“NCAဆိုတာ ဘယ်လိုနည်းပရိယာယ်တွေနဲ့ခြေလှမ်းလှမ်းမလဲဆိုတာ ရှင်းရှင်းလင်းလင်းပဲ ပေါ်လွင်ပါတယ်” - KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် တွေ့ဆုံမေးမြန်းခြင်း

“NCAဆိုတာ ဘယ်လိုနည်းပရိယာယ်တွေနဲ့ခြေလှမ်းလှမ်းမလဲဆိုတာ ရှင်းရှင်းလင်းလင်းပဲ ပေါ်လွင်ပါတယ်” - KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာအစိုးရနှင့် ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံးအပါအဝင် တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အဲန်စီအေ) ကို လက်မှတ်ရေးထိုးထားသော်လည်း ယခုနှစ် မတ်လဆန်းပိုင်းမှာ ကေအဲန်ယူ- လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်မဟာ ၅ နယ်မြေအတွင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေပါသည်။ 

ထိုကိစ္စအပေါ် ကေအဲန်အယ်လ်အေ -ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ၎င်း၏ အမြင်နှင့် သဘောထားများကို ယခုလို ထုတ်ဖော်ပြောကြားလိုက်သည်။ 

ကေအိုင်စီ ။ ။ အခု တပ်မဟာ ၅ မှာ ဖြစ်ပွားတဲ့ စစ်ရေးတင်းမာမှု အခြေအနေနဲ့ပတ်သက်ပြီး အဲန်စီအေအရ ဘယ်လိုမြင်ပါသလဲ။ 

ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ ။ ။ အခုချိန်မျိုးမှာ တပ်အင်အားထပ်ပြီး မတိုးချဲ့ဖို့၊ တပ်စခန်း ထပ်မလုပ်ဖို့ဆိုတာက အရင်တုန်းကလိုပဲ ရှိထားပြီးသားဖြစ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် မလှုပ်ရှားရဘူး။ တပ်စခန်း ပြုပြင်မွမ်းမံတာတွေမလုပ်ရဘူး။ တပ်ရိက္ခာတွေ ထပ်ပို့လာတာတွေ မလုပ်ဖို့ဆိုတာ အရင်တုန်းကလိုပဲ ရှိထားပါတယ်။ ဒါပေမဲ့ အရင်ကထက် မကတော့ဘူး။ အရင်ကထက် လှုပ်ရှားလာတယ်။ တပ်အင်အားလည်း အရင်ကထက် အလွန်အကျွံများလာတယ်။ အထက်ပိုင်းမှာ ဗျူဟာတစ်ခု လုံးကျော်လွန်လာတယ်။ အောက်ပိုင်းမှာလည်း ဗျူဟာတစ်ခုလုံး ကျော်လွန်လာတယ်။ ဒါက သာမန်ရိုးရိုး အစီအစဉ်မဟုတ်ဘူး။ အစီအစဉ် အတိအကျ ရှိတဲ့အတွက်ကြောင့် စိုးရိမ်စရာဖြစ်လာတယ်။ 

ဒါက အပစ်အခတ်ရပ်စဲရေး ပုံသဏ္ဍာန်ကို စစ်ရေးလှုပ်ရှားမှု ခြေလှမ်းတစ်လှမ်းအနေနဲ့ လုပ်တာဖြစ်တယ်ဆိုတာ ရှင်းရှင်းလေး ပေါ်လွင်ပါတယ်။ ပြည်သူလူထုတွေပဲဖြစ်ဖြစ်၊ တချို့လူတွေပဲဖြစ်ဖြစ် သြော်…ဒါက အရင်တုန်းက အခြေအနေပါပဲ အပစ်အခတ်ရပ်စဲရေးက ဆက်သွားမှာပဲ။ ဒါက အများက စဉ်းစားတယ်ပေါ့လေ။ ဒါပေမဲ့လည်း သူများတွေ စဉ်းစားတဲ့အခြေအနေက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေက ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အဲဒါကြောင့် အဲန်စီအေ အပစ်အခတ်ရပ်စဲရေးဆိုတာ ဘယ်လို နည်း ပရိယာယ် တွေနဲ့ ခြေလှမ်းလှမ်းမလဲဆိုတာ ရှင်းရှင်းလင်းလင်းပဲ ပေါ်လွင်ပါတယ်ဆိုတာ ကျနော်ကတော့ မြင်ပါတယ်။ 

ကေအိုင်စီ ။ ။ လက်ရှိအခြေအနေနဲ့ အဲန်စီအေ သဘောတူညီမှုတွေဟာ ဘယ်လိုကွာခြားမှုတွေရှိသလဲ။ 

ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ ။ ။ အဲန်စီအေ သဘောတူညီမှုထဲမှာတော့ ကျနော်တို့တွေ ကိုယ့်နေရာနဲ့ကိုယ်နေကြမယ်။ ယုံကြည်မှုကို တည်ဆောက်ယူကြမယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်ပွားဖို့ ကျနော်တို့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားကြမယ်။ ဒါက အပြောပဲရှိပါတယ်။ တကယ့်တကယ်က မြန်မာစစ်တပ်က သူတို့လိုချင်တဲ့အရာကို အခွင့်အရေးကို တိုက်ယူမယ်။ အခွင့်အရေးယူမယ်။ ဒါက အပစ်အခတ်ရပ်သည်ဖြစ်စေ၊ မရပ်သည်ဖြစ်စေ သူတို့အစီအစဉ်က ရှိပြီးသားဖြစ်ပါတယ်။ 

ဒါကြောင့် တပ်မဟာ တော်တော်များများ၊ နေရာတော်တော်များများမှာ စမ်းသပ်ထိုးဖောက်ဝင်ကြည့်တယ်။ ခြေလှမ်းတွေလည်း တစ်လှမ်းပြီးတစ်လှမ်း တစ်ခါထဲလှမ်းပါတယ်။ အဲဒါကြောင့် အခု ကျနော်တို့ တပ်မဟာ ၅ မှာဆိုလည်းပဲ စမ်းသပ်မှုတစ်ခုပါပဲ။ စမ်းသပ်ကြည့်မယ်။ ခြေလှမ်းလှမ်းကြည့်မယ်။ ဘယ်လို အဖြေမျိုးထွက်လာမလဲဆိုတာ နောက်ထပ်ခြေလှမ်းထပ်လှမ်းဖို့အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါပဲ။ အဲဒါကြောင့် အခြားနယ်မြေမှာဆိုရင်လည်း ခြေလှမ်းလှမ်းပြီးတော့ စမ်းသပ်မှုတွေလုပ်ကြပါတယ်။ အဲဒါကြောင့် ဒါတွေအားလုံးက စမ်းသပ်မှုတစ်ရပ်ဖြစ်ပြီးတော့ နောက်ဆုံးမှာ ဘာဆက်လုပ်ဆောင်ရမလဲ ဆိုတာက အဲဒီမှာ အဖြေတစ်ခုထဲကို ရှင်းရှင်းလင်းလင်းပေါ်လွင်စေပါတယ်။ 

ကေအိုင်စီ ။ ။ အဲဒီအပေါ်မှာ ဘယ်လို ဖြေရှင်းမှုတွေရှိနေပြီလဲ။ 

ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ။ ။ ကျနော်နားလည်တာကတော့ တာဝန်ရှိသူတွေဘက်ကတော့ စားပွဲပေါ် ဖြေရှင်းဖို့ ဆန္ဒရှိကြပါတယ်။ အခုလည်းပဲ စားပွဲဖြစ်တဲ့ JMC မှာ ကျနော်တို့ ဆွေးနွေးကြမယ်။ ညှိနှိုင်းကြမယ်။ အဖြေရှာကြမယ်။ ဒါက စားပွဲပေါ်မှာဖြေရှင်းဖို့ ပြောတာပဲရှိပါတယ်။ ဒါပေမယ့် သူတို့ဘက်က အခွင့်အရေးတွေကို ရယူဖို့အတွက်က ဆက်သွားနေတုန်းပါပဲ။ အဲဒါကြောင့် ဒါကို ဖြေရှင်းလို့မရဘူး။ မဖြေရှင်းတတ်ဘူးဆိုတာ ကျနော်မြင်တယ်။ 

ဘာကြောင့်လဲဆိုတော့ အစီအစဉ်တကျက ရှိပြီးသားဖြစ်ပါတယ်။ ကျနော်တို့ဘက်က JMC တွေ ပြောဆိုမှုတွေကိုလည်း သူတို့ဘက်က နားထောင်မှာမဟုတ်ဘူး။ သူတို့လုပ်ချင်တာကိုဆက်လုပ်မှာပဲ။ အပေါ်ယံလောက်ပဲ နားထောင်တယ်။ တကယ်အနှစ်သာရမှာ လိုက်နာလုပ်ဆောင်ဖို့က နားကန်းယောင် ဆောင်လိုက်တာပဲ။ ကျနော်တို့ အများကြီးပြောစရာမလိုအပ်ဘူး။ ဒါတွေက အားလုံးက သိရှိပြီးသားဖြစ်ပါတယ်။ သေသေချာချာကြည့်ရင် မြင်နိုင်ပါတယ်။ လိုက်ရှာကြည့်ဖို့ မလိုအပ်ဘူး။ 

ကေအိုင်စီ ။ ။ ငြိမ်းချမ်းရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။ 

ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ ။ ။ အာဏာရှင်ဆိုတာ လူမျိုးရေးအာဏာရှင်ပဲဖြစ်ဖြစ်၊ စစ်အာဏာ ရှင်ပဲဖြစ်ဖြစ် နှစ်ပေါင်း ၆ဝ၊ ရဝ တည်ဆောက်ယူထားတဲ့ဟာကို သူတို့ရဲ့ သဘောထားတွေကို ပြောင်းလဲ ပစ်ဖို့ဖြစ်စေ၊ သူတို့ရဲ့ စဉ်းစားတွေးခေါ်မှုတွေကို ပြောင်းလဲပစ်ဖို့အတွက်ဖြစ်စေ လွယ်လွယ်ကူကူနဲ့ မရဘူး။ အဲဒီလို ကွက်ကွက်ကွင်းကွင်း ပေါ်နေပြီဖြစ်တဲ့အတွက် ဒါတွေက ဆက်လက်ဖြစ်ပွားမယ်။ ဒီလိုဆက်လက်ဖြစ်ပွားဖို့လည်းပဲ အလိုလိုပေါ်လွင်ပြီးသားပါ။ အဲဒါကြောင့် ရှေ့ဆက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဘယ်ကို ဆက်သွားမလဲ။ တိုင်းရင်းသားတွေအားလုံး လိုချင်တဲ့ အခွင့်အရေးက ရမှ မရတဲ့ဟာကို။ ကျနော်တို့တစ်ဖွဲ့ထဲ ရမယ်ဆိုတာ မဖြစ်နိုင်ဘူး။ နယ်မြေတစ်ခုထဲမရဘူး။ အဲဒါကြောင့် နောက်ဆုံး ဘာတွေ ဖြစ်လာမလဲဆိုတာ ကြိုမြင်ပြီးသားပါ။ 

ဒီလို ခြေလှမ်းလှမ်းလို့ ဘယ်အထိရောက်မလဲဆိုတာ ရှင်းရှင်းလင်းလင်း ကြိုမြင်ပြီးသားဖြစ်ပါတယ်။ အဲဒါကြောင့် ငါက ဘာလဲဆိုတာ ဖော်ပြ၊ ငါဘယ်လိုသွားမလဲ ခြေလှမ်းရွှေ့မလဲ၊ ဒါတွေက လှုပ်ရှားမှုကို ဖော်ပြတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးလမ်းစဉ်က ဒီလိုသွားလို့မရဘူး။ အဲဒီလိုသွားလို့ မရဘူးဆိုတာ ဖော်ပြနေပါတယ်။ ကျနော်ဒီလိုလုပ်မယ်။ လုပ်နေပြီဆိုတာ ဖော်ပြနေပါတယ်။ နောက်ဆုံး ဘယ်ထိရောက်မလဲ အစီအစဉ် ရှိထားတဲ့အတိုင်းပါပဲ။ ရမရဆိုတာ သူတို့ဘက်က ကြိုးစားမှုနဲ့ ကျနော်တို့ဘက်က ခံစားရတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ 

ကေအိုင်စီ။ ။  နောက်ဆုံးအနေနဲ့ ကရင်လူမျိုးတွေကိုဘာပြောချင်လဲ။ 

ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ ။ ။ ကျနော်ပြောချင်တာက ကရင်အမျိုးသားတွေအားလုံး အရင်အခြေအနေကို ပြန်ကြည့်ပါ။ ကရင်လူမျိုးတွေရဲ့ သမိုင်း၊ ကရင်လူမျိုးတွေရဲ့ မူလဇစ်မြစ်၊ ကရင်လူမျိုးတွေရဲ့ ဖြတ်သန်းမှုတွေကို ပြန်လည် သတိရအောက်မေ့ပြီးတော့ ရှေ့ဆက် ကျနော်တို့ သဘောထားတွေကို ပြောင်းလဲရမယ်။ ကျနော်တို့ ရင်ဆိုင်ကြုံတွေ့ရမယ့်အရာတွေကို ရဲရဲကြီး ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ။ 

ကျနော်ပြောနေကျအတိုင်း မိုးပေါ်၊ မြေအောက်မှာ အသစ်ဆိုတာ ဘာတစ်ခုမှမရှိဘူး။ အဲဒါကြောင့် ကျနော် တို့ ရင်ဆိုင်ကြုံတွေ့ရမယ့်အရာကို ဝမ်းသာသည်ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေ ရင်ဆိုင်ဖို့ ကြိုတင်ပြင် ဆင်ထားပါ။ ကျနော်တို့ ရှောင်လွှဲလို့ရနိုင်တဲ့အရာဆိုရင် ရှောင်လွှဲရမယ်။ ရှောင်လွှဲလို့ မရတဲ့အရာဆိုရင် ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရင် ပြီးတာပဲ။ အခြားလမ်းကြောင်းမရှိဘူး။ အသစ်ဆိုတာ ဘာတစ်ခုမှမရှိဘူး။ အဲဒါကြောင့် ကျနော်တို့နဲ့ ထိုက်တန်တဲ့အရာကို ကျနော်တို့ ရရှိမယ်။ ဘာမှ အားငယ် စရာမလိုဘူး။ မှန်ကန်တဲ့လမ်းကြောင်း၊ ပန်းတိုင်နဲ့ ထိုက်တန်တဲ့ လုပ်ဆောင်မှုဆိုရင် ကျနော်တို့ရဲ့ အခွင့်အရေးကို ဧကန်မုချ ရရှိမှာဖြစ်ပါတယ်။

 

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...