“ကျနော် တတိယပုဂ္ဂိုလ် (Third Person) အနေနဲ့ ရေးမယ်။ အစိုးရလည်း မဟုတ်ဘူး။ ကျနော်ကိုယ်၌ ကရင်ဆိုတဲ့ အတွေးပါ ဖျောက်ထားပြီး ရေးမယ်။ အဲ့ဒါက အမှန်ကို လိုချင်လို့” -- ကရင်အမျိုးသားသမိုင်းပြုစုရေး သမိုင်းပညာရှင် ဒေါက်တာနန်းလှိုင်နှင့် တွေ့ဆုံခြင်း

“ကျနော် တတိယပုဂ္ဂိုလ် (Third Person) အနေနဲ့ ရေးမယ်။ အစိုးရလည်း မဟုတ်ဘူး။ ကျနော်ကိုယ်၌ ကရင်ဆိုတဲ့ အတွေးပါ ဖျောက်ထားပြီး ရေးမယ်။ အဲ့ဒါက အမှန်ကို လိုချင်လို့” -- ကရင်အမျိုးသားသမိုင်းပြုစုရေး သမိုင်းပညာရှင် ဒေါက်တာနန်းလှိုင်နှင့် တွေ့ဆုံခြင်း

ကေအိုင်စီ-ပထမဦးဆုံးအနေနဲ့ ဆရာသမိုင်း ပညာရှင်တစ်ဦး ဖြစ်လာခဲ့တဲ့ နောက်ခံ သမိုင်းကြောင်းလေးကို ပြောပြပေးပါ။
 
ကျနော် သမိုင်းကို ဝါသနာပါလာတာက အဖေကိုယ်၌က စာပေသမား၊ သူဖတ်တဲ့ စာအုပ်တွေရှိတယ်။ စာအ ကြောင်း စာပေအကြောင်းလည်း မိသားစုထဲမှာ ဆွေးနွေးနေတာ ရှိတယ်။ အဲ့ဒါတွေက ကျနော့်ကို အခုချိန်မှာ တွန်းပို့လိုက်တဲ့ အချက်တွေပေါ့။ နောက်တစ်ချက်ကတော့ ကျနော်တို့ ဆီမှာ Ph.D တက်ဖို့ ဘွဲ့ကြိုတမ်းတက်တဲ့ အချိန်မှာ သမိုင်းရဲ့ ရာဇဝင်ကျမ်း ဥပမာ-မှန်နန်းရာဇဝင်မမြင်ဘူးလို့ အခုစာကြည့်ုတိုက်မှာ သွားကြည့်ဆိုပြီး ပြောတာတွေမြင်ဖူးတယ်။

အဲ့တော့ ကျနော်တို့က မှန်နန်းရာဇဝင်၊ ဦးကုလား မဟာရာဇဝင်တော်ကြီးတို့ စာအုပ်တွေ မပေါသေးတဲ့ အချိန် အခါမှာ ရှားပါးတဲ့ အချိန်မှာ ကျနော်က ဖတ်နေရတယ်။ အဲ့ဒါ အဖေစုဆောင်းပေးခဲ့တဲ့ ဟာတွေပေါ့။ ၈ တန်း ၉ တန်းလောက်ထဲက ကျနော်ဖတ်နေရတယ်။ အဲ့တော့ ကျနော့်ကို အခုလို သမိုင်းပညာရှင်ဖြစ်လာဖို့အတွက် တွန်းအားပေးတာက ကျနော့်အဖေ၊ နောက်မိသားစုအသိုင်းအဝိုင်းနဲ့ ဆရာ သမားတွေပေါ့နော်။ 

ဘာသာရပ်တစ်ခုရဲ့ ပညာရှင်ဆိုတာက ဒီဘာသာရပ်တစ်ခုကို အထူးပြုပြီးတော့ အဆင့်မြင့်ပညာတွေ သင်ယူ လာပြီးတော့ သူယူထားတဲ့ဘွဲ့နဲ့ သူလုပ်တဲ့အလုပ်က အံကိုက်ဖြစ်ရမယ်။ အဲ့ပညာရပ်နဲ့ ပတ်သက်ပြီး ဆက်လက် အသက်မွေးနေရမယ်။ ဥပမာ- သမိုင်းသုတေသနမှာ လုပ်တယ်။ ရှေးဟောင်းသုတေသနမှာ လုပ်တယ် ဆိုတာ မျိုးပေါ့။ ဒီလိုမဟုတ်ဘဲဲ ဘာမှ မဆိုင်တဲ့ တစ်နေရာရောက်သွားရင် သူသင်ထားတာနဲ့ မအပ်စပ်ဘဲ သူ့ပညာ ရပ်က ဆက်တိုးတက်ဖို့ မရှိတော့ဘူး။ 

အဲ့တော့ ကျနော် မြင်တာကတော့ ပညာရှင်ဆိုတာတော့ တစ်ခွန်းထဲပြောရမယ်ဆိုရင် သုတေသန စာတမ်းနဲ့ အကဲဖြတ် တာ။ သုတေသန စာတမ်းကောင်းဘယ်လောက်ထွက်ပြီးလဲ။ သုတေသန စာတမ်းဆိုတာ သာမန် ဆောင်းပါး မဟုတ်ဘူး။ ကျနော်တို့က အသစ်တစ်ခု ပေးရမယ်။ အသစ်ဆိုတဲ့ နေရာမှာမှ အတွေးသစ်ပေးမှာလား၊ ဒါမှမဟုတ် တွေ့ရှိမှု အသစ်လား အဲ့နှစ်ခုထဲက တစ်ခုခု ပေးနိုင်မှ နိုင်ငံတကာ အဆင့်မှီတဲ့ ဆောင်းပါးမျိုး၊ တက္ကသိုလ်အဆင့်မှီတဲ့ ဆောင်းပါးမျိုး ဘယ် လောက်ရေး နိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်တာပေါ့။ ဘွဲ့ဘယ် လောက်ယူယူ ဘာမှမလုပ်ရင် သေသွားရော။ 

ကေအိုင်စီ-ဆရာအခု ကရင်အမျိုးသား သမိုင်းပြုစုဖို့ ဖြစ်ပေါ်လာတဲ့ အခြေအနေကိုလည်း ပြောပြပေးပါလား။

ကျနော် ၂၀၁၃ တုန်းက ဖားအံ ဦးဆောက်ပန်းစာပေကနေပြီးတော့ “ကရင်”ဆိုတဲ့ စာအုပ် တစ်အုပ်ထွက်တယ်။ အဲ့စာအုပ်က ဘာသာပြန်စာအုပ်ပါ။ ဘယ်လို ပြန်လဲဆိုတော့ တစ်အုပ်ထဲကို ပြန်တာမဟုတ်ဘူး။ ကရင်အ ကြောင်း ရေးထားတဲ့ သုတေသနစာတမ်းတွေ ပညာရှင်တွေရဲ့ စာတမ်းတွေ၊ နောက်သိသင့်သိထိုက်တဲ့ဟာတွေ နောက် ကျနော်ရဲ့ သုတေသန စာတမ်းတစ်စောင်ပါတယ်။ အဲ့ဒါတွေ ပေါင်းပြီးတော့ စာအုပ်ထုတ်တယ်။ အုပ် ၃,၀၀၀ လောက်ကုန်တယ်။ အဲ့စာအုပ်ကို မြင်တော့ ကျနော့်ကို ရန်ကုန်တိုင်းစာယဉ်က တာဝန်ရှိသူတွေက ချိတ်ဆက်လာတဲ့ သဘောပေါ့နော်။ အဲ့ကနေ တစ်ဆင့် ကရင်အမျိုးသား သမိုင်းပြုစုဖို့အတွက် ရန်ကုန်တိုင်း စာ/ယဉ်က အခုလို တာဝန်ပေးတာပေါ့နော်။ 

ကေအိုင်စီ-ကရင်အမျိုးသားသမိုင်းကို ဘာလိုရည်ရွယ်ချက်နဲ့ ပြုစုတယ်။ ဘာကြောင့် ပြုစုရေးသားဖို့လိုအပ်တယ်ဆိုတာကို ရှင်းပြပေးပါ။ 

သမိုင်းရေးတဲ့ ရည်ရွယ်ချက်ပေါ့။ ကျနော့်ကိုတာဝန်ပေးတဲ့ ရန်ကုန်တိုင်းစာယဉ် ဥက္ကဌ၊ ဝန်ကြီးနော်ပန်းသဥ္ဇာမျိုးရဲ့ ရည်ရွယ်ချက်ကိုတော့ တိတိကျကျ မသိဘူး။ ကျနော်မြင်တာ ကျနော်သိတာတော့ ပြောမယ်။ သမိုင်းဆိုတာ အတိတ်က ဖြစ်စဉ်။ အတိတ်က ဖြစ်တဲ့ အဖြစ်အပျက်ကို မှတ်တမ်းတင်တာ။ အဲ့တော့ ဘာကြောင့် တင်တာလဲ လို့မေးရင်။ နောက်ကြောင်းကို ပြန်စဉ်းစားတာ၊ ဘာလို့ နောက်ကြောင်း ပြန်စဉ်းစားလဲ ဆိုတော့ လိုအပ်လာလို့ စဉ်းစားတာ။ ပြန်စဉ်းစားတဲ့ အခါမှာ အထူးပြုတဲ့ ကာလလေးတွေရှိတယ်။ 

ဥပမာပေါ့ဗျာ၊ ဘိုးတော်ဘုရားလက်ထက်မှာ တွင်းသစ်တိုက်ဝန် မဟာသန္ဓေစည်သူ ဦးထွန်းညိုက ရာဇဝင်သစ်ကို ပြန်ရေးတယ်။ ဦးကုလားရေးပြီးသား ရှိရဲ့သားနဲ့ ဘာလို့ ပြန်ရေးလဲဆိုတော့ သူ့လက်ထက်မှာ အနယ်နယ် အရပ်ရပ်က ကျောက်စာတွေစုလိုက်ပြီးတော့ အဲ့ဒါတွေကို တစ်ခါထပ်တည်းဖြတ်ပြီးတော့ ဦးထွန်းညိုက ရေးတယ်။ ဒါပြောင်းလဲလာလို့ ရေးတယ်။ 

အင်္ဂလိပ်ခေတ်မှာ သုဇောတိကမဟာရာဇဝင်ကြီးကို မြန်မာပညာရှိ လူကြီးတွေရေးတယ်။ ဘာလို့ရေးလဲဆိုတော့ အင်္ဂလိပ်ရေးတာကို မယုံလို့မှားနေတယ်ထင်လို့။ သုဇောတိက မဟာရာဇဝင်ကြီးကို ကိုလိုနီခေတ်မှာ ပြုစုတယ်။ အဲ့နောက်တစ်ခါ ဦးနေဝင်းတက်လာတဲ့ အခါကျတော့ ဆိုရှယ်လစ် လမ်းစဉ်နဲ့တယ်။ သွားတဲ့အခါကျတော့ ဆိုရှယ်လစ်ဇင်က အလုပ်သမားနဲ့ လယ်သမား လူတန်းစားကို အခြေပြုပြီးတော့ တိုင်းပြည်တည်ဆောက်တဲ့ နိုင်ငံရေးပေါ်လစီပေါ့။ အဲ့ဒီတော့ ဒီပေါ်လစီနဲ့ကိုက်ညီအောင် ဦးနေဝင်းလက်ထက်မှာ အခြေပြမြန်မာနိုင်ငံရေး သမိုင်းဆိုပြီးတော့ ပါတီဌာနချုပ်ကနေ စာအုပ်တွေ အများကြီး ထွက်လာတယ်။ ဒါက ဘာလဲဆိုတော့ သူ့ခေတ် သူ့အခါမှာ ပြောင်းလဲလာတဲ့ နိုင်ငံရေးနဲ့ လိုက်လျောညီထွေ ဖြစ်အောင်ပေါ့။ သူတို့ရဲ့အမြင်တွေ ကောင်းတာ တွေလည်းရှိသလို တချို့ဟာတွေ ဆိုရှယ်လစ်ဇင်ပေါ်မှာ မှီနေတဲ့ ဟာတွေလည်း ရှိတယ်။ ဒါကလည်း အပိုင်း အခြား တစ်ခုလောက်ပဲ သက်ဆိုင်တယ်။

နောက်တစ်ခါ ဦးစောမောင်တက်လာတဲ့ အခါကျပြန်တော့လည်း မြန်မာ့သမိုင်းဖြစ်ရပ်မှန်များ ရေးသားပြုစုရေး အဖွဲ့ဆိုတာ ထပ်ဖွဲ့တယ်။ အဲ့မှာလည်း လိုအပ်လာပြီးလို့ တွက်ကြတယ်။ အဲ့ဒီမှာ ပြည်သူက တပ်မတော်အပေါ် မှာ သဘောထားတိမ်းစောင်းတာတွေရှိမယ်၊ အမြင်မမှန်တာတွေရှိမယ်။ အဲ့မှာသူက ပြောချင်လာပြီး။ ဖြစ်လာတဲ့ နိုင်ငံရေးကိုလည်း ပြန်ပြီးတော့ သုံးသပ်ချင်လာပြီး၊ အဲ့တုန်းက ဆရာကြီး စောထွန်းအောင်ချိန် ပါမောက္ခဖြစ်နေတဲ့ အချိန်၊ အဲ့မှာ မြန်မာသမိုင်းဖြစ်ရပ်မှန်ပြုစုရေး ကော်မတီဖွဲ့ ဆိုပြီးတော့ လုပ်ကြတယ်။ 

အဲ့ဒီတော့ ဒီကနေ့ အချိန်ဆိုလည်း လိုပြီးပေါ့၊ တပ်မတော်ကိုယ်၌ ကိုယ်က ပြောင်းလဲလိုက်ပြီးတော့၊ သူကပဲ လုပ်တာဖြစ်တဲ့အတွက် သူကပဲ အိုင်ဒီအိုလော်ဂျီ အပြောင်းအလဲကို သူကပဲ ဦးဆောင်ပြီး လုပ်ရတယ်။ အခု ဒီမိုကရေစီကို ပြောင်းတယ်ဆိုတာ ပြည်သူက ပြောင်းတာ၊ ပြည်သူက ပြောင်းတာဖြစ်တဲ့ အတွက် အဲ့အရွေ့ကို ပြည်သူက လိုက်ရွှေ့မှရမယ်။ အဲ့တော့ ပြည်သူတွေက လိုက်ရွှေ့တဲ့ သဘောပေါ့။ အခုလည်း ဖက်ဒရယ် ဒီမို ကရေစီ ပြည်ထောင်စုကို ဦးတည်ပြီးသွားမယ်။ သွားနေတယ်။ သွားနေတဲ့ အခါကျတော့ ကိုယ်ပိုင် လက္ခဏာ တွေရှိလာတယ်။ ရှိလာတော့ တိုင်းရင်းသားတွေက ကိုယ့်ရဲ့ စာပေနဲ့ ယဉ်ကျေးမှု အခိုင်အမာ ရှိကြောင်းကို ဘာနဲ့ ပြသလဲဆိုတော့ အဘိဓာန်နဲ့ပြတယ်။ ရှမ်းမှာ အဘိဓာန်အတွက် ကော်မရှင်ကြီးတစ်ခု ဖွဲ့ပြီးတော့ ဘတ်ဂျက်တွေ အများကြီးသုံးပြီးတော့လုပ်တယ်။ ထွက်လာပြီး။ နောက်တစ်ခါ လူမျိုးတွေရဲ့ သမိုင်းတွေ ထွက်လာပြီး ပလောင်၊ ပအိုဝ်းထွက်လာပြီး၊ ရှမ်းလည်း ထွက်ပြီးလို့ပြောတယ်။ မွန်ကတော့ နဂိုကတည်းက ရှိပြီးသား။ ဒါတောင် သူတို့ သမိုင်းကို ပြန်ရေးဖို့လိုပြီးလို့ ကျနော်မြင်တယ်။ 

အဲ့တော့ ကရင့်သမိုင်းကိုလည်း ကျနော်တို့က ပြန်လုပ်ဖို့ရန်အတွက်နောက်ကြောင်းကို ပြန်စဉ်းစားမယ်။ ပြန်ပြု စုမယ်။ ဘာလို့လည်း ဆိုတော့ မြန်မာ့သမိုင်းဖြစ်ရပ်မှန်များ ရေးသားပြုစုရေးအဖွဲ့ ပညာရှင်ကြီးတွေနဲ့ လုပ်သည့် တိုင်အောင်၊ ပညာရှင်ကြီးတွေက အစိုးရရဲ့အာဏာစက်အောက်ကနေလုပ်ရတာ။ အခုကျနော်တို့က ကင်းတယ်။ အစိုးရ အာဏာစက် အောက်ကနေ လုပ်တာမဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ကိုယ့်လူမျိုးကနေလုပ်တာ။ လွတ်လွတ်လပ်လပ် ဖော်ထုတ်မယ်။ 

အဲ့တော့ အကျိုးရလဒ်က ဘာလဲဆိုရင် အမှန်တကယ်ဖြစ်ခဲ့ တာတွေကိုသိချင်တာ။ အဲ့ဒီအမှန်တရားပေါ်မှာ ဒါဆိုရင် အခုဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ အဖြေကိုရှာချင်တယ်။ အဲ့တော့ ဘယ်သူမှားတယ်၊ မှန်တယ် ဆိုတာ ထွက်ချင်တယ်။ အမှန်ဘက်လည်း မနေဘူး။ အမှားဘက်လည်း မနေဘူး၊ ကြားနေမယ်ဆို အချောင်သမားပဲ။ ဒါပေမဲ့ မှန်ပြီးတော့ အကျိုးရှိတာကိုပြောမယ်။ အကျိုးရှိမယ်ဆိုတာ ဘာအတွက်လည်း ဆိုတော့ ခုဏက ကျနော်တို့ ဒီဖက်ဒရယ်ပြည်ထောင် စုကြီးတည်မြဲဖို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အထောက်အကူပြုဖို့၊ အဲ့အပေါ် လုပ်ဆောင်သွားမယ်လို့ ကျနော် ရည်စူးထားတယ်။ 

ကေအိုင်စီ-အခုဆရာကရင်အမျိုးသား သမိုင်းပြုစုဖို့အတွက် စီစဉ်ထားတဲ့အခြေအနေပေါ့၊ ဘာတွေပါမယ်။ ဘယ်လို ပြုစုသွားမယ်။ ဘယ်လို အချိန်သတ်မှတ်ထားသလဲဆိုတာ ရှင်းပြပေးပါ။ 

ကျနော် ကရင်အမျိုးသားသမိုင်းပြုစုဖို့ စီစဉ်ထားတဲ့ အချိန်ဇယားကို စပြောမယ်။ ကျနော်တို့ ၂၀၁၇ သြဂုတ်လ ကစတယ်။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီ ၆ လအလို ၂၀၁၉ ဇွန်လောက်မှာ အပြီးသတ်နိုင်အောင်ဆွဲထားတယ်။ အဲ့တော့ ကျနော်တို့က သမိုင်းရေးတာ အထောက်အထားရှာရတာပေါ့။ အထောက်အထားရှာတဲ့ အခါမှာ နှစ်မျိုးပေါ့၊ စာပေ အထောက်အထားရယ်။ ကွင်းဆင်းလူတွေ့၊ သုတေသန မေးမြန်းချက် အထောက်အထားရယ်။ ကွင်းဆင်းတဲ့အခါ နေရာကို ကြည့်မယ်။ လူကိုမေးမယ်။ အဲ့ဒါကို အခု ၂၀၁၈ သြဂုတ်လ အပြီးပေါ့။ ပြီးရင် စရေး မယ်။ 

ရေးတဲ့အခါမှာ တက္ကသိုလ်က သုတေသန လုပ်ထုံးလုပ်နည်း အတိုင်းကျနော်ရေးမယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီနည်းက စနစ်ကျတယ်။ ခိုင်မာတယ်။ နောက်ပြီးတော့ နိုင်ငံတကာ တန်းဝင်တယ်။ အဲ့ဒါကြောင့် အဲ့ဒီ နည်းကို သုံးပြီး ကျနော်ရေးမယ်။ ကျနော်ကိုယ်၌ကလည်း အဲ့ဒါကို ကြိုက်တယ်။ အဲ့ဒါကြောင့် အဲ့သုတေသန နည်းအတိုင်းရေးမယ်။ 

ကေအိုင်စီ-သုတေသန လုပ်ထုံးလုပ်နည်းဆိုတာကို ရှင်းပြပေးပါ။ 

အဲ့နည်းကတော့ အောက်ခြေမှတ်စုပါမယ်။ နောက်တစ်ခါ  ကျမ်းကိုးစားရင်း ပါမယ်။ နောက်တစ်ခါ နောက်ဆက်တွဲ မှတ်စုပါမယ်။ နောက်ဆက်တွဲမှတ်စုမှာ အရေးကြီး စာရွက်စာတမ်းတွေ ပြမယ်။ ဓာတ်ပုံတွေပြမယ်။ မြေပုံတွေ ပြမယ်။ အဲ့လိုမျိုးလုပ်မယ်။ 

အဲဒီတော့ ကျနော်တို့ ဆီမှာ ဘွဲ့ယူကျမ်းကို ရေးရင် ကာလကို ပိုင်းခြားရေးတယ်။ ကာလပိုင်းခြားရေးတယ် ဆိုတာက မနိုင်မှာစိုးလိုပေါ့။ ဥပမာ-၁၉၄၈ ကနေပြီးတော့ ၁၉၅၈ အဲ့ဒီရဲ့ ကရင်အကြောင်းကို ရေးမယ်ဆိုရင် လူမှုရေးလား၊ စီးပွားရေးလား ဒီလိုပိုင်းပေးရတယ်။ ကျနော်ယူထားတဲ့ ကာလက အရမ်းကျယ်တယ်။ အဲ့တော့ ကရင်ကို မြန်မာ့မြေပေါ်မှာ စတင်အခြေချနေထိုင်တဲ့ သမိုင်းမစတင်မှီခေတ်၊ အဲ့ကနေစပြီးတော့ ကေအဲန်ယူနဲ့ သမ္မတဦးသိန်းစိန် လက်မှတ်ထိုးတဲ့ အချိန်ထိကို ကျနော်ဆွဲထားတယ်။ သမိုင်းစကားနဲ့ ပြောရရင် ပထမ ထောင်စုနှစ်ပေါ့။ ပထမ ထောင်စုနှစ်ဆိုတာက မြန်မာ့သမိုင်းနဲ့ ပြောရင် အနော်ရထာမတိုင်မှီပေါ့။ ပုဂံခေတ် ကနေစပြီးတော့ ဒုတိယ ထောင်စုနှစ်။ အခုသက္ကရာဇ် ၂၀၀၀ ကျော်လာတဲ့ အခါကျတော့ တတိယ ထောင်စုနှစ်။ 

အဲ့တော့ ပထမ ထောင်စုနှစ်ပါမယ်။ ဒုတိယ ထောင်စုနှစ်ပါမယ်။ တတိယ ထောင်စုနှစ်ပါမယ်။ အဲ့တော့ မြန်မာ့ သမိုင်းသွားတဲ့ ပုံစံမျိုး ပုံဂံ၊ အင်းဝ၊ ပင်းယ၊ ကုန်းဘောင်၊ တောင်ငူ၊ ညောင်ရမ်းဆိုတဲ့ ပုံစံမျိုးနဲ့ မသွားဘူး။ အမှီ အခို ကင်းကင်းနဲ့ ကရင်သမိုင်းသီးသန့်သွားမယ်။ ဒါရေးမဲ့ အပိုင်း။ 

ကေအိုင်စီ-ကရင်အမျိုးသား သမိုင်းကို ဘယ်လို ပုံစံရေးသွားမလဲ။ ဆရာနဲ့ အတူပါမဲ့သူတွေ ကြီးကြပ်မဲ့သူတွေ ကိုလည်း ပြောပြပေးပါ။ 

ကျနော်က တက္ကသိုလ်အသိုင်းအဝိုင်းက လာတဲ့သူ ဖြစ်တာမို့လို့ ကျမ်းပုံစံအတိုင်းပဲသွားမယ်။ အဲ့တော့ ကျမ်းကို လုပ်တဲ့ အခါကျရင် အပြင်စာစစ်၊ အတွင်းစာစစ်၊ ကျမ်းကြီးကြပ်သူ တွဲဖက် ကျမ်းကြီးကြပ်သူ၊ ဒါတွေထားတယ်။ ကျမ်းကြီးကြပ်သူ အနေနဲ့ ဆရာကြီး စောထွန်းအောင်ချိန် (အငြိမ်းစား၊ သမိုင်းပါမောက္ခ ရန်ကုန်တက္ကသိုလ်) ကို ထားတယ်။ ဆရာကြီးက ကျနော့်ရဲ့ Ph.D ကျမ်းကို သူကကြီးကြပ်ခဲ့တာ ဖြစ်တဲ့အတွက် ကျနော်တို့က ရင်းနှီးပြီးသား။ ဆရာကြီးကလည်း လုပ်ပေး မယ်လို့ စာ/ယဉ် အဖွဲ့ကို ပြောပြီးပြီဆိုတော့ ရပြီးပေါ့နော်။

နောက်တခါ အင်္ဂလန်က Ph.D ရလာတဲ့ ဒေါက်တာ နော်အိမ်ဂျယ်လင်း၊ သူ့ကိုလည်း တွေ့ပြီးသွားပြီး ဆရာမက လည်းဝိုင်းကူမယ်။ အဲ့တော့ သူ့ကိုလည်း ကျမ်းကြီးကြပ်သူအနေနဲ့ ထည့်ထားတယ်။ ကျနော် ရေးမယ်၊  ရေးတာကို ဆရာကြီး စောထွန်းအောင်ချိန်က ဖတ်မယ်၊ ပြင်မယ်။ နောက်တွဲဖက် ဘယ်သူဖတ်မလဲဆို တော့ ဆရာမနော်အိမ်ဂျယ်လင်းက ဖတ်မယ်၊ ပြင်ပေးမယ်။ နောက်ကျနော် တွဲဖက်ကျမ်းကြီးကြပ်သူတွေ ထားတယ်။ 

တွဲဖက်ကျမ်းကြီးကြပ်သူတွေက အခုဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ် သမိုင်းဌာတွေမှာရှိတဲ့ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ ကရင်ဆရာ၊ ဆရာမတွေကို ထည့်ထားတယ်။ သူတို့တွေက ကျနော့်ကို ဝိုင်းအကြံပေးတယ်။ ကရင်ကြီးပဲ ပါနေတာဖြစ်တဲ့အတွက် ကျနော်က တတိယလူကိုရှာတယ်။ အဲ့တော့ဒီမှာ ကျမ်းကြီးကြပ်မဲ့သူဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်က သမိုင်းဌာနက ပါမောက္ခ နှစ်ယောက်က ကျမ်းကြီးကြပ်သူအဖြစ်နဲ့ ဝင်ပါပေးမယ်။ ကျနော်က ကျမ်းပြုစုရေး အဖွဲ့ရဲ့ ခေါင်းဆောင်ပေါ့နော်။ ခေါင်းဆောင်အနေနဲ့ ရေးမယ်။ 

နောက်တစ်ခါ ကျနော်တို့က စာတမ်းဖတ်ပွဲ တစ်ကြိမ်၊ နှစ်ကြိမ်လောက် လုပ်ဖြစ်ဖို့ လျာထားတယ်။ နောက် ကျမ်း ရေးပြီးသွားရင် စစ်မယ်ပြင်မယ်ပေါ့။ ကျနော်တို့မှာ ခုခံ စာမေးပွဲရှိတယ်။ ဒါက တက္ကသိုလ်မှာ ကျမ်းပြီးပြီ ဆိုတာ နဲ့ ဆရာကြီးတွေက ဒီဟာကို ပြင်လိုက်ဦး၊ ဒီဟာကို မကြိုက်သေးဘူး။ ဒါတော့ဖြုတ်လိုက်၊ ဒါနဲ့ မဆိုင်ဘူး။ အဲ့လို မျိုး လုပ်ပြီးသွားရင် သူတို့ ဒီကျမ်းကို လက်မှတ်ထိုးပြီး အအောင်ပေးလိုက်ပြီး။ အဲ့ပုံစံ အတိုင်းပဲ ကျနော်က ခုခံစာမေးပွဲ သွားမယ်။ 

အဲ့ဒါ ပြီးရင် အောက်ခြေနဲ့လည်း ကျနော်တို့လုပ်မယ်။ ကရင်စာပေနဲ့ ယဉ်ကျေးမှု ကော်မတီက ကရင့်အရေး ကျွမ်းကျင်တဲ့သူတွေလာထိုင်၊ အဲလိုမလုပ်ခင် တစ်လလောက်ကတည်းက ကျနော်က ကျမ်းကို ပေးထားမယ်။ မူကြမ်းပေါ့။ ဖတ်ပြီးတော့ပြင်၊ အဲ့မှာ တိုက်ဆိုင်တာတွေလည်း ရှိမယ်။ မတိုက်ဆိုင် တာတွေလည်း ရှိမယ်။ ခုခံ တာက ကျနော် ခုခံမယ်။ ကျနော်မှားရင် ကျနော်ပြင်မယ်။ ကျနော်မှန်ရင်တော့ လက်ခံပေးရမယ်။ အဲ့ဒီမူနဲ့ သွားမယ်။ ဒါကတော့ ကျမ်းပြုစုရေး အစီအစဉ်ပါ။ အခုက အထောက်အထား စုဆောင်းနေတဲ့ အချိန်ပါ။ 

ကေအိုင်စီ-ကရင့်တော်လှန်ရေးက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နိုင်ငံရေးအရ မပြေလည်တာကို နိုင်ငံရေး နည်းနဲ ့ဖြေရှင်းလို့ မရလို ့တော်လှန်ရေး ဆင်နွှဲခဲ့တယ်။ ဒါကို ခေတ်အဆက်ဆက် အစိုးရတွေက အများအမြင် စောင်း အောင် ၊ နယ်ချဲ့တွေ သွေးခွဲမှုကြောင့် ဆူပူသူပုန်ထတယ်ဆိုပြီး ဝါဒဖြန့်ခဲ့တဲ့ သမိုင်းတွေ အပေါ် ဆရာတို့ရေးမဲ့ ကရင်အမျိုးသားသမိုင်းက ဘယ်အတိုင်းအတာအထိ ရောင်ပြန်ဟပ်မလဲ။ ဆိုတာ ရှင်းပြပေးပါ။ 

ဒါနဲ့ပတ်သက်ပြီး ပြောရရင် တချို့ဟာတွေက ကျနော်ရေးပြီးမှ အကုန်သိမယ်။ အခုလောလောဆယ်မှာ အထောက် အထားတွေစုထားတယ်။ လွှတ်တော်မှတ်တမ်းတွေ စစုနေတယ်။ ဦးနုလက်ထက်မှာ အမျိုးသား လွှတ်တော်၊ လူမျိုးစု လွှတ်တော်မှာ ဘာတွေပြောလဲ။ ပါလီမန်မှာ ဘာတွေပြောလဲ ဆိုတာစုနေတဲ့ အချိန်ပဲ ရှိသေးတယ်။ စုနေတဲ့ အဆင့်ပဲရှိ သေးတယ်။ အားလုံး မဖတ်ရသေးဘူး။ ဖတ်ပြီးပြောမှ ဒါထွက်လာမယ်။

ကျနော်ကတော့ ရှင်းတယ်။ တပ်မတော်အကြိုက်လည်း မရေးဘူး။ ကရင့်အကြိုက်လည်း မရေးနိုင်ဘူး။ ပညာရှင် ရှုထောင့်ကနေပဲရေးမယ်။ ကျနော်တွေ့တဲ့ အတိုင်းကျနော်ရေးမယ်။ အထောက်အထား အခိုင်အလုံ ရှိတဲ့ အတိုင်းကို ကျနော်ရေးမယ်။ ရေးပြီးရင် တစ်ဖက်က ကြိုက်ရင် ကျန်တစ်ဖက်က ကြိုက်မှာမဟုတ်ဘူး။ အဲ့ဒါကို ကျနော်ဂရုစိုက်နေလို့ ရှိရင်လည်း ဒီသမိုင်းက ထွက်လာစရာ အကြောင်းမရှိဘူး။ ခြံစည်းရိုးကို နှစ်ခွထိုင်ရေး မယ်ဆိုရင်လည်း ရေးသူက သတ္တိ မရှိရာကျတယ်။ ဘယ်သူမှားမှား ပြောမှာပဲ ကျနော်ဘယ်သူ့မှ အားမနာဘူး။ တစ်ခုရှိတယ်။ ခံသာအောင်တော့ ကျနော်ပြောမယ်။ 

အဲ့နေရာမှာဘာအရေးကြီးလာလဲ ဆိုတော့ ဆရာကြီးစောထွန်းအောင်ချိန်နဲ့ ဆွေးနွေးထားတာရှိတယ်။ ဒီနေရာ မှာ စကား လုံးရွေးချယ်မှုပဲ။ ဆရာကြီးစောထွန်းအောင်ချိန်လည်း ပြောတယ်။ ပထမဦးဆုံး ငြိမ်းချမ်းရေး စဆွေး နွေးတော့ စငြင်းခုန်ရတာ စကားလုံးပဲတဲ့။ ဥပမာ- တဖက်ကလည်း သောင်းကျန်းသူလို့ပြောတယ်။ တစ်ဖက် လည်း ပြန်ပြောတယ်။ မင်းတို့လည်း အာဏာကို မတရားသိမ်းယူထားတာပဲတဲ့။ အဲ့တော့ မမှန်ဘူးလားဆိုတော့ မှန်တာပေါ့။ ဖြစ်လာတဲ့ အခြေ အနေအရဘဲပြောပြော သူ့မှာ တရားဝင်အာဏာမရှိဘူး။ ဟိုးဘက်ကရော ဆူပူ သောင်းကျန်းမှုက မှားသလားလို့ မေးကြည့် ကျနော်ဥပမာပြောမယ် ၁၉၄၉ မှာ ကရင်ပုန်ကန်သောင်းကြမ်းမှု ဆိုတဲ့စာအုပ် အင်္ဂလိပ်-ဗာမာ နှစ်ဘာသာနဲ့ထွက်လာ တယ်။ အဲ့စာအုပ်မှာ အင်္ဂလိပ်လိုက KNDO လို့သုံးတယ်။ အခုက ကရင်တစ်မျိုးသားလုံးလိုလို သုံးထားတယ်။ ဘက်လိုက်မှု ပေါ့။ ဒါကြောင့် စကားလုံးရွေးချယ်မှု အရေးကြီးတယ်လို့ ကျနော်ပြောချင်တယ်။  

ကေအိုင်စီ-ဆရာရဲ့ ကရင်အမျိုးသားသမိုင်းပြုစုရေးလုပ်ငန်းစဉ်မှာ ပါဝင်မဲ့ အခန်းတွေကိုလေ့လာတော့ ဗြိတိလျှ ကိုလိုနီ အစိုးရနှင့် ကရင်လူမျိုးများ၊ ဒုတိယကမ္ဘာစစ်ပြီးကာလ၊ လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံနှင့် ကရင်လူမျိုးများ စတဲ့ ခေါင်းစဉ်တွေပါတာ တွေ့ရတယ်။ ဒီကဏ္ဍတွေနဲ့ ပတ်သက်ပြီး ဝါဒဖြန့်ခဲ့တဲ့ သမိုင်းတွေအများစုရှိနေတဲ့အပေါ် ဆရာတို့ရေးမဲ့ သမိုင်းက ဘယ်လောက်ထိ အမှန်တရားကို ချပြဖို့ မျှော်လင့်ထားလဲ။ 

ဝါဒဖြန့်တယ် ဆိုတာက သမိုင်းစကားနဲ့ပြောရင် ဗိုင်းရပ်စ် ဘက်လိုက်တာ။ အဲ့တော့ ဝါဒဖြန့်တယ်ဆိုတာကလည်း ဗိုင်းရပ်စ်ကြောင့် ဝါဒဖြန့်တာ။ ဝါဒဖြန့်တာနဲ့ ဘက်လိုက်တယ် ဆိုတဲ့ စကားက ဒီမှာ အုပ်စုတစ်စုထဲမှာရှိမယ်။ ကျနော်တို့က ရေးတဲ့အခါ ဗိုင်းရပ်စ် ကင်းအောင် ဘက်လိုက်မှုကို လွတ်အောင်ရှောင်ရေးမယ်။ အဲ့တော့ ဘယ်လို အနေနဲ့ ရေးမလဲ ဆိုတော့ ကျနော် တတိယပုဂ္ဂိုလ်(Third Person) အနေနဲ့ ရေးမယ်။ အစိုးရလည်း မဟုတ်ဘူး။ ကျနော်ကိုယ်၌ ကရင်ဆိုတဲ့ အတွေးပါ ဖျောက်ထားပြီး ရေးမယ်။ အဲ့ဒါက အမှန်ကို လိုချင်လို့။ 

အမှန်ကို လိုချင်ရင်ဘယ်လို ရေးမလဲဆိုတော့ သုတေသန နည်းအတိုင်းရေးမယ်။ အဲ့နည်းအတိုင်းစစ်သွားမယ်။ နောက် ကျနော်တို့ သမိုင်းပညာရှင်တွေက တစ်ခုဘဲရှိတယ်။ အထောက်အထားမှာက မူရင်းအထောက်အထား အခိုင်အလုံရှိရင် ရေးရဲတယ်။ မူရင်းအထောက်အထား မရှိဘဲနဲ့ တစ်ဆင့်ခံ အထောက်အထားဆိုရင် အများကြီး စဉ်းစားပြီး။ 

မူးရင်းရေးသူက အထောက်အထားနဲ့ ပြန်ချင့်ချိန်နိုင်တယ်။ ကျနော်တို့က အခု အားနည်းချက်က အင်တာဗျူးဘဲ။ အင်တာဗျူးက သမိုင်းမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများက မရှိတော့ဘူး။ သူ့သား သမီးတွေတောင် အသက် ၇၀ ကျော် ၈၀ တွေဖြစ် ကုန်ပြီ။ အဲ့တော့ ကျနော်တို့က ဓာတ်ပုံမှတ်တမ်းလောက်ပဲ ရမယ်။ 

ပထမတွဲ မူကြမ်းရေးမယ်။ ဒုတိယတွဲကျရင် မြေပုံတွေ မူရင်းအထောက်အထားတွေနဲ့ ပြမယ်။ သုတေသနနည်း က ဒီလိုပဲရေးကြတယ်။ အကြောင်းအရာ ကြီးပြီးဆိုရင်။ ဒါအမှန်တိုင်း ရဖို့အတွက်ဘဲ။ ဒီနေရာမှ ချွင်းချက်တော့ ရှိတယ်။ သုတေသနဆိုတာ ဘယ်တော့မှ လမ်းမဆုံးဘူး။ လမ်းမဆုံးတော့ ကျနော်ရေးပြီးရင် ကျနော်ကိုယ်တိုင် နောက်အကြိမ် တွေမှာ ထပ်ပြင်ချင်ပြင်။ မပြင်ရင် နောက်လူက ထပ်ပြင်။ နောက်ထပ် အသစ်အသစ်တွေလည်း နောက်နောင် ကာလ တွေမှာ ထပ်တွေ့နိုင်တာ ရှိတယ်။ အဲ့ဒါဆိုလို့ရှိရင် ကျနော်တို့က ထပ်ဖြည့်ရမယ်။ ပြင်သင့်တာ ပြင်ရမယ်။ နောက်တစ်ခါ ဘယ်စာအုပ်မှာမှ အလုံးစုံ စုံလှပြီးဆိုတာ မရှိဘူး။ ကျနော်ထင်ပါတယ် စနစ်တကျနဲ့ ကောင်းကောင်းမွန်မွန်ထွက်လာလိမ့်မယ်လို့ ထင်ပါတယ်။ 

ကောင်းမယ်၊ ဆိုးမယ်ဆိုတာ ပရိဿတ်က ဆုံးဖြတ်လိမ့်မယ်။ ကြိုက်မဲ့သူရှိသလို မကြိုက်မဲ့သူလည်း ရှိမှာပဲ။ ကျနော်တို့က ဘယ်ဘက်မှ မရပ်ပဲနဲ့ပြောမယ်။ တပ်မတော်သမိုင်းကိုလည်း ဖတ်မယ်။ ကေအဲန်ယူရဲ့ ကရင့်တော်လှန်ရေး သမိုင်းကိုလည်း ဖတ်မယ်။ လိုအပ်ရင် ကွင်းဆင်းမယ်။ စိစစ်မယ်။ တစ်ဖက်ဘက်ကနေရေးမှာ မဟုတ်ဘူး။ 



ဒေါက်တာနန်းလှိုင်း၏ ကိုယ်ရေးအကျဉ်း

ကရင်အမျိုးသား သမိုင်းပြုစုရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာနန်းလှိုင်ကို ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့ နယ်တွင် အဖ စောတင်အောင်၊ အမိ ဒေါ်ခင်နုတို့၏ မွေးဖွားသည့် အငယ်ဆုံးသားဖြစ်သည်။ သူသည် ၁၉၉၃ ခုနှစ်တွင် တက္ကသိုလ်ဝင် တန်းစာမေးပွဲ အောင်မြင်ပြီးနောက် ၁၉၉၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌  သမိုင်း အထူးပြု ဘာသာရပ်ဖြင့် စတင်တက်ရောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးဘွဲ့(သမိုင်း) ကိုရရှိခဲ့သည်။ ၂၀၁၀ ပြည့် နှစ်တွင် ပါရဂူဘွဲ့ (သမိုင်း) ကိုရရှိခဲ့သည်။ သူသည် ၂၀၀၅ ခုနှစ်တွင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၌ နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဌာနတွင် ကထိက တာဝန်ထမ်းဆောင်လျက် ရှိသည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...