တပ်မတော်၏ လမ်းဖောက်လုပ်ရပ်အပေါ် KNU ကန့်ကွက်၊ စစ်ရေးပဋိပက္ခပြန်ဖြစ်ပွားနိုင်ဟု KNLA သတိပေး

တပ်မတော်၏ လမ်းဖောက်လုပ်ရပ်အပေါ် KNU ကန့်ကွက်၊ စစ်ရေးပဋိပက္ခပြန်ဖြစ်ပွားနိုင်ဟု KNLA သတိပေး

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မြောက်ဖက်ရှိ ကေအဲန်ယူ မူတရော်(ဖာပွန်)ခရိုင်၊ လယ်မူပလောဒေသ၌ ယခုလဆန်းပိုင်းမှစ၍ ပြန်လည်ဖြစ်ပွားသည့် စစ်ရေးတင်းမာမှုနှင့် တပ်မတော်၏ တပ်အင်အား ပိုမိုတိုးချဲ့လာမှုများအပေါ် အပြင်းအထန် ကန့်ကွက် ကြောင်းနှင့် NCA ပါ အချက်များကို ချိုးဖောက်နေမှုအပေါ် KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် KNLA-ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့က မေလ ၁ဝရက်နေ့တွင် သဘောထား ထုတ်ပြန်ပြောဆိုလိုက်သည်။

ယခုနှစ် မတ်လဆန်းက စတင်ဖြစ်ပွားခဲ့သည့် တပ်မတော်၏ လမ်းဟောင်းဖောက်လုပ်မှုနှင့်စပ်လျဉ်းသည့် တပ်အင်အား တိုးချဲ့ လာမှုကို တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းမပြုဘဲ ဧပြီ ၃ဝရက်မှစ၍ တပ်မတော်ဘက်က အင်အားတိုးချဲ့ပို့ဆောင်ခြင်း၊ ဒေသခံများ၏ တောင်ယာလယ်ယာ၊ ရေနုတ်မြောင်းတွင် တပ်ဖြန့်လှုပ်ရှားလာခြင်းအပြင် လမ်းဆက်လက်ဖောက်လုပ်ရန် စက်ယန္တရားများကိုပါ ပိုမိုတိုးချဲ့ပို့ဆောင်လာခြင်းမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို ချိုးဖောက်ရာရောက် သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်သည်ဟု KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။

“တောင်ပိုင်းတိုင်း တိုင်းမှူးကနေ တပ်မဟာ(၅)မှူးကို စာပို့လိုက်တဲ့အပိုင်းမှာ ညှိနှိုင်းတယ်ဆိုတာထက် အကြောင်းကြားတဲ့ပုံစံနဲ့ သွားပြီးတော့ မကြာဘူး။ သူတို့တပ်တွေ လွှတ်လိုက်တယ်ဆိုတာက ဒါက NCAရဲ့ အခြေခံနဲ့ပတ်သက်ပြီးတော့ ချိုးဖောက်မှုတစ် ခုလို့ ကျနော်တို့ပြောလို့ရတာပေါ့။ ညှိနှိုင်းအဖြေရှာရမဲ့ ယဉ်ကျေးမှုအသစ်တစ်ခုကို ကျနော်တို့ ကြိုးစားနေတုန်းကာလမှာ အင် အားသုံးအဖြေရှာတဲ့ ကိစ္စတွေကတော့ မူလနှစ်ဖက်လက်ခံထားတဲ့ အခြေခံတွေလွဲဖယ်ပြီး ဆွေးနွေးချက်တွေအပေါ်မှာလည်း အလေးမထားတဲ့ ဒီအခြေအနေအပေါ် ကျနော်တို့ အပြင်းအထန် ကန့်ကွက်ရတာပါ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

မတ်လ ၂၉-၃ဝရက်နေ့များတွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ KNU တပ်မဟာ(၃) ဆက်ဆံရေးရုံးတွင် KNU က ၎င်းတို့ဖွဲ့ စည်းထားသည့် စစ်ဘက်ရေးရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (MANT)က နှစ်ဖက်တပ်ခေါင်းဆောင်များပါဝင်သော တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း KNLA တပ်မဟာ(၅)မှူး ပါဝင်မှုမရှိခြင်းကြောင့် အစိုးရတပ်မတော်ဘက်က ၎င်းဆွေး နွေးပွဲကို ရွှေ့ဆိုင်းခဲ့သည်။

ယနေ့ ထုတ်ပြန်သည့် KNU ၏ ထုတ်ပြန်ချက်တွင် လတ်တလော ဖြစ်ပွားနေသည့် တင်းမာမှုအပေါ် ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာ ရန်နှင့်  ငြိမ်းချမ်းရေးတည်ဆောက်ဆဲကာလတွင် နားလည်မှု၊ ယုံကြည်မှုပျက်ပြားစေမည့် ဆောင်ရွက်မှုများ၊ ရေရှည်အကျိုးကို ထိပါးစေမည့် လုပ်ဆောင်မှုများကို ရှောင်ကြဉ်ရန်အပြင် ယုံကြည်မှု ပျက်ပြားစေသည့် တပ်အင်အားတိုးချဲ့မှုများနှင့် လမ်းဖောက် လုပ်မှုများကို ရပ်ဆိုင်းထားရန် တောင်းဆိုထားသည်။

ထို့အပြင် လတ်တလော ထပ်မံဖြစ်ပွားလာသည့် တပ်မတော်၏ လမ်းဖောက်လုပ်ရန်အတွက် တပ်ရင်းအင်အားများ တိုးချဲ့စေ လွှတ်မှုကြောင့် စစ်ရေးတင်းမာမှုနှင့် ပစ်ခတ်မှုများဖြစ်ပေါ်လာခြင်းများကို အမြန်ဆုံး တွေ့ဆုံညှိနှိုင်း ဆွေးနွေးရန်လိုအပ်ပြီး ဆွေး နွေးနိုင်မှု မရှိသေးချိန်တွင် တပ်မတော်က လက်ရှိ လုပ်ဆောင်နေမှုများကို ရပ်တန့်မထားဘဲ ဆက်လက် လုပ်ဆောင်သွားပါက မူတရော်(ဖာပွန်)တွင် ဖြစ်ပေါ်လာသည့် ပြဿနာများနှင့် အကျိုးဆက်များကို မြန်မာ့တပ်မတော်ကသာ တာဝန်ယူရမည်ဟု လည်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

လက်ရှိ KNU မူတရော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်ရှိ ခေးပူ-လယ်မူပလောကြား ကားလမ်းဟောင်းကို အစိုးရစစ်တပ်မှ ကား လမ်းဖောက်လုပ်မှုများ ပြန်လည်ပြုလုပ်လာပြီး တပ်အင်အားများတိုးချဲ့လာမှုတို့ကြောင့် အောက်ခြေရှိ နှစ်ဖက်တပ်အကြား ယခု မေလ ၆ရက်မှ ၈ရက်နေ့အထိ ပစ်ခတ်မှု ၈ကြိမ်ထက် မနည်းဖြစ်ပွားခဲ့သည်ဟု KNU ဖာပွန်ခရိုင်ဥက္ကဌက မေလ ၉ရက်နေ့က ကေအိုင်စီသို့ ပြောဆိုသည်။

လတ်တလောဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုကို KNU အနေဖြင့် တပ်အချင်းချင်း တွေ့ဆုံညှိနှိုင်းဖြေရှင်းသွားရန် သဘောထား ရှိပြီး ဆက်လက်တွေ့ဆုံသွားနိုင်ရန်လည်း ကြိုးပမ်းသွားမည်ဟု ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ဆက်လက်ပြောဆိုသည်။ 

အလားတူ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က မြန်မာ့တပ်မတော်၏ တပ်အင်အားဖြည့်တင်းမှုများနှင့် နယ် မြေအတွင်း လမ်းများ ဝင်ရောက်ဖောက်လုပ်နေမှုများသည် NCA ပါ အချက်များဖြစ်သည့် အခန်း(၃) အပိုဒ်(၅)မှ (က)(ခ)(ဃ) (ဋ) ကိုလည်းကောင်း၊ အပိုဒ်(၇)မှ (စ)ကိုလည်းကောင်း၊ အပိုဒ်(၈)မှ (ခ)ကိုလည်းကောင်း အပိုဒ်(၉)မှ (ဂ)ကိုလည်းကောင်း ချိုး ဖောက်နေကြောင်းနှင့် ယင်းချိုးဖောက်မှုမှာ ကြာမြင့်နေပြီးဖြစ်ရာ KNLA အနေဖြင့် ရေငုံနုတ်ပိတ်မနေတော့ဘဲ မိခင်အဖွဲ့အစည်း နှင့် အမျိုးသားလုံခြုံရေးအတွက် မလွဲမသွေ ခုခံကာကွယ်သွားရမည်ဖြစ်ကြောင်း ပြည်တွင်းပြည်ပရှိ ပြည်သူလူထုအားလုံး သိရှိ နိုင်စေရန် ယနေ့ နေ့စွဲဖြင့် သဘောထားရပ်တည်ချက် ထုတ်ပြန်ထားသေးသည်။

အစိုးရတပ်မတော်၏ လှုပ်ရှားနေမှုများမှာ သာမန်လမ်းဖောက်လုပ်ခြင်းထက် နယ်မြေစိုးမိုးရေးနှင့် အပြတ်ချေမှုန်းရေးအသွင် စစ် ရေးလှုပ်ရှားမှုဟု ယူဆကြောင်း၊ ထို့အတွက် လက်ရှိ တပ်မတော်လှုပ်ရှားမှုများကို ဆက်လက်စောင့်ကြည့်ပြီး ရှောင်တိမ်းမရ သည့် အခြေအနေတွင် စစ်ရေးပဋိပက္ခ ပြန်ဖြစ်ပွားနိုင်ကြောင်းနှင့် ထိုသို့ပြန်လည်ဖြစ်ပွားပါက KNLA ၏ လုပ်ရပ်မဟုတ်ဘဲ တပ် မတော်၏ လုပ်ရပ်များသာဖြစ်ကြောင်း KNLA ၏ ထုတ်ပြန်ချက်၌ ထည့်သွင်းပြောဆိုထားသည်။

ကေအဲန်ယူသည် အစိုးရနှင့် ၂ဝ၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့က NCA လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ၎င်းစစ်ရေး တင်းမာမှုရှိသည့်နေရာတွင် သတ်မှတ်နယ်မြေကိစ္စနှင့် ပတ်သက်၍ ၎င်းတို့၏ လက်အောက်ခံ တပ်မဟာ(၅)တပ်ဖွဲ့နှင့် အစိုးရ တပ်မတော်တို့အကြားတွင် ပြီးခဲ့သည့် မတ်လဆန်းတွင် ထိတွေ့ပစ်ခတ်မှုများ စတင် ဖြစ်ပေါ်ခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဧပြီလ ၁ဝရက်တွင် ကရင်ပြည်နယ်၊ ဖာပွန်အရေးကိစ္စနှင့်ပတ်သက်ပြီး သတင်းထုတ် ပြန်ခဲ့ရာ ၎င်းတို့လမ်းဖောက်လုပ်မှုအတွက် နယ်မြေခံ KNLA နှင့် ကြိုတင် အသိပေး အကြောင်းကြားညှိနှိုင်းခြင်း ၁၁ကြိမ် ပြုလုပ် ခဲ့ပြီး နောက်လမ်းဖောက်လုပ်မှုကို စတင်ခဲ့ရာတွင် နယ်မြေအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှာ တပ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးများတွင် အသုံးပြုရန် ဖောက်လုပ်ခြင်းဟု စိုးရိမ်စိတ်များပြားပြီး လမ်းဖောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသော တပ်မတော်စစ်ကြောင်းများအား မိုင်းထောင်၊ ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

တစ်ဆက်တည်းတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၁၈ခုနှစ်၊ မေလ ၁ဝရက်နေ့မှစ၍ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပလျက်ရှိရာ JMC-U အစည်းအဝေး (၁၅)ကြိမ်မြောက်နှင့် (၁၆)ကြိမ်မြောက် ကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှု အခြေအနေများနှင့် JMC ဆိုင်ရာ အထွေထွေကိစ္စရပ်များကိုလည်း ဆွေးနွေးသွားကြမည်ဟု ၎င်းတို့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

Most read this week

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...