PEDU ကိုဗစ်စီမံချက် အကြံပေး ဒေါက်တာထက်ကိုကိုလင်းနှင့် အင်တာဗျူး

PEDU ကိုဗစ်စီမံချက် အကြံပေး ဒေါက်တာထက်ကိုကိုလင်းနှင့် အင်တာဗျူး

ကမ္ဘာတစ်ဝှမ်း ကူးစက်ပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါနှင့် ပတ်သက်၍ ကရင်ပြည်နယ် မြို့နယ်အချို့တွင် ရောဂါကူးစက်မှု ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ ပညာပေးမှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သော PEDU -Plone Education Development Unit ကိုဗစ်စီမံချက်၏ အကြံပေး ဒေါက်တာထက်ကိုကိုလင်းထံ ကေအိုင်စီက ဆက်သွယ်မေးမြန်းထားချက်ကို ဖော်ပြလိုက်ပါသည်။

ကေအိုင်စီ။ ။ ပထမဦးဆုံး PEDU အနေနဲ့ ရပ်ထဲရွာထဲမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါဆိုင်ရာ ပညာပေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိခဲ့ရပါတယ်။ ဒီလို လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်လေးနဲ့ ဘယ်အချိန်က လုပ်ဆောင်ခဲ့သလဲဆိုတာ ကျေးဇူးပြု၍ ရှင်းပြပေးပါလား။

ဒေါက်တာထက်ကိုကိုလင်း။ ။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးကျေးရွာ၊ ဖလုံပညာတိုးတက်ဖွံ့ဖြိုး ရေးယူနစ် (PEDU) နာယကချုပ်ဆရာတော် အရှင်ပညာသာမိရဲ့ သြဝါဒလမ်းညွှန်မှုဖြစ်တဲ့ “COVID-19 ရောဂါကို ကာကွယ်ပါ၊ ထိန်းချုပ်ပါ၊ မပေါ့ဆဘဲ သတိပြုပါ စတဲ့ ၁၂.၃.၂၀၂၀ရက်နေ့က မိန့်မှာချက်အပေါ် PEDU တာဝန်ခံ ဆရာတော် အရှင်ဥတ္တမတို့ရဲ့ အနီးကပ်လမ်းညွှန်မှုတွေနဲ့ COVID-19 ရောဂါနဲ့ပတ်သက်လို့ ဆောင်ရန် ရှောင်ရန် ကျန်းမာရေးအသိတွေကို ကျေးရွာလူထု သိရှိနားလည်စေဖို့၊ COVID-19 နဲ့ပတ်သက်တဲ့ ကာကွယ်ရေးနည်း လမ်းများ ကိုသိရှိပြီး တစ်ဦးချင်းစီ၊ အစုဖွဲ့အလိုက်၊ ကျေးရွာအလိုက်၊ ကျေးရွာအုပ်စုအလိုက် လိုက်နာဆောင်ရွက်တတ်စေဖို့။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် သံသယလူနာများတွေ့ရှိပါက သက်ဆိုင်ရာ ကျေး လက်ကျန်းမာရေးဌာန၊ ဌာနခွဲများသို့ သတင်းပို့စနစ်များမှာ ကျေးရွာလူထုများ ပူးပေါင်းပါဝင်တတ်စေဖို့ ရည်ရွယ်ချက် တွေနဲ့အတူ ၂၀၂၀ပြည့်နှစ်၊ မတ်လ (၁၈)ရက်နေ့ကနေ မတ် (၃၁)ရက်နေ့အထိ (၁၄)ရက်တာ လှုပ်ရှားမှုဖြင့် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလုပ်ငန်းစီမံချက်ကိုလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို တင်ပြပြီးမှ အကောင်အထည် ဖော် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။

ကေအိုင်စီ။ ။ ကိုဗစ်ပညာပေးရေး အစီအစဉ်တွေကို ဘယ်နယ်မြေတွေ၊ ဘယ်လိုပုံစံမျိုးတွေနဲ့ တာဝန်ခွဲပြီး လိုက်လံဆောင် ရွက်ခဲ့ကြပါသလဲ။

ဒေါက်တာထက်။ ။ PEDU အနေနဲ့ ဆက်စပ်ဆောင်ရွက်တဲ့ ဘားအံမြို့နယ် ကျေးရွာ (၁၅)ရွာ၊ အိမ်ထောင်စု- ၂၉၁၁စု လှိုင်းဘွဲမြို့နယ် ကျေးရွာ (၂၁)ရွာ၊ အိမ်ထောင်စု ၂၁၁၈စုနဲ့ ကော့ကရိတ်မြို့နယ် အိမ်ထောင်စု ၈၄၅စုကို သက်ဆိုင်ရာ မြို့နယ်များမှနယ်မြေအလိုက် ဆရာတော်တွေ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ကျေးလက်ကျန်းမာရေး ဌာန၊ ဌာနခွဲတွေက ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ PEDU လူငယ်များမှ အိမ်တိုင်းအရောက် COVID-19 ရောဂါ ကျန်းမာရေးပညာပေး၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာကို PEDU လူငယ်အဖွဲ့ဝင်(၄၀)ဦးနဲ့ ဆောင်ရွက်ခဲ့ကြတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာစောင်ကိုပဲ အသုံးပြုဆောင်ရွက်ခဲ့ပါတယ်။

ကေအိုင်စီ။ ။ အဲလို လုပ်ဆောင်သွားခဲ့တဲ့အပေါ်မှာ လူထုတွေက ဘယ်လောက် အတိုင်းအတာထိ သိရှိနားလည်သွားပြီး အပြန်အလှန် ပူးပေါင်းပါဝင်မှုတွေ ရှိလာကြပါသလဲ။

ဒေါက်တာထက်။ ။ ကျွန်တော်တို့ ကရင်လူမျိုးတွေဟာ ရိုးသားတော့ တစ်ခုခုဆို ကိုယ်တိုင် မစဉ်းစား တတ်ကြ၊ မလုပ်တတ်ကြပါဘူး။ သို့ပေမယ့် မှန်ကန်သောဦးဆောင်မှုနောက်မှာ ပူးပေါင်းပါဝင်ဖို့အရေးဆိုလည်း မနှေးပါဘူး။ အခုလို သက်ဆိုင်ရာ နယ်မြေလိုက် ဆရာတော်များက ဦးဆောင်ပြီး ပါဝင်တာမို့ အိမ်တိုင်းအရောက် ပညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းအပေါ်မှာ ရပ်ရွာဒေသခံ ကရင်ပြည်သူများဟာ ပိုမိုစိတ်ဝင်စားကြတယ်။ လေးစား တန်ဖိုးထားကြတယ်။ ပညာပေးမှုတွေကို လက်ခံပါတယ်။ ရွာတွေမှာက Social Media သုံးစွဲမှုက သက်ကြီးပိုင်းတွေမှာ နည်းတာမို့ ခုလို အိမ်တိုင်းရောက် ပညာပေးမှုအပေါ်မှာ သူတို့သိရှိပြီး လက်ခံကျင့်သုံးမယ်ဆိုတဲ့ တုန့်ပြန်ဖြေကြား မှုတွေကို ပြန်လည် ကြားရပါတယ်။ စာမတတ်တဲ့ သက်ကြီးပိုင်းတွေကအစ ရုပ်ပုံကြည့်ပြီး ဆောင်ရန်ရှောင်ရန်တွေကို လက်ခံမှတ်သားကြပါတယ်။

ကေအိုင်စီ။ ။ ကိုဗစ်နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုမျိုး ဆောင်ရွက်နေခဲ့တဲ့ အချိန်ကာလလေးမှာ ရပ်ထဲရွာထဲ၊ လူမှုအသိုင်းအဝိုင်းထဲက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအားဖြင့် သက်ရောက်မှုတွေကို တွေ့ရှိခဲ့တာလေးတွေရှိရင် ပြောပြပေးပါလား။

ဒေါက်တာထက်။ ။ ကျွန်တော်တို့ အိမ်တိုင်းအရောက် COVID-19 ရောဂါ ပညာပေးခြင်းနှင့် လက်ကမ်းစာ စောင်များဖြန့်ဝေခြင်း အစီအစဉ်အစမှာ COVID-19 Positive မရှိသေးပါဘူး။ ကျွန်တော်တို့မသွားရောက်ခင်မှာ တော့ ဒေသခံတွေက လာမယ့် စီစဉ်သိပေမယ့် ငါတို့ဆီကို မရောက်နိုင်ပါဘူး၊ ပေါ့ပေါ့ပါးပါးပဲ တွေးကြပါတယ်။ ဒါပေမဲ့ အိမ်တိုင်းအရောက် COVID-19 ရောဂါပညာပေးခြင်း ပြီးတဲ့အခါမှာတော့ ဒီရောဂါဟာ တကယ်ပဲ ဖြစ်လာ တော့မလား၊ ငါတို့ဒေသတွေဆီပါ ပျံ့နှံ့လာတော့မလား၊ ဆရာတော်တွေကိုယ်တိုင် ဦးဆောင်ပါဝင်မှုအပေါ်မှာ လုံး၀ ဂရုမစိုက်သူတွေဟာ ဆောင်ရန်ရှောင်ရန်တွေကို ဂရုစိုက်လာကြပြီးတော့ သတင်းတွေကြည့်ထား၊ ဂရုတစိုက် လေ့ လာထားသူတွေမှာလည်း ဆောင်ရန်ရှောင်ရန်တွေ၊ ဆင်ခြင်မှုအပိုင်းတွေ ပိုမို အားကောင်းလာကြပါတယ်။

တွေ့ရှိချက်အနေနဲ့ကတော့ လက်ဆေးသောအကျင့်၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါဆိုသော အကျင့်စနစ်ကို လူတိုင်းလူတိုင်း လက်ခံကျင့်သုံးတတ်စေဖို့၊ အပြင်သွားတိုင်း Mask တပ်ပြီးမှ သွားကြဖို့ကို တစ်ယောက်ချင်းစီ ပါဝင် စေဖို့ပါပဲ။ ရပ်ရွာထဲ ဈေးဆိုင်တွေမှာပါ ဆပ်ပြာနဲ့ရေ သုံးပြီး လက်ဆေးတာမျိုးရော၊ လက်သန့်ဆေးရည် သုံးပြီး ဆေး တာမျိုး အပါအဝင် ဈေးမဝယ်ခင် လက်ဆေးရတာတို့၊ အပြင်သွားတဲ့သူ အများစုကလည်း Mask ဝတ်ဆင်ပြီးမှ သွား လာတာတို့တွေ တွေ့လာရပါတယ်။

လူဝင်ထွက်များသော ဈေးကြီးလို နေရာမျိုးတွေမှာလည်း Mask မဝတ်ဆင်ရင် ပေးမဝင်တာမျိုးနဲ့ လက်ဆေးပြီးမှ ပေးဝင်တာမျိုး လုပ်ဆောင်မှု၊ အသား ဟင်းသီးဟင်းရွက် စသဖြင့် လက်ရှိဈေးနေရာကနေ နေရာပြောင်းပြီး စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ရောင်းချလာတာကို တွေ့မြင်ရပါတယ်။ အစိုးရရုံးဌာနတွေမှာလည်း Mask ဝတ်ဆင်ဖို့၊ လက်ဆေးဖို့တွေကို စည်းကမ်းတစ်ခုသဖွယ် လုပ်ဆောင်လာတာမျိုးတွေ မြင်တွေ့လာရပါတယ်။

ကေအိုင်စီ။ ။ ပညာပေးလုပ်ငန်းဆောင်ရွက်ရာမှာ ကူးစက်မှုတွေကို ကာကွယ်၊ ထိန်းချုပ်နိုင်ဖို့အတွက် လိုအပ်ချက်တွေ၊ စိန်ခေါ်မှု အခက်အခဲတွေ ဘာတွေများ ဖြစ်မလဲ။လုပ်ငန်းအကောင်အထည်ဖော်ရေးမှာ ကုန်ကျစရိတ်တွေ ဘယ်လို ရှိပါသလဲ။

ဒေါက်တာထက် ။ ။ အခက်အခဲတွေကတော့ အထွေအထူး မရှိခဲ့ပါဘူး။ တစ်ရွာဝင်တစ်ရွာထွက် အိမ် တိုင်းအရောက် ပညာပေးခြင်း အစီအစဉ်တွေမို့ မသွားရောက်ခင်မှာတော့ ကြိုတင်ချဉ်းကပ်ညှိနှိုင်း တိုင်ပင်ဆောင် ရွက်မှုတွေနဲ့ စီစဉ်ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

ကုန်ကျစရိတ်ကလည်း PEDU အသိုင်းအဝိုင်းတွေက ဝိုင်းဝန်းကူညီဆောင်ရွက်ကြတာမို့ လိုအပ်ရင် လိုအပ် သလောက် ဖြည့်ဆည်းဆောင်ရွက်မှုများနှင့် Team Work တစ်ခုအသွင် ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်ခဲ့ကြပါတယ်။

ကေအိုင်စီ။ ။ ကရင်ပြည်နယ်တစ်ခုလုံး အတိုင်းအတာနဲ့ ကိုဗစ်ကူးစက်ရောဂါ တားဆီး ကာကွယ် ထိန်းချုပ်သွားနိုင်ရေး ပိုမို ကောင်းမွန်ထိရောက်အောင် ပြည်နယ်အစိုးရအနေနဲ့ဖြစ်စေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ကရင် လက်နက်ကိုင်အဖွဲ့အစည်းတွေက ဘယ်လိုပူးပေါင်းလုပ်ဆောင်သွားသင့်တယ်လို့ကော အကြံပြုချင်ပါသလဲ။

ဒေါက်တာထက် ။ ။ COVID-19 ရောဂါဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်တာကြောင့် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့က လည်း မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို ရေးဆွဲတာမျိုးတွေ လုပ်ရပါမယ်။ ကိုယ့်မူဝါဒ ချမှတ်ထားရှိမှုအပေါ်မှာလည်း ဘယ်လိုဘယ်ပုံဆိုတာကို Press Conference (သတင်းစာရှင်းလင်းပွဲ)လို စီစဉ်ပြီး မီဒီယာတိုင်းကနေတဆင့် ပြည်သူ လူထုသိစေဖို့ ချပြထားရပါမယ်။ ရေးဆွဲထားသော မူဝါဒတွေအပေါ်မှာလည်း ကျန်းမာရေးဌာနအဆင့်ဆင့်၊ ရပ်ရွာ အုပ်ချုပ်ရေးနဲ့ ရပ်ရွာတွေက ဘယ်လိုဘယ်ပုံ အကောင်အထည်ဖော် ဆောင်ရွက်သင့်တာမျိုး ဥပမာအားဖြင့် ပိုမိုပီပြင် ထိရောက်မှုရှိသော Community Based Facility Quarantine-CBFQ ဖြစ်စေဖို့ ထိတွေ့မှုစနစ် အနည်းဆုံး သော CBFQ ဖြစ်စေဖို့လိုမျိုးပါ။ နောက်ပြီး လိုအပ်ချက် ထပ်ရှိလာရင်လည်း အရပ်ဖက်အဖွဲ့အစည်းတွေက ဘယ်လိုနေရာ ကနေ ပါဝင်ဝန်းရံစေဖို့တွေ ရှိထားရပါမယ်။ အားလုံး ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်မှုတွေ လုပ်ထားရပါမယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်အရ ဆိုရင်လည်း ပြည်နယ်အစိုးရ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနဲ့ ကေအဲန်ယူ ကျန်းမာ ရေးဌာနတို့ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ခွဲေ၀ အသိပေးလုပ်ဆောင်သွားတာမျိုးနဲ့ လုပ်ဆောင်ကြမယ်ဆိုရင် ဒီ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဟာ ပိုမို ကောင်းမွန်ထိရောက်နိုင်မယ်လို့ အကြံပြုချင်ပါတယ်။

အိမ်ဆိုင်တွေ ရောင်းချနေတာကလည်း ဈေးရောင်းသောဆိုင်တိုင်း လက်ဆေးဖို့နေရာမရှိဘဲ ရောင်းချနေ တာမျိုးကို လိုက်လံစောင့်ကြည့်ပြီး လက်ဆေးနေရာ စီစဉ်ပြီးမှ ဈေးရောင်းတာတွေကို ကြည့်ရှုစစ်ဆေး လုပ်ဆောင် စေ ချင်ပါတယ်။ အများပြည်သူနဲ့ဆိုင်သော ဈေးတွေမှာလည်း လက်ဆေးနေရာ ထားရှိမှုတွေက ကပ်ရောဂါအချိန် ဖြစ်တာမို့ သာမန်အချိန်လို တစ်နေရာတည်း မထားဘဲ ဈေးဝယ်ဈေးရောင်း လွယ်လွယ်ကူကူ လက်ဆေးဖို့ အဆင်ပြေအောင် တစ်နေရာထက်ပိုပြီး စီစဉ်ထားစေချင်ပါတယ်။ တစ်ဆက်တည်းမှာလည်း Mask ဝတ်ဆင်၊ လက်ဆေးတာတွေနဲ့ ပတ် သက်ပြီး စောင့်ကြပ် ကြည့်ရှု စစ်ဆေး ဆော်သြနေတာမျိုးတွေပါ ထားရှိစေချင်ပါတယ်။

<><><>

Photo: Htet Ko Ko Lin FB.

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...