တတိယနိုင်ငံသွားဖို့ အိပ်မက်ပျောက်သွားပြီဖြစ်တဲ့ မလေးရှားက ချင်းလူမျိုးတွေရဲ့ အိမ်ပြန်ခရီး ဘယ်လိုဆက်ဖြစ်မလဲ

တတိယနိုင်ငံသွားဖို့ အိပ်မက်ပျောက်သွားပြီဖြစ်တဲ့ မလေးရှားက ချင်းလူမျိုးတွေရဲ့ အိမ်ပြန်ခရီး ဘယ်လိုဆက်ဖြစ်မလဲ
by -
Salai Hung Tun Gei
(photo/Alliance of Chin Refugees)
(photo/Alliance of Chin Refugees)

“ချင်းဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ပိုင်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်မချမှတ်ရသေးဘဲ ပြန်လည်သုံးသပ်မှုပြုလုပ်နေပါတယ်”

အထက်ပါစကားကို UNHCR ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ချင်းဝေါလ်သတင်းဌာနနဲ့ ဒို့အသံတို့ပူးပေါင်းတဲ့ ရေဒီယိုအစီအစဉ်မှာ အီးမေးလ်နဲ့စာပြန်ထားတဲ့စကားဖြစ်ပါတယ်။  ချင်းလူမျိုးဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီးဖြစ်ပေမယ့် လုပ်ငန်းစဉ် ပိုင်း ဆိုင်ရာမှာတော့ ဆုံးဖြတ်ချက်မချမှတ်ရသေးဘူးလို့ဆိုလိုလိုက်တာပါ။

ဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ကတော့ UNHCR ရဲ့ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်က ၂၀၁၈ အစောပိုင်းက အေဂျင်စီအနေနဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့လုံခြုံရေးဆိုင်ရာ ဖြစ်ထွန်းမှုများအပေါ် အခြေခံသည့် နိုင်ငံတကာအကာအကွယ်ပေးမှုကို ပြန်လည်သုံးသပ်မှုပြုလုပ်ရန် ချင်းပြည်နယ်ရှိ အခြေအနေပြောင်းလဲမှုက လုံလောက်စေတယ်ဆိုပြီး UNHCR အနေနဲ့ဆုံးဖြတ်ခဲ့တယ် လို့လည်းဆိုပါတယ်။

ဒုက္ခသည်တွေရဲ့လွတ်လပ်ပြီး အချက်အလက်တွေကို သိရှိရွေးချယ်မှုအပေါ် အခြေခံပြီးတော့ ချင်းဒုက္ခသည်တွေကို မြန်မာနိုင် ငံပြန်ပို့ရေးဖြစ်နိုင်ခြေအတွက် UNHCR ကပြင်ဆင်နေကြောင်း၊ ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်တွေအတွက် ပြန်လာရေး နဲ့ပြန်လည်ပေါင်းစည်းရေးကို စနစ်တကျလုပ်ဆောင်ပေးနေသကဲ့သို့ ပြန်လာလိုတဲ့ ဒုက္ခည်တွေကို ပြန်လာရာမှာ UNHCR ကလွယ်ကူချောမောအောင် လုပ်ဆောင်ပေးမယ်လို့လည်း အခြေအနေကိုပြောဆိုထားပါတယ်။

မြန်မာနိုင်ငံက ချင်းလူမျိုးဒုက္ခသည်တွေကို အကူအညီပေးမှုတွေကို ရပ်ဆိုင်းလိုက်တယ်ဆိုပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဇွန်လမှာ ကြေညာလိုက်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ချင်းလူမျိုးတွေအကြား ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာပါတယ်။ ချင်းနိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်း၊ ကျောင်းသားအဖွဲ့အစည်းတွေအနေနဲ့လည်း UNHCR အနေနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ ကြေညာချက်တွေ၊ တောင်းဆိုချက်တွေထုတ်ပြန်ခဲ့ကြပါတယ်။ မလေးရှားနိုင်ငံမှာလည်း ချင်းလူမျိုးတွေက အဆိုပါဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ ဆန္ဒတွေလည်းထုတ်ဖော်ခဲ့ကြပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ လက်ရှိအချိန်မှာ ချင်းပြည်နယ်အတွင်းမှာ တည်ငြိမ်အေးချမ်း နေတဲ့အခြေနေတွေရှိနေပြီဖြစ်တဲ့အတွက် ချင်းလူမျိုးတွေကို အကာကွယ်ပေးဖို့ မလိုအပ်တော့ဘူးလို့ ပါရှိပါတယ်။

နိုင်ငံတကာအကာအကွယ်ရရှိဖို့ မလိုအပ်တော့ဘူးလို့  အကဲဖြတ်ထားတဲ့  မြန်မာနိုင်ငံမှ ချင်းလူမျိုးများအတွက် ဒုက္ခသည်အဆင့်မှ တစ်ဦးချင်းရပ်နားတဲ့ လုပ်ငန်းစဉ်ကို စတင်မည်ဖြစ်ကြောင်း လူ့အသိုင်းအဝိုင်းဆိုင်ရာသတင်းပေးပို့ချက်တစ်ခုတွင် UNHCR က ပြောကြားခဲ့ပါတယ်။

၄င်းတို့၏ ဒုက္ခသည်ကဒ်ကို သက်တမ်းတိုးရန် ကြိုးပမ်းနေသော ချင်းလူမျိုးများကို တစ်ဦးချင်းဆွေးနွေးလမ်းညွှန်မှုပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်စရာနှစ်ခုကို ကမ်းလှမ်းမည်ဖြစ်ကာ တစ်ခုမှာ ၄င်းတို့၏ဒုက္ခသည်ကတ်များကို ၂၀၁၉ ဒီဇင်ဘာအထိ သက်တမ်းတိုးပေးမည်ဖြစ်ပြီး ယင်းနောက် သက်တမ်းတိုးပေးမည်မဟုတ်ဘဲ ဒုတိယတစ်ခုမှာ အကာအကွယ်လိုအပ်သေးသည်ဟု ၄င်းတို့က ယူဆပါက အင်တာဗျူးတစ်ခုလုပ်ပြီး ၄င်းတို့၏ ဒုက္ခည်အဆင့်ကို အတည်ပြုသည့် စာတစ်စောင်ကို UNHCR ကထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒီအလှှုပ်အခတ်က UNHCRမှာ မှတ်ပုံတင်ထားတဲ့ မလေးရှားမှာနေထိုင်တဲ့ ချင်းလူမျိုး ဒုက္ခသည်၃သောင်းနီးပါးနဲ့ အိန္ဒိယမှာနေတဲ့ချင်းလူမျိုး ၃ဝဝဝခန့်အပေါ်မှာ သက်ရောက်မှုရှိပါတယ်။

ဒိုင်လူမျိုးစု လူမှုရေးအသင်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းအောင်လိန်းက ဒီဆုံးဖြတ်ချက်ဟာ UNHCR အနေနဲ့ တာဝန်မဲ့စွာ စွန့်ပစ်တာဖြစ်တယ်လို့ပြောပါတယ်။

“သူတို့လုပ်ထုံးလုပ်နည်းနဲ့အကိုက်ဘူး။ မကိုက်တာက နံပတ်တစ်အနေနဲ့သူတို့ကို အကာအကွယ်မပေးလိုက်တော့တာနဲ့သူတို့သည် နှစ်ဖက်စလုံးမလုံခြုံတော့ဘူး။ UNHCR ကအကာအကွယ်မပေးတော့တဲ့အတွက် သူတို့သည် မလေးရှားမှာတရားမဝင်ဖြစ်သွားမယ်။ သူတို့အဖမ်းခံရမယ်။ နံပါတ်နှစ်အနေနဲ့ သူတို့အနေနဲ့မြန်မာပြည်ပြန်လာပြီးရင်လည်း တရားမဝင်နယ်စပ်ဖြတ်ကျော်တော့ မြန်မာပြည်ဥပဒေနဲ့ပြန်ညိတော့မှာဖြစ်တယ်” လို့သူက Zalen ရဲ့အင်တာဗျူးမှာဖြေကြားထားပါတယ်။

UNHCR ရဲ့လုပ်ထုံးလုပ်နည်းမှာ ဒုက္ခသည်တွေကို နေရပ်ပြန်သွားခိုင်းချိန်မှာ ပြန်သွားမယ့် နိုင်ငံဟာ တည်ငြိမ်မှုရှိရမယ်လို့ဆိုထားပါတယ်။ သို့ပေမယ့် UNHCR ရဲ့ဆုံးဖြတ်ချက်စာမှာတော့ မြန်မာနိုင်ငံရဲ့ ချင်းပြည်နယ်လို့ရေးထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအေးချမ်းပြီလို့ မဆိုထားတဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့ကိုက်ညီမှုမရှိဘူးလို့ ချင်းလူမှုအဖွဲ့အစည်းတွေက ထောက်ပြတာဖြစ်ပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့ အေဂျင်စီရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ရုတ်သိမ်းဖို့့အတွက်  စာမျက်နှာပေါင်း ၃၇ မျက်နှာပါတဲ့ အစီအရင်ခံစာတစ်ခုကို အောက်တိုဘာလ (၆) ရက်နေ့မှာ ဆွီဇီလန်နိုင်ငံ၊ UNHCR ရုံးစိုက်ရာဌာနချုပ်အထိ သွားရောက်ပြီး တင်ပြခဲ့ပါတယ်။ အဲဒီအစီရင်ခံစာ ထဲမှာ အဓိကအားဖြင့် ချင်းပြည်နယ်ဟာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတဲ့ အဆင်းရဲ့ဆုံးပြည်နယ်နယ်တစ်ခုဖြစ်ကြောင်း ၊ပြည်နယ်ရဲ့ အနောက်ဖက်ခြမ်းပလက်ဝမြို့မှာ ရခိုင့်တပ်မတော် (AA) နဲ့ မြန်မာစစ်တပ်တို့ စစ်ပွဲဖြစ်ပွားနေ ဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲဒီ့အပြင် ချင်းလူမျိုးအများစုဟာ ခရစ်ယာန်ဘာသာဝင်တွေများပြားပြီး ဘာသာရေးခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှု တွေရှိနေဆဲဖြစ်တယ်လို့ အစီအရင်ခံစာမှာပါရှိပါတယ်။

ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက် မြန်မာ Institue မှထုတ်ပြန်ထားတဲ့ စာရင်းအရ သြဂုတ်လအတွင်းမှာပဲ ပလက်ဝမြို့နယ်မှာ  အုပ်စုနှစ်စုအကြား အနည်းဆုံးလက်ကိုင် တိုက်ပွဲ တွေဖြစ်ပွားခဲ့တယ်လို့ ပါရှိပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့အစီအရင်ခံစာမှာ ပလက်ဝမြို့နယ်တွင်းဖြစ်ပွားတဲ့စစ်ပွဲကြောင့် အိန္ဒိယဖက်ခြမ်းထွက်ပြေးတိန်းရှောင်တဲ့ စစ်ဘေးရှောင်ပြည်သူအပါအဝင် ပြည်တွင်းမှာတင် ရှိတဲ့စစ်ဘေးဒုက္ခသည်ပေါင်း ၆၀၀၀ ကျော်ရှိတယ်လို့ဖော်ပြထားပါတယ်။ ချင်းပြည်နယ်အစိုးရရဲ့ စာရင်းမှာတော့ ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၁၃၃၁ ဦးရှိတယ်လို့ဆိုထားပါတယ်။ ပလက်ဝမှာ နှစ်ဖက်ဖြစ်ပွားတဲ့ စစ်ပွဲကြောင့် မြေမြှုပ်မိုင်းထိမှန်လို့သေဆုံးမှုတွေလည်း ရှိနေပါတယ်။

နိုင်ငံတကာကိုအစီအရင်ခံမှုတွေ၊ အရေးဆိုမှုတွေဆောင်ရွက်နေပေမယ့်လည်း UNHCR ရဲ့ဆုံးဖြတ်ချက် ပြောင်းလဲမှုအတွက်ကတော့ အချိန်ယူဆောင်ရွက်ရမှာဖြစ်ပြီး သူတို့အနေနဲ့ ဆုံးဖြတ်ချက်ပြောင်းလဲနိုင်ဖို့လည်း ခန့်မှန်းရခက်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ Program Director of Human Rights Education and Religion of Belief ဖြစ်တဲ့ ဆလိုင်းဆန်နှင်းလျန်ကသုံးသပ်ပါတယ်။

“UNHCR ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အရေးဆိုမှုကိစ္စက ရေတိုနဲ့လုပ်လို့ရတဲ့အရာတော့မဟုတ်ဘူး။ အချိန်ပေးဖို့လိုမယ်။ လောလောဆယ်အချိန်ရတာက တစ်နှစ်ခွဲအချိန်ရသေးတယ်။ ဒီအတောအတွင်းမှာ သူတို့ရဲ့မူဝါဒနဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ကြိုးစားနေရတာဖြစ်ပါတယ်။ UNHCR ကိုလည်းအရေးဆိုတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းတွေမှာလည်း အရေးဆိုတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်ရန်ဟီလီကလည်း ပြောဆိုလာခဲ့တယ်” သူကဆိုပါတယ်။

UNHCR အနေနဲ့့ စည်းမျဉ်းစည်းကမ်းတွေအရ ပြန်လာမယ့်သူတိုင်း အန္တရာယ်ကင်းကင်းနဲ့ လုံခြုံမှုရှိအေင် လုပ်ဆောင်ပေးသင့်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ Field ဒါရိုက်တာဖြစ်တဲ့ ဦးသဲရာကထောက်ပြပါတယ်။

“အပစ်အခတ်ရပ်စဲရေးစာချုပ်ကကော ဘယ်လောက်အထိ အာမခံချက်ရှိသလဲဆိုတာကိုလည်း စဉ်းစားဖို့လိုတယ်။ လက်ရှိချင်းပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေးစာချုပ်ထိုးထားတဲ့အဖွဲ့က ချင်းအမျိုးသားတပ်ဦးဖြစ်တယ်။ အခုက ရှမ်းမြောက်ဖက်မှာလည်း စစ်ပွဲတွေဖြစ်နေသေးသလို၊ အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ အဖွဲ့နဲ့လည်း တင်းမာမှုတွေရှိနေသေးတာတွေ့ရမှာဖြစ်တယ်” လို့ဆိုပါတယ်။

အကယ်၍အမှန်တကယ် ချင်းဒုက္ခသည်တွေ ပြန်ရောက်လာမယ်ဆိုရင် နေရေး၊ ထိုင်ရေးကိစ္စတွေမှာ ကူညီနိုင်သလောက်ကူညီပေးဖို့ ဆောင်ရွက်မှာဖြစ်ပြီး ပြန်ရောက်လာတဲ့ လူအားလုံးအတွက်တော့ ကူညီပေးရန် အခက်အခဲရှိမယ်လို့ ချင်းပြည်နယ်အစိုး ရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကလည်းပြည်နယ်အစိုးရရဲ့ အခြေအနေကိုပြောပါတယ်။

UNHCR ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြန်လာတဲ့ ဒုက္ခသည်တွေ ပြန်လည်ပေါင်းစည်းရေးကို ထောက်ခံမှုက UNHCR ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေပါတယ်။ ပြန်လာတဲ့သူတွေရဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ဖန်တီးရာမှာ လွယ်ကူချောမောဖို့ ဖွံ့ဖြိုးရေးလုပ်ဆောင်နေသူတွေနဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်မှုတွေအပါအဝင် တခြားပူးပေါင်းဆောင်ရွက်မှုတွေ လိုပါလိမ့်မယ် လို့ပြောဆိုခဲ့ပါတယ်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌလည်းဖြစ် တရားလွှတ်တော်ရှေ့နေလည်းဖြစ်တဲ့ ဦးငိုင်ဆာ့ခ်က နေရာဘယ်လိုချထားပေးမယ် ဆိုတာမျိုးတွေအရင်စဉ်းစားတာထက် သူတို့ဘယ်လိုလုံလုံ ခြုံခြုံဒီပြည် တွင်းကို ပြန်ရောက်နိုင်ဖို့ ဥပဒေပိုင်းဆိုင်ရာတွေမှာ ပြင်ဆင်ပေးမလဲဆိုတာက အဓိကအရေးကြီး တယ်လို့ဆိုပါတယ်။ သူတို့ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်ကို အတုမှန်းမသိဘဲ မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့ တစ်ချို့သောချင်းလူမျိုးတွေလည်းရှိတယ်လို့ သူကဆိုပါတယ်။

UNHCR ရဲ့ချင်းဒုက္ခသည်တွေအရေးနဲ့ပတ်သက်ပြီး ဇွန်လ(၁၃)ရက်နေ့က ဆုံးဖြတ်ချက် ထုတ်ပြန်အပြီး မကြာခင် မလေးရှားကနေ ပြန်လာတဲ့ ချင်းလူမျိုးနှစ်ဦးကို ရန်ကုန်လေဆိပ်မှာ နိုင်ငံကူးလက်မှတ် အတုကိုင်ဆောင်မှုနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုပုဒ်မတွေနဲ့ ဖမ်းစီးထိမ်းသိမ်းခြင်းခံခဲ့ရပါတယ်။

 “နိုင်ငံကူးလက်မှတ်အတုကို အစစ်လို့ထင်ပြီးပြန်လာပေမယ့် အတုဖြစ်နေတော့ ဥပဒေအတိုင်းတရားစွဲတာမှန်ပါတယ်။ တရားမဝင်ထွက်သွားတယ်ဆိုပြီး ဥပဒေအတိုင်းတရားစွဲတာ မှန်ပါတယ်။ ဒါပေမယ့် ဒုက္ခရောက်လို့ တရားမဝင်သွားပါတယ်ဆိုတာ တကယ် မှန်နေရင် တရားမဝင်နဲ့သွားတယ်ဆိုတဲ့ လဝက တရားစွဲတာဟာ မဖြစ်သင့်ဘူးပေါ့။ ဒါတွေကို ညှိပေးရပါလိမ့်မယ်” လို့ဦးငိုင်ဆာ့ခ်ကပြောပါတယ်။

မူဝါဒအရ ပြန်လာရမယ်ဆိုရင်တောင် ချင်းပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းရှားပါး အတွက် စိုးရိမ်ပူပန်နေရတယ်လို့ မလေးရှားနိုင်ငံမှာလက်ရှိနေထိုင်နေတဲ့ ချင်းလူမျိုးတွေကဆိုပါတယ်။

မလေးရှား ကုန်တိုက် တစ်ခုမှာ အလုပ်လုပ်တဲ့ မိုင်နူဘွေက ချင်းပြည်နယ်မှာ မိဘတွေရှိလို့ နေရေးကိစ္စကိုတော့ သိပ်မပူပေမယ့် ဒီဖက်က အလုပ်လုပ်သလိုမျိုး အဲဖက်မှာရှားတယ်။ အလုပ်အကိုင်ရှားလို့လည်း နိုင်ငံခြားကိုထွက် လာတာဖြစ်တယ်။ ပြန်ရင်ဘာလုပ်ရမလဲဆိုတာကိုစဉ်းစားရခေါင်းအခဲဆုံးပဲ။ တစ်ချို့ကတော့ အိမ်တွေ၊ ယာတွေရောင်းပြီး မလေးရှားမှာနေတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေဆိုရင် ပိုပြီးစိတ်ထိခိုက်ကြရတယ်လို့ သူတို့ရဲ့စိုးရိမ်ပူပန်မှုကို ရင်ဖွင့်ပါတယ်။

UNHCR ရဲ့ဆုံးဖြတ်ချက်ရဲ့ အကျိုးသက်ရောက်မှုအနေနဲ့ မလေးရှားနိုင်ငံရှိ ချင်းလူမျိုးဒုက္ခသည်အချို့ မိမိကိုယ်ကို သေကြောင်းကြံစည်သည်အထိလည်ဖြစ်ပွားရပါတယ်။ မလေးရှားမှာနေထိုင်တဲ့ ချင်းလူမျိုးဒုက္ခသည်တွေကြားစိုးရိမ်ပူပန်မှုတွေရှိနေချိန်မှာ အားရစရာတစ်ခုအနေနဲ့ ထွက်ပေါ်လာတဲ့သတင်းကတော့ အောက်တိုဘာလ (၂၄) ရက်နေ့က မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr.Salfuddin မှ သတင်းဌာနများရဲ့မေးမြန်းမှုကို ဖြေကြားရာမှာ မလေးရှားနိုင်ငံအစိုးရအနေနဲ့ ၁၉၅၁ ခုနှစ်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးအဖွဲ့ဝင်ထားခြင်းမရှိပေမယ့် ချင်းလူမျိုးဒုက္ခသည်များကို အတင်းအဓမ္မဖိအားပေးပြီး ဌာနေတိုင်းပြည်သို့ ပြန်ပို့ရန်ဆောင်ရွက်မည်မဟုတ်ကြောင်း ဖြေကြားခဲ့ပါတယ်။

 ဒါကြောင့်လည်း ချင်းဒုက္ခသည်များ အထောက်အကူပြုကော်မတီ က အောက်တိုဘာလ (၃၁) ရက်နေ့မှာ UNHCR အနေနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းပေးပါရန်နဲ့ နိုင်ငံတကာအကာအကွယ်ကို လိုအပ်နေတဲ့ မလေးရှားနိုင်ငံရောက် ချင်းဒုက္ခများရဲ့ ဂုဏ်သိက္ခာနဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုများအတွက် အထူးဂရုပြုကာကွယ်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

 

( ဒီဆောင်းပါးကို Salai Hung Tun Gei ရေးသားထားပြီး ချင်းဝေါလ်မီဒီယာနှင့် Frontier Myanmar တို့ပူးပေါင်းကာ ဒို့အသံရေဒီယိုအစီအစဉ်မှာ ထုတ်လွှင့်ခဲ့တာကို ပြန်လည်ဖြည့်စွက်ထားခြင်းဖြစ်ပါတယ် )

Most read this week

September 26, 2024
မလေးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံက ချင်းစစ်ဘေးဒုက္ခသည်တွေနဲ့ CDM...
September 21, 2024
နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ် ကျောက်အိုးကျေးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ...
September 20, 2024
စက်တင်ဘာလ ၄ ရက် ညနေပိုင်းမှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်က အများပြည်သူတွေရဲ့နေအိမ်တွေမှာ...
September 13, 2024
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ...