KNU တပ်မဟာ(၅)တွင် မြန်မာ့တပ်မတော်နှင့် KNLA တို့ တိုက်ပွဲဖြစ်ပွားသတင်းများ ထွက်ပေါ်နေသည်နှင့်ပတ်သက်၍ KNU မူတရော်(ဖာပွန်)ခရိုင် အတွင်းရေးမှူး ပဒိုစောရော်ဘင်မူးနှင့် ကေအိုင်စီ ဆက်သွယ်မေးမြန်းခြင်း

KNU တပ်မဟာ(၅)တွင် မြန်မာ့တပ်မတော်နှင့် KNLA တို့ တိုက်ပွဲဖြစ်ပွားသတင်းများ ထွက်ပေါ်နေသည်နှင့်ပတ်သက်၍ KNU မူတရော်(ဖာပွန်)ခရိုင် အတွင်းရေးမှူး ပဒိုစောရော်ဘင်မူးနှင့် ကေအိုင်စီ ဆက်သွယ်မေးမြန်းခြင်း

“ဒီဟာကို လုပ်ဆောင်တာ NCA အရကြည့်ရင် တည့်တည့်ကြီးကို သွားငြိနေပါတယ်။ ဒီလမ်းကို ဖောက်လုပ်နေတာ သူတို့ စစ်ရေးအတွက်ပါပဲ။ ဒီလမ်းက ရွာသားတွေအတွက် မဟုတ်ဘူး။ စစ်ဆင်ရေးလမ်းကြောင်းအတွက် ဖောက်ထားတာဖြစ်တယ်လို့ သူတို့ကိုယ်တိုင်ကပဲ ပြောထားတယ်။”

ယခုလ မတ်လ ၅ရက်နေ့က ကေအဲန်ယူ၊ မူတရော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ် လယ်မူပလောအုပ်စု၊ ခလိုးခလောခီး နေရာတွင် အစိုးရတပ်မတော်ဘက်မှ လမ်းဖောက်လုပ်ရေး အကြောင်းပြုပြီး ကေအဲန်ယူ သတ်မှတ်နယ်မြေကျော်လွန်၍ တပ် အင်အားအလုံးအရင်းဖြင့် ဝင်လာသည့် တပြိုင်နက် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှုများကြောင့်  ဒေသခံရွာသူရွာသား အမြောက်အများမှာ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများဖြစ်ပေါ်နေသည်ဟု ကေအဲန်ယူ-ဖာပွန်ခရိုင်ဘက်က ကေအိုင်စီသို့ ပြောသည်။ 

ထိုအခြေအနေပေါ် ကေအဲန်ယူ (KNU) ဖာပွန်ခရိုင်အတွင်းရေးမှူးဖြစ်သူ ပဒိုစောရော်ဘင်မူးနှင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းထား သည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ အခု ကေအဲန်ယူ တပ်မဟာ ၅နယ်မြေမှာ အစိုးရ တပ်မတော်ဘက်က တပ်အင်အား အလုံးအရင်းနဲ့ ဝင်လာတဲ့အတွက် ရွာ သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်မြေခံသတင်းတွေအရ ကြားသိရတယ်။ အဲဒါကို နည်းနည်း ပြောပြပေးပါ။  

ဖြေ။ ။ ဒီလ(မတ်) ၅ရက်၊ ညနေ ၅နာရီမှာ လယ်မူပလောနယ်မြေမှာ တပ်အလုံးအခဲနဲ့ဝင်လာတယ်။ နေရာတကာ နေရာ လိုက်ယူထားတယ်။ ဒါက ဘယ်လိုဆက်ဖြစ်လာလဲဆိုတော့ ပြည်သူတွေ အခက်အခဲ အကြီးအကျယ် ကြုံတွေ့နေရတယ်။ အဲဒီ နေရာက ရွာသားတွေ လုပ်ကိုင်စားသောက်တဲ့နေရာတွေ ရှိတယ်လေ။ ဒါက ရွာသားတွေ  ကြုံတွေ့ရတဲ့ အကြီးမားဆုံး အခက် အခဲပဲ။ အဲဒါကြောင့် အခု ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ရတာပေါ့။ ဒါတွေဟာ ရည်ရွယ်ချက်က ဘာလဲဆိုတော့ နယ်မြေစိုး မိုးရေးပါပဲ။

ကျနော်တို့ သတ်မှတ်ထားတဲ့ နယ်မြေကို ကျော်လွန်ပြီးဝင်လာတယ်။ စစ်ဆင်ရေးလမ်းကြောင်းကို လာဖောက်တာ ဖြစ် ပါတယ်။ အရင်က ကျနော်တို့ သတ်မှတ်ထားတာ ပါဝေါ်အထိပဲ။ အခုက ခေးပူကစပြီး လယ့်မူပလောအထိ သူတို့ လမ်းကို ဆက်ဖောက်လုပ်နေတယ်။ အဲဒီနေရာက ကျနော်တို့ သတ်မှတ်ထားတဲ့ နယ်မြေကို တော်တော်လေးကို ကျော်လွန်နေပါပြီ။ ဒီလမ်းကို ဖောက်လုပ်နေတာ သူတို့ စစ်ရေးအတွက်ပါပဲ။ ဒီလမ်းက ရွာသားတွေအတွက် မဟုတ်ဘူး။ စစ်ဆင်ရေးလမ်းကြောင်း အတွက် ဖောက်ထားတာဖြစ်တယ်လို့ သူတို့ကိုယ်တိုင်ကပဲ ပြောထားတယ်။ ကျနော်တို့ တားတယ်။ မရဘူး။ အဲဒါကြောင့် မရရ တဲ့နည်းနဲ့ အခု သူတို့ တပ်အင်အားအလုံးအရင်းနဲ့ လုပ်လာတာပေါ့။ သူတို့အဓိက ရည်ရွယ်ချက်ကတော့ စစ်ဆင်ရေးလမ်း ကြောင်းကို ရနိုင်သလောက် ဆက်ဖောက်လုပ်ဖို့ပါပဲ။ 

မေး။ ။ စောစောက ပဒိုပြောတဲ့ အစိုးရတပ်ဘက်က တပ်အင်အား အလုံးအရင်းနဲ့ တက်လာတယ်လို့ ပြောပါတယ်။ အဲဒါ ဘယ်တပ် တွေလဲ။ တပ်အင်အား ဘယ်လောက်ရှိပါသလဲ။ 

ဖြေ။ ။အဲဒီနေရာကို အရင်ရှိထားပြီး လှုပ်ရှားနေတဲ့ အဖွဲ့ကတော့ ခမရ(၅၅၆)၊ (၅၆ဝ)တို့ရှိတယ်။ ဒါပေမယ့် အသေးစိတ်က တော့ ရှေ့တန်းက ကျနော်တို့ လူတွေ စာရင်းအတိအကျ ပို့မလာသေးဘူး။ 

မေး။ ။ အခုအခြေအနေကတော့ နှစ်ဖက်အောက်ခြေတပ်ဖွဲ့ဝင်တွေအကြားမှာ ထိတွေ့မှု အထိကောရှိပြီးလား လတ်တလော ရွာသားတွေရဲ့ အခြေအနေကော ဘယ်လိုရှိပါသလဲ။ 

ဖြေ။ ။ အခုက ရွာသားတွေကတော့ ကြောက်လှန့်ကြလို့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ အဲဒီနေရာကိုတော့ နေလို့မရ တော့ဘူးပေါ့။ အခုက တောင်ယာတွေ ခုတ်ထွင်ရှင်းလင်းနေတဲ့ အချိန်အခါဖြစ်တယ်။ ဒါတွေကို အကုန်ပစ်ထားပြီး သူတို့တွေ ကွယ်နိုင်တဲ့နေရာကို သွားခိုနေကြတယ်။ နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာကတော့ ကျနော်တို့လည်း မသိသေးဘူး။ ဒါပေမယ့်လို့ ဒီလို ကြာကြာထွက်ပြေးလို့ကတော့ စားရေးသောက်ရေး၊ ကျန်မာရေးအပိုင်းမှာ အခက်အခဲရှိလာနိုင်တယ်။

အခုထိတော့ ထွက်ပြေးတိမ်းရှောင်ကြတဲ့ ရွာသားတွေရဲ့ ဦးရေက မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ အခု ထွက် ပြေးတဲ့လူတွေက နေရာတစ်ခုထဲတင် မကဘူး။ အခြားရွာက ရွာသားတွေကလည်း ပါဝင်ပါတယ်။ အခုကတော့ ကျနော်တို့ စာရင်းပြုစုနေတုန်းပါပဲ။ ဒီညလောက်တော့ စာရင်းအတိအကျ ရမှာပါ။

မေး။ ။ အခု ဖြစ်ပွားနေတဲ့ အခြေအနေကို ဗဟိုကို အသိပေးတာ၊ သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆွေးနွေးတာတွေ ဘယ်လိုရှိသလဲ။

ဖြေ။ ။ ကျနော်တို့က တိုက်ပွဲဖြစ်မှာကို မလိုလားဘူး။ ဒါကြောင့် အဲဒီအဆင့်ထိ မရောက်ဖို့က ကျနော်တို့ အမျိုးမျိုး ကြိုးစားပြီး ပြောလို့ မရတဲ့အတွက် အခြေအနေက ဆိုးသထက်ဆိုးလာပြီး ပဋိပက္ခ အသွင်ဆောင်လာနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်လာနိုင် တယ်။ အဲဒါကြောင့် အားလုံးက ဒီအခြေအနေ၊ အမှန်အကန်ကို သိရှိဖို့အတွက် ကျနော်တို့ တပ်မဟာဘက်က သဝခ(KNLA ဗဟိုစစ်ဌာနချုပ်)ထံကို စာပို့ထားပြီးဖြစ်ပါတယ်။ ဒီဟာကိုလည်းပဲ ကျနော်တို့ခရိုင်ဘက်ကအနေနဲ့လည်း ဗဟိုအတွင်းရေးမှူးချုပ် ရုံးကို စာပို့ထားပြီးဖြစ်ပါတယ်။ ခရိုင်အားလုံးကိုလည်း အသိပေးထားပြီးပါပြီ။ အဲသလိုပဲ ပြည်သူတွေ သိရှိနားလည်ဖို့လည်း ကျနော်တို့ သတင်းဖြန့်ချိတာတွေ လုပ်တာရှိပါတယ်။

မေး။ ။ ဒီလို အခြေအနေမျိုးကို ဆက်လက်ဖြစ်ပေါ်မယ်ဆိုရင် ကေအဲန်ယူ မူတရော်ခရိုင်အနေနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားဖို့ ရှိလဲ။ 

ဖြေ။ ။ ဒီဟာတွေက ကျနော်တို့ အကုန်အသိပေးထားပြီးသားဖြစ်ပါတယ်။ ၂ဝ၁၂ခုနှစ်ကစပြီးတော့ ဗဟိုကို တင်ပြထားပြီး သား ဖြစ်ပါတယ်။ ဗဟိုဘက်ကလည်းပဲ အစိုးရနဲ့ တွေ့ဆုံဆွေးဆွေးကြတဲ့အခါမှာ မြန်မာအစိုးရကို အသိပေးထားပြီးသား ဖြစ်ပါ တယ်။ အောက်ခြေတပ်သားတွေကိုလည်း ကျနော်တို့ အကုန်အသိပေးထားပြီးသားပါ။ ဒါတွေကို ကျနော်တို့ အကုန်အသိပေး ထားပြီးမို့ သူတို့(စစ်တပ်)က မျက်စိစုံမှိတ်ပြီး ဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင်တော့ ကျနော်တို့နယ်မြေကို ကာကွယ်တဲ့အ နေနဲ့ကတော့ ကာကွယ်ရေးအပိုင်းမှာ တာဝန်ယူနေတဲ့ တပ်ပိုင်းဆိုင်ရာကနေပြီးတော့ လိုအပ်ချက်အရ သူတို့ တာဝန်ယူပါလိမ့် မယ်။ အခု တပ်ဘက်ကလည်းပဲ တာဝန်ယူနေပါပြီ။ လက်နက်နဲ့ဖြေရှင်းတာမဟုတ်ဘဲပေါ့။ စာနဲ့ ပေနဲ့ ပေးပို့ အသိပေးတာ၊ အသိပေးစာ လိုက်လံကပ်တာတွေ လုပ်ဆောင်တာ ရှိပါတယ်။ အဲဒါက မရဘူး။ မရတဲ့အပြင်ကို သူတို့(တပ်မတော်)က စစ်အင် အားနဲ့ လုပ်လာတယ်။ ဒါတွေကို ပြည်သူတွေ ခံစားလာရတဲ့အပေါ်မှာ ကျနော်တို့ တပ်ဘက်ကလည်းပဲ ပြည်သူနဲ့ နယ်မြေကို ကာကွယ်တဲ့အနေနဲ့ပေါ့။ စစ်ဘက်တာဝန်ကို ပိုမိုတာဝန်ယူရမှာဖြစ်ပါတယ်။

မေး။ ။ ဒီအခြေအနေတွေကြောင့် လက်ရှိ ကေအဲန်ယူနဲ့ အစိုးရတို့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထူးသဖြင့် NCA အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်သလဲ။

ဖြေ။ ။ ဒီဟာကို လုပ်ဆောင်တာ NCA အရ ကြည့်ရင် တည့်တည့်ကြီးကို သွားငြိနေပါတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ ကြား ကာလအချိန်အတောအတွင်းမှာ ကိုယ့်နေရော၊ သူ့နေရာနဲ့သူနေရမယ်။ အခုနေရာကလည်းပဲ ကျနော်တို့နေရာပဲဖြစ်ပါတယ်။ သူတို့သွားနိုင်ဖို့ ကျနော်တို့ သတ်မှတ်ထားတဲ့နေရာဆိုတာ ရှိပြီးသားပါ။ ကားနဲ့ဆိုရင် ဘယ်အထိရောက်အောင် သွားနိုင်လဲဆို တာ ကျနော်တို့ ပေးထားပြီးသားပါ။ အဲဒါကြောင့် NCA ထဲက အပိုဒ်တွေနဲ့သွားပြီး ငြိနေတာရှိပြီးသားပါ။ အခု ကျနော် စာအုပ်ကို ကြည့်ပြီး ပြောတာမဟုတ်တဲ့အတွက် အလုံးစုံ မပြောပြနိုင်တာ ဖြစ်ပါတယ်။

မေး။ ။ ၂ဝ၁၈ ခုနှစ်အတွင်းမှာ ကေအဲန်ယူ တပ်မတော် ၅ တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရတပ်မတော်တို့အကြားမှာ ထိတွေ့ပစ်ခတ်မှုတွေ ဘယ်နှစ်ကြိမ်လောက် ဖြစ်ပွားတာရှိပါသလဲ။ 

ဖြေ။ ။ ကြိုကြား၊ ကြိုကြားဖြစ်တာ ခဏခဏပါပဲ။ နယ်မြေတစ်ခုထဲမှာတော့ မဟုတ်ဘူးပေါ့။ အများစုဖြစ်တာကတော့ သတ် မှတ်နယ်မြေကို ကျော်လွန်ပြီး သွားတာကို အကြိမ်ကြိမ် သတိပေးလို့ မရတော့တဲ့အဆုံး သေနတ်သံပေါက်သွားတာရှိတယ်။ သတ်မှတ်နယ်မြေကို ကျော်လွန်ပြီး သွားလာလှုပ်ရှားတာကတော့ (တပ်မတော်ဘက်က) ခဏခဏ လုပ်ဆောင်နေပါတယ်။

မေး။ ။ အခုအခြေအနေအပေါ် ဘာများ ဖြည့်စွက် ပြောချင်လဲ။

ဖြေ။ ။ ဒီအခြေအနေကို အများက ကျနော်တို့ ပကတိ အခြေအနေအမှန်ကို ရှင်းရှင်းလင်းလင်း သိရှိနားလည်ပေးစေချင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားနိုင်ပါတယ်။ ကျနော်တို့ နယ်မြေခံကြောင့် မဟုတ်ပါဘူး။ အစိုးရစစ်တပ်ဘက်က နယ်မြေစိုးမိုးရေး အစီအစဉ်ကို စစ်ဆင်ရေး ပြင်ဆင်မှုကို ပိုမိုလုပ် ဆောင်လာတဲ့အပေါ် ကျနော်တို့ရဲ့ ရင်ဝယ်အထိ၊ ဘေးနားကပ်တဲ့အထိ ရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေက သေနတ်ပေါက်သံတွေ ဖြစ်ပွားလာနိုင်ပါတယ်။

အဲဒါကြောင့် ဒီအခြေအနေကို အမှန်တကယ်ဖြစ်လာပြီးဆိုရင် သေသေချာချာ နားလည်ဖို့တော့ လိုအပ်ပါတယ်။ ကျနော်တို့ဘက်က စတင်တာ မဟုတ်ဘူး။ ကျနော်တို့ အဲဒါကို လိုလားတာ မဟုတ်ပါ။ NCA က ရေးဆွဲထားတဲ့အတိုင်း ကျနော် တို့နယ်မြေမှာ တည်တည်ငြိမ်ငြိမ်နဲ့ နေထိုင်သွားချင်တယ်။ ဒါပေမယ့် သူတို့ဘက်က ဒါကို ချိုးဖောက်ပြီး ဒီလိုလုပ်ဆောင်တဲ့အ ပေါ်မှာ ပြည်သူတွေက ရှင်းရှင်းလင်းလင်း နားလည်ပေးဖို့လိုတယ်။ အများအားဖြင့် အစိုးရဘက်က အကြောင်းအရာ အများစုက ကျနော်တို့ဘက်က ချိုးဖောက်တာ သက်သက်ကိုပဲ စောင်းရေးလေ့ရှိတယ်။ အဲဒါကြောင့် ဒါကိုသိထားဖို့ လိုအပ်တယ်လို့ ကျနော် တို့က ပြောချင်တယ်။

 

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...