ချင်းပြည်နယ် NLD ကိုယ်စားလှယ်လောင်းရွေးချယ်ပုံ ဝေဖန်မှုရှိနေ

ချင်းပြည်နယ် NLD ကိုယ်စားလှယ်လောင်းရွေးချယ်ပုံ ဝေဖန်မှုရှိနေ

လားနွန် – လာမည့် နိုဝင်ဘာလ၌ ကျင်းပပြုလုပ်ဖွယ်ရှိသော အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းရွေးချယ်သည့် နေရာတွင် လူငယ်နှင့် အမျိူးသမီးများဦးစားပေးမှုမရှိဟုဆိုကာ ဝေဖန်ခံနေရသည်။

မြို့နယ် (၉) မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် ပြည်နယ်လွှတ်တော်တွင် မဲဆန္ဒနယ် (၁၈) နေရာ၊ ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒနယ် (၉) နေရာ နှင့် အမျိူးသားတော်တွင် မဲဆန္ဒနယ် (၁၂) နေရာ စုစုပေါင်း မဲဆန္ဒနယ်မြေ (၃၉) နေရာရှိပြီး ယင်းမဲဆန္ဒနယ်မြေများသို့ NLD ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများကို ဇွန်လ (၁၅) ရက်နေ့က အသီးသီးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ဟားခါးမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လျှောက်ထားသော်လည်း ရွေးချယ်ခြင်းမခံခဲ့ရသည့် ဒေါ် Iang Tial က ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် တစ်ယောက်ယောက်နှင့် အရည်အချင်းတူညီနေပါက လူငယ်နှင့် အမျိူးသမီးများကို ဦးစားပေးရမည်ဆိုသော်လည်း လက်တွေ့တွင်မရှိခဲ့ကြောင်း ပြောဆိုသည်။

“မရွေးချယ်ခင်  ပါတီလူကြီးတွေက  မြို့နယ်အလုပ်အမှုဆောင်ကော်မတီ(EC)တွေ သဘောကျတဲ့သူတွေကိုမရွေးမိစေနဲ့၊ အခြေခံလူတန်းစားတွေက ချစ်သလား၊ ကြိုက်သလား၊ သူတို့သဘောကျတဲ့သူတွေကို ရွေးချယ်ဖို့၊ အများပြည်သူကြိုက်တဲ့သူကို ရွေးချယ်ဖို့ ခဏခဏပြောတယ်လေ၊ နောက်အရည်အချင်းတူလို့ရှိရင် မိန်းကလေးဦးစားပေးရမယ်ဆိုတာရှိတယ်၊ နောက် လူငယ်ကို ဦးစားပေးရမယ်လို့ပါတယ်၊ အဲဒါတွေကို ဘာမှအရေးမလုပ်ဘူး” ဟု ဒေါ် Iang Tial ကပြောသည်။

ဟားခါးမြို့နယ် NLD ကိုယ်စားလှယ်လောင်းများအဖြစ် အမျိူးသားလွှတ်တော်တွင် Dr. Aye Aye Ngun နှင့် Pu Ngun Vung၊ ပြည်သူ့လွှတ်တော်တွင် Pu Tial Ling၊ ပြည်နယ်လွှတ်တော် (၁ နှင့် ၂) တွင် လက်ရှိလွှတ်တော်ဥက္ကဌ ဦးဇိုဘွဲနှင့် လက်ရှိလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုတို့ကို ရွေးချယ်ခဲ့ကြသည်။

ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လျှောက်ထားပြီး ရွေးချယ်ခြင်းမခံခဲ့ရသည့် ကို Jacob Thang က ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် မူဘောင်များအတိုင်းရွေးချယ်ခြင်းမရှိဘဲ အုပ်စုဖွဲ့ကာ ရွေးချယ်သလိုဖြစ်နေသည်ဟု ပြောသည်။

“လုပ်တဲ့ပုံစံမျိုးက အုပ်စုဖွဲ့ပြီးတော့ (NLD) ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးမူဘောင် ရေးဆွဲတဲ့ဟာကိုတော့ ဘာမှအဓိကမထားတော့ဘဲ အုပ်စုဖွဲ့ပြီးတော့ ရွေးချယ်တဲ့ပုံစံမျိုးဖြစ်သွားတယ်၊ အဲဒါကြောင့် ကျနော်က သိပ်အားမရဘူး’’ ဟု ကို Jacob Thang က ပြောသည်။

ထန်တလန်မြို့နယ် NLD ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးချယ်ခံရသူများမှာ အမျိူးသားလွှတ်တော်တွင် လက်ရှိနိုင်ငံတော် ဒု-သမ္မတ Pu Henry Van Thio၊ ပြည်သူ့လွှတ်တော်တွင် Pu C. Za Cung၊ ပြည်နယ်လွှတ်တော် ၁ တွင် Pu Chan Ham နှင့် ပြည်နယ်လွှတ်တော် ၂ တွင် Pi Ni Sui Lian တို့ဖြစ်ကြသည်။

ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ကိုယ်စားလှယ်လောင်းများရွေးချယ်မှုသည့် လူငယ်များကိုနေရာဖယ်ပေးခြင်းမရှိဘဲ ပါတီကို ပဲ့ထိန်းပေးမည့် ပုဂ္ဂိုလ်များက ဝင်ရောက်ကစားသည့်ပုံစံဖြစ်နေသည်ဟု ချင်းတောင် သဘာဝစောင့်ကြည့်ရေးအဖွဲ့မှ ကိုလျန်တွောင်ကပြောသည်။

“ကျနော်လူငယ်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ လူကြီးပိုင်းကိုမကြိုက်လို့မဟုတ်ဘူး၊ အထူးသဖြင့် ဦးဇိုဘွဲ့တို့၊ ဝန်ကြီးချုပ်တို့ကတော့ ဂုဏ်သရေရှိအနေနဲ့ ဒီလူငယ်တွေကို နေရာဖယ်ပေးပြီးတော့ သူတို့တွေက ဘေးကနေ ပဲ့ထိန်းပေးတဲ့ ဦးဆောင်မှုပေးတဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေအနေနဲ့ ဘေးကနေနေတယ်ဆိုရင်တော့ ပိုပြီးတော့ သင့်တော်မယ်ထင်တယ်၊ အခုက ကျနော်တို့က အထိန်းအကွက်မဲ့ဖြစ်သွားတာပေါ့၊ ထိန်းတဲ့လူက ပွဲဝင်ကစားတော့ အထိန်းကွက်မဲ့ဖြစ်သွားလိုက်မယ်လို့မြင်တယ်” ဟု ကိုလျန်တွောင်ကပြောသည်။

ကိုလျန်တွောင်သည် တီးတိန်မြို့NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့သော်လည်း ရွေးချယ်ခြင်းမခံခဲ့ရသည့် လူငယ်တစ်ဦးဖြစ်သည်။

တီးတိန်မြို့ NLD ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရသူများမှာ အမျိူးသားလွှတ်တော်တွင် Pu Hang Khan Lian နှင့် Pu Thang Do Cin၊ ပြည်သူ့လွှတ်တော်တွင် Pu Piang Suan Mung၊ ပြည်နယ်လွှတ်တော်တွင်  Pu Thang Tuan Pau နှင့် လက်ရှိ စိုက်/မွေး/သစ်တောဝန်ကြီး Pu Mang Hin Dal တို့ဖြစ်သည်။

ချင်းပြည်နယ် NLD ကိုယ်စားလှယ်လောင်းများကို NLD မြို့မိမြို့ဖ (၅) ဦးနှင့် မြို့နယ်အလုပ်အမှုဆောင်ကော်မတီ (EC) များက ပြီးခဲ့သည့် ဇွန်လ (၁၅) ရက်နေ့က မြို့နယ်အသီးသီးတွင် ရွေးချယ်ခဲ့ကြပြီး NLD ပါတီဗဟိုသို့ ဆက်လက်တင်ပြကြမည်ဖြစ်သည်။

October 4, 2024
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက မြန်မာစစ်ဘေးရှောင် ၇၀၀...
October 2, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲတွင် အောက်တိုဘာလ (၁)...
October 1, 2024
စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို ယနေ့အောက်တိုဘာ လ ၁...
September 28, 2024
စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်တွင် ပါဝင်သူများကို ပြင်းထန်စွာအရေးယူမည်ဟု ZFU/...