၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်က ဆူပူအကြမ်းဖက်မှုဖြစ်စဉ်နှင့် လူအစုအပြုံလိုက် နေရပ်စွန့်ခွာသွားမှုနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) က ယင်း၏ အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့ပြီ ဖြစ်သည်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ထိခိုက်ခံခဲ့ရသူများ အပါအဝင် မျက်မြင်သက်သေ ၁,၅၀၀ ခန့်ကို တွေ့ဆုံမေးမြန်းခဲ့သည်။ ယင်းကော်မရှင်သည် ကမ္ဘာပေါ်က အခြားသော အချက်အလက် ရှာဖွေရေး အဖွဲ့များထက် ပို၍ လက်လှမ်းမီ တိုက်ရိုက်ကျသော အချက်အလက်များကို ရှာဖွေစုဆောင်းနိုင်ခဲ့သည်။
ယင်း၏ တွေ့ရှိချက်များနှင့် နောက်ထပ် ပြည်တွင်း စုံစမ်းစစ်ဆေးမှု၊ တရားစွဲဆိုမှုများ လုပ်ဆောင်ရေးအကြံပြုချက်များသည် တိကျပြတ်သားမှု ရှိသည့်အတွက် ယင်းနှင့်ပတ်သက်၍ ထိရောက်မှုမရှိဟု သေချာမလေ့လာဘဲ ပြောဆိုခဲ့ကြသူများအတွက်မှာမူ အထင်နှင့်အမြင် တခြားစီ ဖြစ်စေခဲ့သည်။ ဖြစ်ပေါ်ထားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံမှု ရှိစေရေးဆိုင်ရာ ဆွေးနွေးမှုများ နှင့် ဧရိယာအတွင်း ပြောင်းလဲမှုအတွက် လမ်းပြမြေပုံတစ်ခုနှင့်ပတ်သက်၍ အသိပေးပုံဖော်နိုင်မည့် အခွင့်အရေးတစ်ခုကုိ အဆိုပါ အချက်အလက်များအတွက် ပေးအပ်သင့်သည်။
နိုင်ငံတကာ တရားစီရင်ရေးကို ဆော်ဩလုပ်ဆောင်ရန်မှာမူ အချိန်ယူရမည်ဖြစ်ပြီး စူးစိုက်နစ်မြုပ်မှု လိုအပ်မည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်သည် မတရားဖိနှိပ်ခံရမှုဆိုင်ရာ သက်သေခံထွက်ဆိုချက်များနှင့် အလွယ်တကူ ပတ်သက်နေမည်ဖြစ်ပြီး အကျိုးဆက်အားဖြင့် ၎င်းတို့ ထည့်သွင်းသည့် ဇာတ်လမ်းပုံပြင်များနှင့် လည်း ခွဲထုတ်၍ မရဘဲဖြစ်စေမည်ဖြစ်သည်။ ICOE အစီရင်ခံစာပါ ရေးသားချက်များအရဆိုဆိုရင်လည်း ရခိုင်ဖြစ်စဉ်များနှင့်ပတ်သက်၍ လက်ရှိ နိုင်ငံတကာ တရားစွဲဆိုမှုတွင် ဆိုးကျိုးတစ်ရပ် ရှိကြောင်း ထုတ်ဖော်ပြသနေမည်ဖြစ်သည်။
ICJ တရားရုံးတွင် မြန်မာအပေါ် တရားစွဲဆိုမှု၊ ICJ တွင် တရားလိုရှေ့နေဘက်က တင်ပြဖော်ပြချက်များ၊ အာဂျင်တီးနားတွင် စွဲဆိုခဲ့သော သီးသန့် တရားစွဲဆိုမှု ၊ ယင်းတို့အားလုံးသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ အချက်အလက် ရှာဖွေရေး မစ်ရှင်အပေါ် ကျယ်ကျယ်ပြန့်ပြန့် အားကိုးအားထားပြုထားသည်ကို တွေ့ရသည်။ ယင်းအပြင် ဘင်္ဂလားဒေ့ရှ်ရှိ ကမ့်စခန်းများတွင် နေထိုင်သော ဒုက္ခသည်များ၏ ပြောဆိုချက်များအပေါ်တွင်လည်း မရေမရာလှစွာ မှီခိုအားထားခဲ့သည်။
ဒုက္ခသည်တချို့အနေဖြင့် တိကျမှုမရှိသည့် သို့မဟုတ် ချဲ့ကားထားသည့် အချက်အလက်များကို ထုတ်ဖော်ကောင်း ထုတ်ဖော်နိုင်ကြောင်း ICOE က ဖော်ပြသည်။ ယင်းအပေါ် နားလည်သဘောပေါက်နိုင်ပါသော်လည်း လုပ်ကိုင်မှုနည်းစနစ်ဆိုင်ရာ စိန်ခေါ်မှုတစ်ခု ရှိနေသည်ကိုတော့ မိမိတို့ လက်ခံရမည်ဖြစ်သည်။ ပြစ်မှုတွင် ပါဝင်ပတ်သက်ကြောင်း သက်သေခံထွက်ဆိုချက် အရိပ်အငွေ့များက အားလုံးသော နိုင်ငံများ၊ အစိုးရများအပေါ် ဖုံးလွှမ်းမကျရောက်ခင် နိုင်ငံတကာ တရားစီရင်ရေးစနစ်သည်လည်း လွဲမှားနေသည့် သတင်းအချက်အလက်များကို စစ်ထုတ်ဖယ်ရှားနိုင်စွမ်းမျိုး လက်ရှိအချိန်တွင် ရှိနိုင်ဦးမည် မဟုတ်ပေ။ လူ့အခွင့်အရေး အုပ်စုအဖွဲ့အစည်းများသည်လည်း မကြာမီလုပ်ဆောင်ရန် ရှိနေသည့် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ထည့်မတွက်ဘဲ အတည်မပြုနိုင်သော ဖော်ပြပြောဆိုချက်များအပေါ်တွင်သာ အခြေတည်ကာ မြန်မာအပေါ် ပြစ်တင်မှုများ လုပ်ဆောင်ထားခဲ့သည်။
ထိုကဲ့သို့ နိုင်ငံတကာ၏ ပြစ်တင်မှုများက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် တိုးတက်ရေးအတွက် မြန်မာအစိုးရ၏ အပြင်းအထန် အားထုတ်ကြိုးပမ်းမှုများအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းအပြင် နိုင်ငံတကာ၏ ပြစ်တင်မှုများက စစ်တပ်နှင့် အရပ်သား အစိုးရအကြား ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု ထူထောင်နိုင်မည့် ပြည်တွင်းရှိ အပတ်တကုပ် အားထုတ်မှုများကိုလည်း တိုက်စားစေခဲ့သည်။ မတူကွဲပြားမှု များစွာ ရှိသော နိုင်ငံတစ်နိုင်ငံတွင် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အုတ်မြစ်ချနိုင်ရန် ရည်ရွယ်သော မိမိတို့၏ လုပ်နိုင်စွမ်းကိုလည်း အဟန့်အတား ဖြစ်စေသည်။ ယင်းတို့က မြန်မာနိုင်ငံနှင့်ပတ်သက်၍ လိုရာဆွဲ မမှန်မကန် ဖော်ပြထားသော ရုပ်ပုံကားချပ်တစ်ခုကို တင်ပြထားခဲ့သည်။ ယင်းကြောင့် မိမိတို့၏ အပြန်အလှန် ဆက်ဆံမှုများအပေါ်မှာပါထိခိုက်ေစခဲ့သည်။ မြန်မာနိုင်ငံလောက် အရင်းအမြစ် ကြွယ်ဝမှု မရှိသော နိုင်ငံများသာ အလားတူအတိုင်း ပြစ်တင်ခံရမည်ဆိုပါက ယင်းနိုင်ငံများ ကြုံတွေ့ရမည့် အကျိုးဆက်များသည် ကြောက်မက်ဖွယ်ကောင်းမွန် ကြီးမားသွားနိုင်သည်။
လူ့အခွင့်အရေးအတွက် အခိုင်မာဆုံး ကာကွယ်ပေးနိုင်ရန်အလို့ငှာ ကုလသမဂ္ဂ နှင့် အခြားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများဘက်က အထောက်အထားမခိုင်လုံသော ဇာတ်လမ်းပုံပြင်များအပေါ် မှီခိုအားထားနေသည့် နည်းလမ်းပုံစံများကို မိမိတို့အနေဖြင့် ပြုပြင်ပြောင်းလဲသွားရန် လိုအပ်ပေလိမ့်မည်။ အမှန်တကယ် ထိခိုက်ခံခဲ့သူများ၏ ထုတ်ဖော်သံများကို မိမိတို့ နားထောင်ရမည်ဖြစ်ပြီး အမြဲတစေ မိမိတို့၏ နှလုံးသားဖြင့် ခံစားပေးရမည်ဖြစ်သည်။ သို့သော် အရေးကြီးသည်က အချက်အလက် ရှာဖွေသူများအနေဖြင့် အမှန်တရားကို ဖော်ထုတ်နိုင်ရန်အလို့ငှာ နိုးနိုးကြားကြား မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ရမည်ဖြစ်သည်။
ရခိုင်ပြည်နယ်က ချိုးဖောက်မှုများနှင့်စပ်လျင်း၍ နောက်ထပ် သက်သေအထောက်အထားများကို ICOE အစီရင်ခံစာတွင် တင်ပြလာပါက ပြည်တွင်း၌ စုံစမ်းစစ်ဆေးမှုများ၊ တရားစွဲဆိုမှုများ ရှိလာမည်ဖြစ်ကြောင်း ICJ တွင် မိမိ ပြောဆိုတင်ပြထားခဲ့သည်။ ICOE ကလည်း အလားတူအတိုင်းပင် အစီရင်ခံခဲ့သည်။ အာဆာအဖွဲ့အကြား ဖြစ်ပွားသော လက်နက်ကိုင် ပဋိပက္ခအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများဘက်က စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ကောက်ချက်ချခဲ့သည်။ ယင်းအစီရင်ခံစာတွင် အရပ်သားများကို သတ်ဖြတ်ခြင်းများ၊ အင်အား အချိုးအစား မမျှမတ အသုံးပြုခြင်း၊ ပစ္စည်းဥစ္စာများကို လုယက်ခြင်း နှင့် မွတ်ဆလင်များ စွန့်ခွာသွားသည့် နေအိမ်များကို ဖျက်ဆီးခြင်း တို့နှင့်ပတ်သက်၍ အသေးစိတ် ဖော်ပြထားသည်။ သို့သော် လူမျိုးတုန်းသတ်ဖြတ်သည့် သက်သေအထောက်အထားကို ICOE က မတွေ့ရှိခဲ့ပေ။
ကျေးရွာများကို မီးရှို့ခြင်း သို့မဟုတ် လုယက်ခြင်းတို့တွင် ပါဝင်ပတ်သက်ခဲ့ကောင်းပတ္သက္နနိုင်သည့် အရပ်သားများကိုလည်း စုံစမ်းစစ်ဆေးသွားမည့် အစီအစဉ်များကို ပြည်ထောင်စု ရှေ့နေချုပ်ကလည်း ကြေညာထားပြီးဖြစ်သည်။ စစ်တပ် တပ်ဖွဲ့ဝင်များ ကျူးလွန်ထားကောင်း ထားနိုင်သည့် စစ်ရာဇဝတ်မှုများကိုလည်း မိမိတို့ စစ်တပ်၏ တရားစီရင်ရေးစနစ်အတိုင်း စွဲဆိုစီရင်ဆုံးဖြတ်သွားမည်ဖြစ်သည်။
ယင်းကဲ့သို့ တရားစွဲဆိုမှုများ၏ တည်ကြည်ခိုင်မာမှုအပေါ် မိမိတို့အနေဖြင့် လေးစားလိုက်နာရန် လိုအပ်သည်။ ယင်းအပြင် နိုင်ငံတကာ လုပ်ဆောင်မှုလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပုံမှန် ခွင့်ပြုပေးထားသည့် အချိန်အတိုင်းအတာ၏ သုံးပုံတစ်ပုံအတွင်း မြန်မာ့ အမှုအခင်း တရားစီရင်ရေးစနစ်၏ စုံစမ်းစစ်ဆေးမှုများကို ပြီးစီးရမည်ဆိုသည့် အကျိုးအကြောင်းမညီညွတ်သော တောင်းဆိုမှုများကိုလည်း မိမိတို့ ရှောင်လွဲရန်လိုသည်။
လက်နက်ကိုင်အဖွဲ့များအတွက် ယင်းတို့၏ အဖွဲ့ဝင်များအတွက် တာဝန်ခံမှု ၊ တာဝန်ရှိမှု ဖော်ထုတ်ခြင်းဆိုင်ရာ ကိုယ်ကျိုးကြည့်မှုကို လက်ခံအသိအမှတ်ပြုရန် နှင့် ယင်းနောက် လက်တွေ့ကျသည့် စုံံစမ်းစစ်ဆေးမှုများ၊ တရားစွဲဆိုမှုများ လုပ်ဆောင်သွားရန်မှာ မည်သည့်အခါမှ လွယ်ကူခြင်း မရှိပေ။ ယင်းသည် ကမ္ဘာတစ်ဝန်း ကြုံတွေ့နေကျဖြစ်သည့် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ သို့သော် နိုင်ငံတကာ တရားစီရင်မှုကို ချက်ချင်းလက်ငင်း အသုံးပြုသင့်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
ယင်းအတွက်ကြောင့် ပြည်တွင်း တရားစီရင်မှုက ယင်း၏ လမ်းကြောင်းအတိုင်း မှန်မှန်ကန်ကန် သွားနိုင်ရန်အတွက် လုံလောက်သည့် အချိန်တစ်ခု ပေးပြီးမှသာလျင် ရခိုင်ပြည်နယ်က ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး မြန်မာအစိုးရ၏ လုပ်နိုင်စွမ်းအပေါ် အကဲဖြတ်မှုများ ပြုလုပ်သွားနိုင်မည်ဖြစ်သည်။
လူ့အစုအဖွဲ့များအကြားက အကြမ်းဖက်မှုဆိုင်ရာ ကာလကြာ သံသယစက်ဝန်းများကို အဆုံးသတ်နိုင်ရန်နှင့် မယုံကြည်မှု၊ ကြောက်ရွံ့မှု၊ မျက်စိမှတ် ဘက်လိုက်မှု၊ မုန်းတီးမှုတို့အပေါ် မိမိတို့ ကျော်လွှားအောင်မြင်သွား နိုင်ရေးအတွက် တရားစီရင်မှု၊ တရားမျှတမှုက မိမိတို့ကို ကူညီပေးနိုင်သည်။ ယင်းသည် မိမိ၏ ထာဝရ ရည်မှန်းချက်ဖြစ်သည်။ ယင်းသည် မိမိတို့ အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်နေသည့် ကိစ္စရပ်လည်းဖြစ်သည်။ စင်စစ်အားဖြင့်မူ နိုင်ငံတကာ တရားစီရင်မှုအနေဖြင့် ရခိုင်ပြည်နယ် အခြေအနေဆိုင်ရာ ဆွေးနွေးမှုများကို ပုံဖော်ဇာတ်သွင်းနေသည့် အစွန်းရောက် အယူအဆနှစ်ခြမ်းကွဲစေမှုအောက်ကိုတော့ကျရောက်သွားခြင်းမျိုး အဖြစ်မခံသင့်ပေ။
(ယခုဆောင်းပါးသည် Financial Times တွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားထားသည့် ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။)
<><><>
ပုံစာ
Photo: EPA