ပထမဆုံးအကြိမ် ဧရာဝတီတိုင်းအဆင့် ကရင်ရိုးရာလက်ချည်ပွဲ ပုသိမ်တွင် ကျင်းပမည်

ပထမဆုံးအကြိမ် ဧရာဝတီတိုင်းအဆင့် ကရင်ရိုးရာလက်ချည်ပွဲ ပုသိမ်တွင် ကျင်းပမည်
by -
နန့်ဘွားခလိန်
သြဂုတ်လ ၃ ရက်နေ့က ကျင်းပသည့် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ညှိနှိုင်းဆွေးနွေးပွဲ Photo_ မန်းစိုးမိုး
သြဂုတ်လ ၃ ရက်နေ့က ကျင်းပသည့် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ညှိနှိုင်းဆွေးနွေးပွဲ Photo_ မန်းစိုးမိုး

ဧရာဝတီတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ် တိုင်းအဆင့် ကရင်ရိုးရာလက်ချည်ပွဲကို လာမည့်သြဂုတ်လ ၁၅ ရက်နေ့တွင် ပုသိမ်မြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်မည်ဟု ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) အခမ်းအနား ကျင်းပရေးကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။

သြဂုတ်လ ၃ ရက်နေ့တွင် ကျင်းပသည့် ကရင်ရိုးရာယဉ်ကျေးမှုဆိုင်ရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ညှိနှိုင်းဆွေးနွေးပွဲတွင် ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်း ရင်းသားရေးရာ ဝန်ကြီးမှ ဦးဆောင်ကာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ ကရင်စာပေနှင့်ယဉ်ကျေးမှု  ကော်မတီများ စုပေါင်းပြီး ကျင်းပပြုလုပ်မည်လည်းဖြစ်သည်။ 

တိုင်းအဆင့် ချည်ဖြူဖွဲ့ မင်္ဂလာကျင်းပရေးကော်မတီ အတွင်းရေးမှူး မန်းလှသိန်းက “ဗုဒ္ဓ ၊ ခရစ်ယာန် ဘာ သာတွေနဲ့ မသက်ဆိုင်ပဲနဲ့ ကရင်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်တဲ့အတွက် ရိုးရာကို မ ပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ အနေနဲ့ လုပ်တာ ဖြစ်တယ်။ လက်ချည်ပွဲကို ကိုယ့်ကရင် လူမျိုးအချင်းချင်းတောင် မသိတာရှိတယ်။ အထူးသဖြင့်  ဗုဒ္ဓဘာသာ မဟုတ်တဲ့လူငယ်တွေက ရိုးရာတစ်ခု အနေနဲ့ မသိတာရှိတယ်။ အကုန်လုံးသိသွားအောင် ရည်ရွယ်ချက်နဲ့ လုပ်တာလည်းပါတယ် ” ဟု ကေ အိုင်စီသို့ ပြောသည်။

ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားအတွက် သြဂုတ်လ ၃ ရက်နေ့က  ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ အပါအဝင် တိုင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စောဖရန်စစ်ခိုင်၊ မြို့နယ် ၂၆ မြို့နယ်မှ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဌများ နှင့် အဖွဲ့ဝင်များ တက်ရောက်ကာ ကျင်းပရေးကော်မတီများဖွဲ့စည်းပြီး ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။ 

 

ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည့် စုပေါင်းချည်ဖြူဖွဲ့အခမ်းအနားကို ယခင်က ကရင်ပြည် နယ်အတွင်းသာ အများစုကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၂ နောက်ပိုင်းမှ စတင်ကာ ကရင်လူမျိုးများနေထိုင်ရာအခြား ဒေသများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အချို့တို့တွင် ကျင်းပပြုလာခဲ့ကြခြင်းဖြစ်သည်။  

ယခု ဧရာဝတီတိုင်းဒေသကြီးအဆင့်ကျင်းပပြုလုပ်မည့် ကရင်ရိုးရာလက်ချည်ပွဲ အခမ်းအနားတွင် လည်းရိုးရာဒုံးအကဖျော်ဖြေမှုများအပြင် ကရင်ရိုးရာ အစားအသောက်များဖြင့် ဧည့်ခံ ကျွေးမွေးသွား မည်ဖြစ်ပြီး ကရင်လူမျိုးအပါအဝင် မည်သူမဆို လာရောက် လေ့လာချည်ဖြူဖွဲ့နိုင်သည်ဟုလည်း သိရသည်။

ထို့အပြင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာ (လက်ချည်ပွဲ) ကျင်းပခြင်းအားဖြင့် မိမိလူမျိုးများသာမက အခြားတိုင်းရင်းသားများပါ လေ့လာသိရှိနိုင်မည်ဖြစ်သည့်အတွက် မိမိတို့၏ရိုးရာ ယဉ်ကျေးမှုကို မပျောက်မပျက်ဘဲ ရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းသည့်အနေဖြင့် အစဉ်အလာတစ်ခုဖြစ်အောင် နှစ်စဉ်ကျင်းပ သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုသည်။

ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာ (လက်ချည်ပွဲ)ကို ယခုနှစ်တွင် ပထမဆုံးအကြိမ် တိုင်းအဆင့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များစုပေါင်းပြီး ကျင်းပသွားမည်ဖြစ်သလို ရန်ကုန်တိုင်း ဒေသကြီးတွင်လည်း တိုင်းအဆင့် အလားတူလက်ချည်ပွဲကို သြဂုတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် အတွင်းရှိ Myanmar Convention Center ၌ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

 

Most read this week

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...