အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အထူးကုသမားတော်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် အကြံပြုချက်

အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အထူးကုသမားတော်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် အကြံပြုချက်

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် အပူဒဏ်များကို ခံစားနေသည့်နည်းတူ ကရင်ပြည်နယ်တွင်လည်း အပူဒဏ် အန္တရာယ်ကြောင့် သတိလစ်မေ့မျောကာ ဆေးရုံများသို့ လူနာများရောက်ရှိနေပြီဟုလည်း သိရသည်။ အပူဒဏ် အန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါများနှင့် ကြိုတင်ကာကွယ်ရန် နည်းလမ်းများအား ဘားအံပြည်သူ့ ဆေးရုံကြီး၏ ပြည်နယ် အထူးကုသမားတော်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်ကို သတင်းထောက် စောရှားမှ ယခုလို ဆက်သွယ်မေးမြန်းထားပါသည်။



အပူဒဏ် အန္တရာယ်ကြောင့် ဒီမေလကနေစပြီး ဘားအံပြည်သူ့ဆေးရုံကို အမျိုးသား ၇ ယောက်လောက် ရောက်လာကြပါတယ်။ အများစုကတော့ အရက်သေစာသောက်တဲ့လူတွေပေါ့။ နေခင်းမှာ အလုပ်လုပ်တယ်၊ အလုပ်လုပ်ပြီး အရက်သောက်တယ်။ ညကျတာ့ အပူရှိန်အရမ်းပြင်းပြီး ရောက်လာတာ ပေါ့နော်။ အခုတော့ အဲဒီလူတွေပြန်ကောင်းသွားကြပါပြီ။ တချို့ကျတော့ အလုပ်လည်းလုပ်၊ အရက်လည်း သောက်၊ သွေးတိုးက လည်းရှိတော့ အပူအရမ်းပြင်းတဲ့အခါ ဦးနှောက်သွေးကြော ပေါက်ပြီး ရောက်လာတဲ့လူ တွေလည်းရှိတယ်။ အဲဒါက ကုရတာ ပိုခက်ခဲတာပေါ့။

တကမ္ဘာလုံးက ကူးစက်ရောဂါ COVID-19 ကို အာရုံစိုက်နေကြပေမယ့် တဖက်ကလည်း ရာသီဥတုရဲ့ ပြောင်း လဲမှုဖြစ်စဉ်တွေ အပူလှိုင်းတွေ အပူဒဏ်ကြောင့် ဖြစ်ပွားတဲ့ရောဂါတွေလည်း ဖြစ်ပွားနေပါတယ်။ အပူ ဒဏ် ကြောင့် ဖြစ်ပွားတဲ့ရောဂါတွေက မဖြစ်အောင် ကာကွယ်လို့ရတယ်။ ရောဂါဖြစ်မယ်ဆိုလို့ရှိရင်လည်း ပြင်းထန်တဲ့ အချိန်မှာ အချိန်မှီ ဆေးကုသမှုခံယူရမယ်။ မခံယူရင် အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်တယ်ပေါ့နော်။ ဒါကြောင့် အပူဒဏ်နဲ့ပတ်သက်ပြီး ကျန်းမာရေးအသိပညာတွေရှိဖို့ အရမ်းလိုအပ်ပါတယ်။

အပူဒဏ်နဲ့ပတ်သက်လို့ကတော့ အပိုင်း ၃ ပိုင်းခွဲပြီး ရှင်းပြလိုတယ်။ နံပတ် ၁ အပိုင်းက အပူနဲ့ ပတ်သက်ပြီးတော့ ခန္ဓာကိုယ်ရဲ့ ပုံမှန်ဇီဝကမ္မဖြစ်စဉ်၊ နံပတ် ၂ က အပူကြောင့်ဖြစ်တတ်တဲ့ရောဂါ၊  နံပတ် ၃ က အပူအန္တ ရာယ် ကာကွယ်နည်းပေါ့။

နံပတ် ၁ ပထမအပိုင်းက အပူနဲ့ပတ်သက်ပြီးတော့ ခန္ဓာကိုယ်ရဲ့ ပုံမှန်ဇီဝကမ္မဖြစ်စဉ်ပေါ့။ လူ့ခန္ဓာ ကိုယ်ရဲ့ ပုံမှန် အပူချိန်က 37.6 ဒီဂရီ စင်တီဂရိတ်နဲ့ အလုပ်လုပ်တယ်။ အခု နွေရာသီလို အပူချိန်မှာဆို ခန္ဓာကိုယ်မှာရှိတဲ့ အ ရေပြားသွေးကြောလေးတွေက ကျယ်လာတယ်။ ကျယ်လာလို့ ချွေးထွက်တယ်။ ချွေးနဲ့ အပြင်က လေနဲ့ တွေ့ပြီး အငွေ့ပြန်သွားလို့ ခန္ဓာကိုယ်အပူချိန်ကို ပြန်ထိန်းပေးတယ်ပေါ့နော်။ ဒါပေမယ့် ဒီထက်ပူလာတဲ့အချိန် ချွေးတွေ အရမ်းထွက်လို့ ခန္ဓာကိုယ်က ရေနဲ့ဆားဓာတ်တွေ ဆုံးရှုံးတာပေါ့နော်။ အဲလို ဆုံးရှုံးတော့ ဆရာမတို့ရဲ့ ဦး နှောက်၊ နှလုံး၊ ကျောက်ကပ်တို့ဆီ သွေးသွားတာနည်းမယ်ပေါ့။ ဦးနှောက်ကို သွေးသွားတာနည်းမယ်ဆိုရင် သတိလစ်မယ်။ တက်မယ်။ ခေါင်းမူးခေါင်းကိုက်တာတွေဖြစ်မယ်။ နှလုံးကို ထိမယ်ဆိုရင် နှလုံးခုန်မြန်တာတို့၊ သွေးပေါင်ချိန်ကျတာတို့ဖြစ်မယ်။ ဒီထက် ပူလာဦးမယ်ဆိုရင် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။

နံပတ် ၂ က အပူကြောင့်ဖြစ်တတ်တဲ့ရောဂါပေါ့။ အဲဒါတွေကတော့ (၁) အပူဒဏ်ကြောင့် ဖောရောင်ခြင်း၊ (၂) အပူဒဏ်ကြောင့် မိတ်နဲ့ ယားနာထွက်ခြင်း၊ (၃) အပူဒဏ်ကြောင့် ကြွက်တက်ခြင်း၊ (၄) အပူဒဏ်ကြောင့် မူးမေ့ခြင်း၊ (၅) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ (၆) အပူဒဏ်ကြောင့် သတိလစ်ခြင်း တို့ပဲဖြစ်ပါတယ်။

နံပတ် ၃ က အပူအန္တရာယ် ကာကွယ်နည်းပါ။ ဆရာမတို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း အပူ အန္တရာယ် ကာကွယ်နည်းနဲ့ ပတ်သက်လို့ ပြောပြထားတယ်ပေါ့နော်။ စာစောင်တွေထုတ်တယ်။ ပညာပေး ဇာတ်လမ်းတွေ လုပ်တယ်ပေါ့နော်။ အပူဒဏ်ဖြစ်လာပြီဆိုရင် ကာကွယ်ဖို့အဓိက လိုအပ်တဲ့လူ တွေကတော့ ကလေးငယ်တွေ၊ အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါဖြစ်တဲ့ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါရှိတဲ့လူတွေ၊ စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေးသောက်ရတဲ့ လူတွေ၊ အရေပြားရောဂါသည်တွေ၊ နေပူထဲမှာ အလုပ်လုပ်တဲ့သူတွေ ပေါ့။

အဲဒီလူတွေဟာ နေ့လည် နေ့ခင်းတွေမှာ အရိပ်ရတဲ့နေရာ၊ လေဝင်လေထွက် ကောင်းမွန် တဲ့နေရာ တွေမှာ နေရမယ်။ ပူပြင်းတဲ့နေရောင်အောက်မှာ အလုပ်လုပ်တာ ကိုယ်လက်လှုပ်ရှားမှုတွေ မလုပ်ရဘူး။ အပြင်သွားရင်လည်း နေရောင်ကာတဲ့ ထီး၊ ဦးထုပ်တွေ ဆောင်းသွားရမယ်။ ခရီးရှည်ရင် အရိပ်အောက်မှ ခေတ္တခဏ နားပေးရမယ်။ အဝတ်အစားဝတ်ရင်လည်း အဖြူရောင်နဲ့ အ ရောင်ဖျော့တဲ့ဟာတွေဝတ်ရမယ်။ နေပူထဲကပြန်လာပြီး မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအတွင်း ချက်ချင်း ရေချိုးတာတို့၊ လွင်တီးခေါင်ခေါင် ရေချိုးဆိပ်တွေမှာ ချိုးတာတို့ကို ရှောင်ရမယ်။ အရက်သေစာသောက်ရင် အပူဒဏ်ပိုမိုဆိုးရွားပြီး ဦးနှောက်သွေး ကြောပြတ်တဲ့ ရောဂါတွေဖြစ်နိုင်တဲ့ အတွက်ကြောင့် အရက်သေစာ သောက်စားခြင်းကို ရှောင်မယ်။ အချိုရည်တွေ၊ ကော်ဖီတွေ မသောက်ရဘူး။ ချွေးထွက်များရင် ရေ နဲ့ ဓာတ်ဆားရေသောက်မယ်။ အပူရှောင်စခန်းတွေ၊ ယာယီဆေး ပေးခန်းတွေလည်း ဆောက်လုပ်ထားဖို့ လိုပါတယ်။ ကာကွယ်ခြင်းဟာလည်း ကုသခြင်းတစ်ခုပဲ ဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြဖို့လိုတယ်လို့ ပြောကြားချင်ပါတယ်။

Most read this week

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...