ဗိုလ်ချုပ်ကြေးရုပ်ကို မတ် ၁၇ ရက်နောက်ဆုံး ပြောင်းရွှေ့ပေးရန် ကရင်နီ လူငယ်များတောင်းဆို

ဗိုလ်ချုပ်ကြေးရုပ်ကို မတ် ၁၇ ရက်နောက်ဆုံး ပြောင်းရွှေ့ပေးရန် ကရင်နီ လူငယ်များတောင်းဆို

ကယား(ကရင်နီ) ပြည်နယ်အတွင်း ထားရှိသည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အား မတ်လ (၁၇) ရက်နေ့ နောက် ဆုံးထား ရွှေ့ပြောင်းပေးရန် ကယားပြည်နယ် အစိုးရအား ကရင်နီပြည် လူငယ်များ အင်အားစုက တောင်းဆိုလိုက်သည်။

ကရင်နီလူငယ်များအနေဖြင့် ၎င်းတို့၏ တောင်းဆိုမှုများ မရရှိပါက ဒေသခံများ၏ အစီအစဉ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ရွှေ့ပြောင်းသွားမည်ဟု ပြောသည်။

“၁၇ ရက်နေ့အထိ ဒီကိစ္စကို အစိုးရအနေနဲ့ တစ်စုံတစ်ရာဖြေရှင်းပေးဖိ့ု ပြောထားတယ်။ သို့သော် တကယ်လို့ ကျနော်တို့ ပြောထားတဲ့အတိုင်းပဲ ၁၇ ရက်နေ့အထိ ဘာတုန့်ပြန်မှုမှ မရှိလာဘူးဆိုရင်တော့ နဂိုကျနော်တို့ ပြောထားတဲ့ ကြေးရုပ်ဖယ်ရှားရေးနဲ့ ဖြုတ်သိမ်း ရေးပေ့ါနော်၊ အဲ့ဒါတွေကို ဆက်လုပ်ဖို့ အကောင်ထည်ဖော်ဖို့ရှိတယ်၊ ကရင်နီလူငယ် အင်အားစုအနေနဲ့ကော၊ ကရင်နီပြည်သူတွေ အနေနဲ့ရောပေါ့နော်” ဟု ကရင်နီပြည် လူငယ်များ အင်အားစုက ခွန်းသောမတ်က ပြော သည်။

ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးရန် ပြီးခဲ့သည့်လ အထွေထွေသပိတ်တွင် နှစ်ဦးနှစ်ဘက် ညှိနှိုင်း သဘောတူခဲ့သော်လည်း ယနေ့အချိန်ထိ တွေ့ဆုံခွင့်မရသေးကြောင်း ကရင်နီလူငယ်ခေါင်းဆောင်များက ပြောသည်။

ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနှင့် တွေ့ဆုံညှှိုနှိုင်းဆွေးနွေးရန် သဘောတူညီခဲ့ကြရာ မတ်လ ၁၂ ရက်နေ့ (ယနေ့)သည် တစ်လတိတိပြည့်သည့် နေ့ဖြစ်သည်။ သို့သော်လည်း ယနေ့အချိန်ထိ ပြည်နယ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခွင့်မရသေးကြောင်း ကြေးရုပ်ဖျက်သိမ်းရေး ဦးဆောင်ကြိုးပမ်းနေသူများက ပြောသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပေးထားသည့်ကတိပျက်ခဲ့ပါက ဒေသခံများက ၎င်းတို့၏ အစီအစဉ်ဖြင့် ကန္ဒာဝန်ပန်းခြံအတွင်းက ဗိုလ်ချုပ်ရုပ်ထုကို ဖယ်ရှားသွားမည်ဟု သတိပေးထားပြီးဖြစ်သည်။

ထို့ကြောင့် မူလ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို စတင်အကောင်အထည်ဖော်ခဲ့သည့် ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုးနှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့အနေဖြင့် မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပြောင်းပေး ရန်၊ တာဝန်ယူဖြေရှင်းပေးဖို့ ကရင်နီပြည်လူငယ်များ အင်အားစုက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်က တောင်းဆိုလိုက်သည်။

ခွန်းသောမတ် က “အခုချိန်က အများပြည်သူပိုင်တဲ့နေရာမျိုးတွေမှာ မထားဖို့ရယ်၊ နောက်စောသေးတယ်ဆိုတာ နဂိုကတည်းက ပြောထားတယ်၊ ကျနော်တို့ ကရင်နီလူငယ်တွေကရော၊ လူထုတွေကရော၊ တကယ်လို့ ပြောင်းမယ်ဆိုရင် လုပ်တဲ့ပုဂ္ဂိုလ်ပေါ့၊ ဥပမာ NLD ပါတီကလုပ်ခဲ့တယ်ဆိုရင် NLD ရုံးမှာ ပြောင်းဖို့၊ တကယ်လို့ ပရဟိတတွေ လုပ်ထားတယ်ဆိုရင် ပရဟိတရုံးမှာပြန်ထားဖို့ သူ့သက်ဆိုင်ရာရုံးမှာ ပြန်ထားဖို့ပဲ ကျနော်တို့ ပြောနေတာဖြစ်တယ်။ ကျနော်တို့ကတော့ ဟိုဒီအစိုးရကို အများကြီးမဝေဖန်ချင်ဘူးဗျ။ ကြေးရုပ်နဲ့ ပတ်သက်ပြီးတော့ သာမန်ကြည့်ရင်တော့ ကြေးရုပ်တစ်ရုပ်ပါပဲ။ သို့သော် ကြေးရုပ်နောက်မှာ သမိုင်းတွေရှိတာပေါ့ဗျာ။ ကျနော်တို့ ကြိုးစားခဲ့တဲ့ အမှတ်သင်္ကေတလက္ခဏာတွေ ပျောက်သွားစေမယ့် အဖြစ်မျိုး ကျနော်တို့မလိုချင်ဘူးဗျ” ဟု ဆက်ပြောသည်။

အလားတူ ကရင်နီလူငယ်များ အင်အားစုက မတ်လ ၇ ရက်နေ့ကလည်း နိုင်ငံတော်သမ္မတထံလိပ်မူပြီး ပြည် ထောင်စု အစိုးရဆီသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ပြီး ဗိုလ်ချုပ်ကြေးရုပ်ဖျက်သိမ်းရေး ပြည်ထောင်စုအစိုးရ ရော၊ ပြည်နယ်အစိုးရရောက တစ်စုံတစ်ရာ တုန့်ပြန်တာမျိုး မရှိသေးဘူးဟု ကြေးရုပ်ဖျက်သိမ်းရေးတောင်းဆို နေသည့် ကရင်နီပြည်သူများက ပြောသည်။

ကြေးရုပ်ဖျက်သိမ်းရေး သပိတ်ကော်မတီဝင်တစ်ဦးဖြစ်သည့် ကယောတိုင်းရင်းသူ မရိုစီကျော်က “အခုဖြစ်နေတာက ကရင်နီပြည်မှာ ဖြစ်နေတာ ဟုတ်တယ်။ ဒါပေမယ့် အကုန်လုံးနဲ့ သက်ဆိုင်တယ်၊ ဒါက အခုသွားနေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စတွေရော၊ အမျိုးသားတန်းတူရေးတို့ တိုင်းရင်းသားအခွင့်အရေးပိုင်းဆိုင်ရာတွေ၊ ဌာနေတိုင်းရင်းသားအခွင့်အရေးတွေနဲ့ အများကြီးသက်ဆိုင်တယ်။ အဲ့ဒီအပေါ်မှာ ပြည်နယ်အစိုးရကို ထိန်းကျောင်းဖို့ ပြည်ထောင်စုမှာ တာဝန်ရှိတယ်ဆိုတဲ့ဟာကို သုံးသပ်ဖို့အနေနဲ့ အိတ်ဖွင့်ပေးစာပေးပို့တယ်ပေါ့နော်” ဟု ပြောသည်။

ကရင်နီလူငယ်များအနေဖြင့် “ကျွန်ုပ်တို့ သက်ရှိ ကရင်နီ လူမျိုးတို့၏ သမိုင်းအား စတေးခံမည်မဟုတ်ကြောင်း နှင့် ကရင်နီပြည်လူငယ်အင်အားစု၏ မူလတောင်းဆိုချက်ဖြစ်သော ကြေးရုပ်တု ဖြုတ်သိမ်းရေးနှင့် ရွှေ့ပြောင်းရေးမူအတိုင်း အခိုင်အာဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ယတိပြတ် အသိပေးလိုက်သည်” ဟု ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို ယခုကဲ့သို့ အတင်းအဓမ္မစိုက်ထူနေခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်ပြိုကွဲစေသည်သာမက ကရင်နီတိုင်းရင်းသားများ၏ သမိုင်းများ၊ ဖြစ်တည်မှုများကိုပါ အလေးမထားပဲ ပပျောက်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကရင်နီလူငယ်များက ထောက်ပြသည်။

“ကျမတို့ ကရင်နီလူထုတွေအနေနဲ့ ခေတ်အဆက်ဆက် သမိုင်းဖျောက်ခံရတာတွေရှိတယ်။ အခုက သမိုင်းထဲ မှာ ဘယ်လိုကတိကဝတ်တွေရှိခဲ့တယ် ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ မစဉ်းစားပဲနဲ့ ရုပ်ထုလာထားခြင်းအားဖြင့် ကရင်နီသမိုင်းကို လုံးဝပျောက်သွားစေချင်တဲ့ဟာ ပုံရိပ်ကိုဖျောက်ချင်တဲ့ဟာလို့ ကျမတို့အနေနဲ့တော့ အဲ့လိုသုံးသပ်တယ်ရှင့်” ဟု မရိုစီကျော်က ပြောသည်။

ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို ဒေသခံပြည်သူများက အကြိမ်ကြိမ်ကန့်ကွက်ခဲ့ကြသော်လည်း ပြည်နယ်အစိုးရက လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံထဲတွင် စိုက်ထူခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြည်နယ်လုံးကျွတ် ဆန္̔ဒထုတ်ဖော်ခဲ့ကြသည်။

ကန့်ကွက်ဆန္ဒပြရင်း လုံခြုံရေးရဲတပ်ဖွဲ့များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲများက ရာဘာကျည်များနှင့် ပစ်ခတ်ခဲ့သည့်အတွက် ဆန္ဒပြသူ အယောက် (၂၀) ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကရင်နီပြည်သူများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်စိုက်ထူးခြင်းအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်နေသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ ပြည်နယ်အစိုးရကလည်း ဗိုလ်ချုပ်ရုပ်တုထားရှိနိုင်ရေးအတွက် ပြီးခဲ့သည့် နှစ်ကတည်းက ကြိုးပမ်းနေခြင်းဖြစ်သည်။

Most read this week

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...