ကျောက်တော်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းသုံးလောင်းတွေ့

ကျောက်တော်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းသုံးလောင်းတွေ့

ကျော်ချစ် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းသုံးလောင်း ဧပြီလ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ထိုသို့ သေဆုံးသူများမှာ မောင်မြတ်သူမောင် ၁၉ နှစ်၊ ဦးဘိုနိုင်ဝင်း ၃၂ နှစ်နှင့် ဦးကျော်ကျော်နိုင် ၄၇ နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့သုံးဦးမှာ ဧပြီလ ၁၆ ရက်နေ့က ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ လမ်းမတော်ရပ်ကွက်သို့ နွားနှစ်ကောင်နှင့်အတူသွားစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ယင်းနေ့က ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ အရပ်သား ၆ ဦး ထိခိုက်မှုရှိခဲ့ပြီး ၎င်းတို့သုံးဦး မှာလည်း ပစ်ခတ်မှုဖြစ်ပွားချိန်အတွင်း ပျောက်ဆုံးသွားခဲ့ကြခြင်းဖြစ်သည်။

မိသားစုဝင်များက ၎င်းတို့သွားရာလမ်းတွင် ကျောက်တော်မြို့ ဂစ္ဆပနဒီတံတားပေါ်၌ တပ်မတော်သားနှင့်တွေ့၍ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုကြသည်။

“ကျောက်တော် လမ်းမတော်ရပ်ကွက်မှာ အမဲသားရောင်းတယ်။ ဒီတော့နွားတွေယူပြီး သုံးယောက်သွားတာ။ အဲ့လိုသွားတဲ့အချိန် ဟိုကစစ်တပ်လာတာနဲ့ တိုးတာပေါ့။ ဒီတော့ သူတို့ အပစ်ခံရတာပါ”ဟု သေဆုံးသူ ဦးဘိုနိုင်ဝင်း၏ ညီဖြစ်သူ ကိုညီနိုင်ဝင်းက ပြောသည်။

ယခုကဲ့သို့ စွပ်စွဲချက်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကိုDMG က ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသဖြင့် တပ်မတော်၏တုန့်ပြန်ချက်ကို မရရှိခဲ့ပေ။

အဆိုပါ သေဆုံးနေသည့်အလောင်းများကို တစ်နေရာစီတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးရုပ်အလောင်းများတွင် နှိပ်စက်သတ်ဖြတ်သည့် လက္ခာဏာများကိုလည်း တွေ့ရှိရကြောင်း မိသားစုဝင်များက ပြောသည်။

“ကိုကျော်ကျော်နိုင်မှာက နံဘေးမှာ ကျည်ဒဏ်ရာတွေပါတယ်။ ပြီးတော့ ပါးစပ်က အထက်သွားတွေ တစ်ချောင်းမှ မကျန်တော့ဘူး။ မောင်မြတ်သူမောင်မှာဆိုရင် နားထင်ကို ပစ်သတ်ခံရတာ။ ဦးဘိုနိုင်ဝင်းမှာတော့ ဦးခေါင်းနောက်စေ့ ပွင့်ထွက်သွားတယ်” ဟု ကိုညီနိုင်ဝင်းက ဆိုသည်။

ဦးဘိုနိုင်ဝင်း၏ ရုပ်အလောင်းကို ကျောက်တော်မြို့နယ်၊ သဝင်ကိုင်းကျေးရွာအနီး ကုလားတန်မြစ်ထဲတွင် ဧပြီလ ၁၇ ရက်နေ့ ညအချိန်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဦးကျော်ကျော်နိုင်၏ ရုပ်အလောင်းကို ရှမ်းရွာအနီး မြစ်ကမ်းအနီးတွင်တွေ့ရှိခဲ့ကာ မောင်မြတ်သူမောင်၏ ရုပ်အလောင်းကို ပုဏ္ဏားရွာအနီးတို့တွင် ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“သူတို့မှာ စစ်ပွဲဖြစ်ရင်ဖြစ်ကြ။ အခုက အရပ်သားတွေ ဘာမှမဟုတ်ဘဲ သေဆုံးနေရတယ်”ဟု ကိုညီနိုင်ဝင်းက ပြောသည်။

လက်ရှိမှာ အလောင်းများကို ကျောက်တော်မြို့ ရင်ခွဲရုံသို့ သယ်ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့ပေါ်တွင် ဧပြီလ ၁၆ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားရာတွင် အရပ်သား ၆ ဦး ထိခိုက်မှုရှိခဲ့ပြီး ၎င်းတို့ထဲမှ ဒဏ်ရာပြင်းထန်သည့် ၁၄ နှစ်အရွယ်ကလေးတစ်ဦး ကျောက်တော်ဆေးရုံတွင် သေဆုံးသွားခဲ့ကာ ကျန်တစ်ဦးမှာ စစ်တွေဆေးရုံတွင် ကုသမှုခံယူနေရသည်။

အဆိုပါ ပစ်ခတ်မှုမှာ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို AA က ကျောက်တော်မြို့၏ တောင်ဘက် မီတာ ၅၀၀ ခန့်အကွာ ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်ရှိ ကစ္ဆပနဒီတံတားချဉ်းကပ်လမ်းအနီး၌ ဝဲဘက်လမ်း ပုခုံးတွင်ထောင်ထားသည့် ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ရီမုမိုင်းပေါက်ကွဲသည်နှင့်တစ်ပြိုင်နက် တံတား၏အနောက်တောင်ဘက် မီတာ ၂၀၀ ခန့်အကွာရှိ အဝေးပြေးကားဝန်းနေရာမှ နေရာယူထားသည့် AA တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တုန့်ပြန်ပစ်ခတ်ခဲ့သည်ဟုလည်း ၎င်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းပစ်ခတ်မှုတွင် ဒဏ်ရာရရှိခဲ့ပြီး စစ်တွေဆေးရုံတွင် ကုသမှုခံယူနေရသူ မောင်ဇင်ကိုကမူ ၎င်းတို့ ဆိုင်ကယ်ဖြင့်သွားစဉ် ကျောက်တော်အဝေးပြေးကားဂိတ်အတွင်းမှ ပစ်ခတ်ခြင်းဖြစ်ပြီး ၎င်းနေရာတွင် စစ်သားများကိုတွေ့မြင်ခဲ့ကြောင်း ပြောဆိုထားသည်။

“ကျနော်တို့က ဆောက်လုပ်ရေးလုပ်နေတာပါ။ ကျောက်တော်စိုက်ပျိုးရေးကျောင်းနားက အပြန်လမ်းကွေ့မှာ နောက်ကနေလှမ်းအော်တယ်။ ပြီးတော့ပစ်တယ်။ ကျနော်လူနာတင်ယာဉ်ပေါ် တက်တဲ့အခါတော့ စစ်သားတွေမြင်ခဲ့တယ်။ ပစ်တာက ကားကြီးကွင်းကနေပစ်တာ”ဟု ၎င်းကဆိုသည်။

ရခိုင်တိုက်ပွဲအတွင်း အရပ်သားများထိခိုက်သေဆုံးမှုမှာ တစ်နေ့ထက်တစ်နေ့များပြားလာနေသဖြင့် မြို့နှင့် နီးသည့်နေရာများနှင့် အရပ်သားများနေထိုင်သည့် နေရာများတွင် ပစ်ခတ်မှုများမပြုလုပ်ကြရန် ရခိုင်လွှတ်တော် ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ တောင်းဆိုထားကြသည်။

September 27, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ပြီး လုပ်ကိုင်စားသောက်နေကြသည့်...
September 26, 2024
စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက်...
September 26, 2024
ရခိုင်ပြည်၊ သံတွဲမြို့ကို ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီက...
September 25, 2024
ရခိုင်စစ်မျက်နှာတွင် အရေးမလှဖြစ်နေသော စစ်ကောင်စီသည် ရခိုင်တောင်ပိုင်းတွင် သီးခြားတည်ရှိသည့်...