေးကောက်ပွဲတွေတုန်းကလို မဟုတ်တော့ဘူး။ နိုင်ငံရေး ရေချိန်မြင့်လာပြီး၊ အမျိုးသားရေးကိုလည်း သိလာပြီးဆိုတော့ ဘယ်ပါတီကို မဲပေးရမယ်ဆိုတာလည်း ချင့်ချိန်တတ်လာပြီးပေါ့နော်။ ဘယ်သူ့ကို မဲပေးရမယ်ဆိုတာ ပြောစရာ မလိုတော့ဘူး။ နောက်အစိုးရ ဖြစ်ခဲ့တဲ့ပါတီတွေကိုအနေနဲ့ သူတို့ ဘာ တွေကတိပေးခဲ့သလဲ၊ ဘာတွေလုပ်နိုင်သလဲ၊ ဘာတွေအဓိကထားဆောင်ရွက်နိုင်ခဲ့သလဲဆိုတာ မဲဆန္ဒရှင်တွေ သဘောပေါက်ပြီးလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ကရင်ပါတီများအနေဖြင့် အစိုးရဖွဲ့နိုင်သည့် အခြေအနေ မရှိသော်လည်း တိုင်းရင်းသားများစုပေါင်းကာ လွှတ် တော်ထဲတွင် တိုင်းရင်းသား အခွင့်အရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရေး အခြေအနေမျိုးဖြစ် အောင် ကရင်မဲဆန္ဒရှင်များ၏ သဘောထားတွင်လည်းမူတည်ကြောင်း ၎င်းက ဆက်ပြောသည်။

မန်းမင်းရဲထွေး(ခ) မန်းစိုးမြင့်သည် ၁၉၉၂ ခုနှစ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော် မတီ (မဟာရန်ကုန်)၌ ပြန်ကြားရေးဆပ်ကော်မတီတွင် စတင်ပါဝင်လုပ်ဆောင်ခဲ့ပြီး၊ ကော်မတီအတွင်းရေးမှူး၊ ဥက္ကဋ္ဌ တာဝန်များယူခဲ့ဖူးသူဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ကရင်အမျိုးသားပါတီ စတင်တည်ထောင်ရာတွင်တဦး အပါအဝင်ဖြစ်ပြီး ပါတီနိုင်ငံရေး လုပ်ဆောင်ခြင်းကြောင့် နှစ်သစ်ကူးဗဟိုကော်မတီက ချမှတ်ထားသည့် နိုင်ငံရေးအရ အမြတ်မထုတ်ရဆိုသည့် စည်းကမ်းအတိုင်း ဗဟိုကော်မတီမှနုတ်ထွက်ခဲ့သည်ဟု ၎င်းက ပြောသည်။ သူသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ ကော်မတီတွင် အဖွဲ့ဝင်တဦးဖြစ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နိုင်ငံရေး ဆွေးနွေးပွဲများတွင် လိုက်ပါ လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

ထို့အပြင် ကရင်အမျိုးသားပါတီအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ၊ အိမ်မဲ၊ ကယားပြည်နယ်နှင့် ပဲခူး တိုင်းဒေသကြီးတို့တွင် ဝင်ပြိုင်ရန်ပြင်ဆင်ထားပြီး ကိုယ်စားလှယ်လောင်းများကို ဆက်ထုတ်ပြန်သွားမည်ဟု ပါတီတာဝန်ရှိသူများက ကေအိုင်စီသို့ပြောသည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...