သန့်ဇော်(သန်လျင်) — ကမ္ဘာ့အင်အားကြီးနိုင်ငံလည်းဖြစ် လူဦးရေအများဆုံးလည်းဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ သတ္တမမြောက် လူဦးရေ ၁၁ သန်းကျော်ရှိတဲ့ မြို့လည်းဖြစ်၊ နိုင်ငံတော်ဗဟိုမြို့တော် ၉ မြို့တွင် တစ်မြို့ အပါအဝင် လည်းဖြစ်တဲ့ ဝူဟန်မြို့မှာ COVID-19 ဗိုင်းရပ်စ်လို့ လူသိများတဲ့ ကိုရိုနာကပ်ဘေးကျရောက်နေတာ တစ်ကမ္ဘာလုံးက အသိပင်ဖြစ်ပါတယ်။
ရောဂါဖြစ်ရခြင်းအကြောင်းကတော့ အစားအစာအတွက်ရောင်းချတဲ့ တောရိုင်းတိရိစ္ဆာန်အသားများ ကနေ စတင်ဖြစ်လာတာဖြစ်ပြီး အဲဒီတောရိုင်းတိရိစ္ဆာန်အသားများရဲ့ ရောဂါမူလသိုမှီးရာနေရာ (သို့) ကြားခံဖြစ်စေသော အရာလို့သာ သံသယရှိနေဆဲဖြစ်လို့ အတိအကျသိဖို့အရေး ရှာဖွေသုတေသန လုပ်တုန်းပဲဖြစ်ပါတယ်။
ကျွန်တော်တို့မြန်မာပြည်မှာတော့ တရုတ်ပြည်မှာဖြစ်နေတဲ့ ရောဂါဆိုးနဲ့ပတ်သက်ပြီး ကြားနေရတဲ့ သတင်းတွေအရ ဆိုရင် ဒါဟာကပ်ရောဂါလို့သတ်မှတ်ကြတဲ့သူတွေ များကြပါတယ်၊ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ လက်ခံ ထားတဲ့ကပ်ကြီး ၃ပါးဆိုတာရှိပါတယ်၊ ( ၁ ) ရောဂန္ထရကပ် - ရောဂါဆိုးဖြင့် အထူးနှိပ်စက်သောကပ်။ ( ၂ ) သတ္တန္တရကပ် - ဓါးလှံလက်နက်တို့ဖြင့် သတ်သောကပ်။ ( ၃ ) ဒုဗ္ဘိက္ခန္တရကပ် - အစားအစာငတ်မွတ် ခေါင်းပါး သော ကပ်တို့ပဲဖြစ်ပါတယ်။
ဒီကပ်တွေဟာ တစ်ခုဖြစ်ရင် တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြတယ်လို့လည်း သိရပါတယ်။နေရာအနှံ့ နိုင်ငံအနှံ့ကိုလည်း ပြန့်ပွားနိုင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ဝမ်းရောဂါ၊ ကျောက်ရောဂါ၊ ပလိပ်ရောဂါတွေ ဖြစ်ကြလို့ လူတွေ အနိစ္စရောက်ကြတာပဲ သိတာ၊ ခုတော့ တစ်နိုင်ငံကနေ တခြားနိုင်ငံတွေအထိ ကူးစက်နိုင်တာတွေလည်း လက်တွေ့သတင်းတွေထဲမှာ ကြားသိနေရပါတယ်။
ရောဂန္ထရကပ် ရောဂါ ကူးစက်မှု ဖြစ်လာမယ်ဆိုရင် တစ်နေရာကနေတစ်နေရာ မသွားကြတော့ဘူး၊ စီးပွားရေးလုပ်ငန်းတွေကျပ်တည်းလာမယ်။ ဝင်ငွေမရှိတဲ့သူတွေ စားဖို့ သောက်ဖို့ အစားအစာရှားလို့ မတော်တရော်နည်းတွေ လုပ်လာမယ်၊ လုယက်မှုတွေ ဖြစ်လာနိုင်တယ်၊ လုယက်မှုတွေများလာတော့ ပစ်ခတ်နှိမ်နင်းမှုတွေဖြစ်လာနိုင်တယ် ၊ သေကြ ကြေကြ အနိဋ္ဌာရုံတွေဖြစ်လာမယ်၊ ကူးဆက်ရောဂါဖြစ် ငတ်မွတ်ခေါင်းပါး လူတွေသေကြ ဆိုသလို ဖြစ်လာမှာပါ။
ဒါပေမယ့် ခု ကျွန်တော်တို့နေထိုင်နေတာက အရင်လိုမျိုးမဟုတ်တော့ဘဲ ကမ္ဘာ့ရွာကြီးမှာဆိုတော့ ထိန်းချုပ်ရေးနည်းစနစ်တွေ၊ နည်းပညာတွေ၊ ဆေးပညာတွေ အံ့မခန်းတိုးတက်နေတော့ စနစ်တကျနဲ့ သွားလာနေထိုင်လိုက်ကြမယ်ဆိုရင် ဟိုးအရင် ၁၆၅၄–၁၆၅၅ ခုနှစ် ဆိုဗီယက်ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပလိပ်ရောဂါ ကူးစက်ပျံ့နှံ့ခဲ့ လို့ မြို့နေလူဦးရေရဲ့ ၈၀ ရာနှုန်းကျော် သေဆုံးခဲ့သလိုမျိုး သေကြေကြ တော့မှာတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် စနစ်တကျနဲ့ ရောဂါကာကွယ်ဖို့နဲ့ မပြန့်ပွားဖို့ကတော့ အင်မတန်အရေးကြီးပါတယ်၊ သဘာဝအတိုင်းပဲ နောက်မှ ရောဂါကုသတဲ့ဆေးဝါးတွေ တီတွင်လာပြီး ကုသပျောက်ကင်းကြရပါတယ်။
ခုနောက်ဆုံးသတင်းများအရကတော့ တရုတ်ပြည် ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးဆက်ခံထား ရသူ ၇၂၀၀၀ ကျော်ရှိပြီးသေဆုံးသူ ၁၈၀၀ ကျော်သွားပါပြီ၊ ကူးဆက်သူနဲ့ သေဆုံးသူ အရေအတွက်တွေ ကတော့ နေ့စဉ် ရာဂဏန်းကျော်ရှိပါတယ်၊ လူ-မှ-လူ သို့ကူးစက်ပျံ့နှံ့တာဖြစ်လို့ ခရီးသွားသူ တစ်ဦးဦးနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံသောသူများ ရောဂါကူးစက်ကြပါတယ်၊ ဒါကြောင့် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဩစတေးလျ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဂျပန်၊ ထိုင်းအပါအဝင် တစ်ခြားသောနိုင်ငံများနဲ့ တရုတ်ပြည်မကြီးရဲ့ အခြားခရိုင်များကိုလည်း ကူးဆက်လို့ ၂၀၂၀ ဇန်နဝါရီ ၃၀ ရက်နေ့မှာတော့ ဝူဟန်ဗိုင်းရပ်စ် (2019-nCoV)ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ရပါတော့တယ်။
လတ်တလောမှာတော့ ကူးစက်ရောဂါဟာ နောက်ဆုတ်သွားတာ မတွေ့ရဘဲ ထပ်တိုးလာတာရယ် သေဆုံးတာတွေရယ်နဲ့ တရုတ်ပြည်ထဲမှာကိုပဲ ရင်နင့်ကြေကွဲစရာ ဇာတ်လမ်းတွေ ပြောမဆုံးအောင် ဖြစ်နေတာပဲ ဖြစ်ပါတယ်။
သတင်းတစ်ခုမှာ ဟူပေဒေသ ဝူဟန် ရုပ်ရှင်လောကမှ အသက်၅၅နှစ်အရွယ် လူတစ်ဦးဟာ အဲဒီကူးစက်ရောဂါနဲ့ အမေ၊ အဖေ၊ အမ နောက်ဆုံးသူပါ ၁၇ ရက်အတွင်း သေဆုံးခဲ့ပါတယ်၊ ၊
သူ့အမျိုးသမီးကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဒဏ်ကို ပြင်းထန်စွာ ခံစားနေရပါတယ်။
သူ့သားက အင်္ဂလန်မှာ ပညာသွားသင်နေပြီး ပြန်မလာနိုင်ဘဲ အသုဘတောင် မပို့နိုင်ခဲ့ဘူးလို့ သိရပါတယ်။
တချို့ဒေသတွေမှာတော့ အမြင့်ဆုံးအဆင့် မည်သူမှ အိမ်ပြင်မထွက်ရအောင် အိမ်တံခါးတွေကို အပြင်ကနေ သံရိုက်ပြီးပိတ်တာ၊ နေအိမ်သံတံခါးတွေကို ဂဟေဆော်ပြီး ပိတ်ထားတာခံရပြီး
လိုအပ်တဲ့အစားအသောက်များကို အပြင်မှ ထရပ်ကားကြီးများနဲ့ တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း ပို့ပေးတာတွေ တွေ့ရပါတယ်။
ယခုစာရေးနေတဲ့အချိန်ထိ တိကျသောကုသမှုမျိုးကို ရှာဖွေမတွေ့ရှိသေးပါဘူး။ ဒါ့ကြောင့် ရောဂါလက္ခဏာအပေါ် ထိန်းချုပ်သက်သာစေခြင်းကိုသာ အဓိကအလေးထားပြီး လုပ်ဆောင်နေရပါတယ်။ ရောဂါလက္ခဏာတွေကတော့ ဖျားခြင်း(fever)၊ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း(fatigue)၊ ချောင်းခြောက်ဆိုးခြင်းများ(dry cough)နှင့် အသက်ရှုခက်ခဲခြင်း(shortness of breath)(သို့) အဆုတ်ရောင်ရမ်းခြင်း(pneumonia)နှင့် ဆိုးဝါးသောအခြေအနေများ၌ ကျောက်ကပ်ပျက်ဆီးခြင်း(kidney failure)တို့ပဲ ဖြစ်ပါတယ်။
ဒီလောက်ဆိုးဝါးလာနေတဲ့ ကုသဖို့ဆေးမရှိသေးတဲ့ ဒီရောဂါကို နိုင်ငံတကာကလည်း တရုတ်နိုင်ငံကလာတဲ့ ခရီးသည်တွေကို ပိတ်ဆို့ခြင်း၊ သီးခြားထား ရောဂါခြေချုပ်ပြုလုပ်ခြင်း၊ ခွဲခြားစောင့်ကြည့်ခြင်း၊ ဗီဇာများပိတ်ပင်ခြင်း စတဲ့ အလွန်ကို ဂရုတစိုက် ကိုင်တွယ်နေတာ တွေ့ရပါတယ်။ ခုနောက်ဆုံး တရုတ်ပြည်ရဲ့ အနောက်မြောက်ဖက် ၂၁၀၃ km (၁၃၀၇ miles.)အကွာအဝေးမှာရှိတဲ့ ထိုင်ဝမ်မှာတောင် တရုတ်ဗီဇာတွေပိတ်ထားလိုက်ပါပြီ၊ တရုတ်လေကြောင်း လိုင်းတွေလည်းပိတ်ထားလိုက်ပါပြီ၊ ရှိပြီးသား ဗီဇာတွေကိုလည်း ခေတ္တရပ်ဆိုင်းထားလိုက်ပြီဆိုတာ သိရပါတယ်။
ဆိုလိုချင်တာက လွန်စွာခေတ်မှီပြီး တိုးတက်ပါတယ်ဆိုတဲ့ တရုတ်နိုင်ငံအနီးက တိုင်းပြည်လေးတစ်ခု ကတောင် တချို့ကရောဂါမပြဘဲ ကူးစက်နေတာရှိတယ်ဆိုတဲ့ ၊ တချို့ဆိုရင်ရက်၄၀ကျော်မှ သိရတာတွေ လည်း ရှိတယ်ဆိုတဲ့ အဲဒီကူးစက်ရောဂါမဖြစ်ဘို့ ဗီဇာတွေ လေကြောင်းလိုင်းတွေပိတ်ပြီး ရောဂါဖြစ်မှာကို အသည်းအသန်ကာကွယ်နေကြတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့
ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံရယူပြီး တရုတ်ခရီးသွားတွေမြန်မာပြည်ဝင်ခွင့်ပြုမယ့် ကိစ္စကို ဘယ်လိုစဉ်းစားချက်နဲ့များ ခွင့်ပြုရသလည်းဆိုတာ စာရေးသူတင်မက တစ်နိုင်ငံလုံးက ပြည်သူတွေပါ မကျေမနပ်ဖြစ်ကြတာကို တွေ့ရကြားရပါတယ်။
ကံကောင်းထောက်မစွာပါပဲ အဲဒီမြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ချက်ကို မန္တလေးဧည့်လမ်းညွှန်များအသင်းအပါအဝင် လူတော်တော်များများက ဝိုင်းဝန်းကန့်ကွက်ကြလို့ အဲဒီထုတ်ပြန်ခွင့်ပြုချက်ကို ဆိုင်းငံ့လိုက်ရပါတော့တယ်။
တော်ပါသေးတယ် . . အဆီရစ်ပြီး မော်တော်ကားအကောင်းစားစီး၊ ကိုယ်ကျိုးစီးပွားသက်သက်ကိုသာ ကြည့်တတ်တဲ့ လုပ်ငန်းရှင် လူတစ်စုကလွဲလို့ ကျွန်တော်တို့မြန်မာတွေဟာ ဘာမသိညာမသိ အဲဒီကပ်ဆိုးကြီးကို လက်ခံလို့မရပါဘူး၊ ကုသခြင်းထက် ကာကွယ်ခြင်းကပိုလို့ ကောင်းတယ်ဆိုတာ သိသိကြီးနဲ့ လက်ဗလာကြီးနဲ့ မစွန့်စားချင်ကြပါဘူး၊ အကယ်၍များ ကျွန်တော်တို့နိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်လို့ လူသိများတဲ့ ကိုရိုနာဗိုင်း ရပ်စ် ဖြစ်ပြီဆိုခဲ့ပါလျင် ကျနော်တို့မှာရှိတဲ့ ဆရာဝန်တွေ၊ နည်းပညာတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ မြေမျိုလို့ လူမကုန်၊ လူမျိုမှ ကုန်မယ်ဆိုတာထက် ပိုလို့ တောင် ဆိုးရွားသွားနိုင်ကြောင်း တင်ပြလိုက်ရပါတယ် ။ ။