ဖြောင့်မတ်သည့် ယုံကြည်မှုများ တည်ဆောက်ပြီး ငြိမ်းချမ်းရေးခရီးဆက်စေလို

ဖြောင့်မတ်သည့် ယုံကြည်မှုများ တည်ဆောက်ပြီး ငြိမ်းချမ်းရေးခရီးဆက်စေလို

ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ဟု ညွှန်းဆိုလေ့ရှိသည့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးတွင် သက်ဆိုင်ရာ အဖွဲ့အ စည်းများအကြား အထူးသဖြင့် နှစ်ဖက်တပ်ဖွဲ့ဝင်တို့အကြား အဟန့်အတားဖြစ်စရာများမှာ ဆိုင်ရာ နယ်မြေဒေသများတွင် မီးခဲ ပြာဖုံးမှုများ ရှိနေသည်။ နှစ်ပေါင်း ရဝနီးပါး မိတ်ဖက်မဖြစ်ခဲ့သည့် ထိုနှစ်ဖက် တပ်ဖွဲ့ဝင်များအကြား ယုံကြည်မှုတည်ဆောက်ရေး မှာ လက်တွေ့တွင် ခက်ခဲသည်ဟု စောဒက တက်နိုင်သော်လည်း တိုင်းပြည်နှင့် ပြည်သူများအတွက် ရှေ့ရှုပြီး စေတနာမှန်နှင့် ဖြောင့်မတ်စွာ လုပ်ဆောင်မည်ဆိုလျှင် အချိန်အတိုင်းအတာတစ်ခု၌ အောင်မြင်မှု ရရှိနိုင်သည့် ဖြစ်ရပ်များစွာ သာဓကရှိသည်။

မျက်မှောက်ခေတ် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်မည်ဆိုလျှင် ရသစုံဇာတ်လမ်းတစ်ပုဒ်ကဲ့သို့ တွေ့မြင်နေရသည်။ အတက်၊ အကျ၊ အချိုးအကွေ့များနှင့် ရသစုံလင်လှသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် နေပြည်တော်ရှိ MCC ခန်းမ၌ အစိုးရနှင့် UNFC မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ NCA ထိုးခဲ့ခြင်း၊ ကျန် UNCF အဖွဲ့ဝင်များ ဖေဖော်ဝါရီလကုန် ပိုင်းတွင် အစိုးရ၊ တပ်မတော်တို့နှင့် အလွတ်သဘော တွေ့ဆုံကာ NCA လက်မှတ်ထိုးရေး အားကောင်းလာသလို ရှိသော်လည်း သမ္မတ အနားယူသွားသည့် အခင်းအကျင်းမှာလည်း မဲဆန္ဒရှင် ပြည်သူလူထုကို သို့လော သို့လော မေးခွန်းများစွာ ရှိစေခဲ့သည်။

ယုံကြည်မှုအတိုင်းအတာတစ်ခုထိ တည်ဆောက်နိုင်သည်ဟု အများမှတ်ယူထားကြသည့် ကေအဲန်ယူ၏ တပ်မဟာ ၅ နယ်မြေ၊ မူတရော် (ဖာပွန်)ခရိုင်နှင့် တပ်မတော်တို့ ပြီးခဲ့သည့် မတ်လ ၅ရက်နေ့ကလည်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြပြီး လက်ရှိအချိန်ထိ စစ် ရေးအရ မရှင်းလင်းသေးသည့် အသွင်ရှိကာ ငြိမ်းချမ်းရေး နောက်ပြန်လှည့်မည့် အရိပ်အရောင် ဖြစ်လာမည်ကို ပြည်သူလူထု အထူးသဖြင့် ဒေသခံရွာသူရွာသားများက စိုးရိမ်နေရသည်။

ယင်းဖြစ်စဉ်တွင် မူတရော်ခရိုင်အတွင်း လာရောက်အခြေပြုနေသည့် တပ်မတော်က ဒေသအနေအထားအရ နယ်မြေစိုးမိုးရေး အတွက် ရည်ရွယ်သည့် လမ်းဖောက်လုပ်မှုကြောင့် အစပြုခဲ့သည်။ အဆိုပါ လမ်းဖောက်လုပ်မှုအတွက် NCA ပါအတိုင်း အပြန် အလှန် လေးစားသမှုဖြင့် ညှိနှိုင်းမှု ပြုနိုင်သော်လည်း ထိုသို့ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ပြောဆိုနေကြသည်။

မြန်မာ့နိုင်ငံရေး၏ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အစကို ပြန်ကြည့်မည်ဆိုလျှင် နိုင်ငံရေးအရ ပြေလည်မှုမရှိသည့် အတွက် တိုင်းရင်းသားများအနေဖြင့် မိမိတို့ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြည်တွင်းစစ်ကာလ ကြာရှည်လာသည် နှင့်အမျှ ထိခိုက်နစ်နာခဲ့ရသည်မှာ အဖိနှိပ်ခံပြည်သူများနှင့် နိုင်ငံတော်သာ ဖြစ်သည်။ ယခုလို နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေမှုများမှာ လမ်းကြောင်းမှန်ဟု ဆိုနိုင်သော်လည်း မိမိတို့၏ အကျိုးစီးပွား ဘေးဖယ်ထားကာ နိုင်ငံ နှင့် ပြည်သူအတွက် အဓိကထား စဉ်းစားလုပ်ဆောင်သွားရမည်ဖြစ်သည်။

လတ်တလောကာလအတွင်း ယုံကြည်မှု ပျက်ပြားစေသည့် လုပ်ဆောင်မှုများကို သက်ဆိုင်ရာအဖွဲ့အစည်းတိုင်းက ရှောင်ကြဉ်ပြီး ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားကြောင်း ပြသဆောင်ရွက်ရမည်ဖြစ်သည်။ သို့ပါသောကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်နိုင်ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး လက်တွေ့ တည်ဆောက်သွားနိုင်ရန် အခြေခံကျသည့် အဓိကအချက်မှာ နှစ်ဖက် အဖွဲ့အစည်းများအားလုံး စိတ်စေတနာမှန်ကန် ဖြောင့်မတ်စွာ လုပ်ဆောင်သွားရန်နှင့် ထပ်ခါ ထပ်ခါ တွေ့ဆုံဆွေးနွေး ညှိနှိုင်းသင့်ကြောင်း ကရင်သတင်းစဉ်က တိုက်တွန်းလိုပါသည်။

 

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...