ပြည်သူကို ဒုက္ခပေးသော ဝန်ထမ်းများ မဖြစ်စေလို

ပြည်သူကို ဒုက္ခပေးသော ဝန်ထမ်းများ မဖြစ်စေလို

မွန်ပြည်နယ်တွင် ပြည်သူများ၏ တိုင်ကြားမှုမရှိခြင်းကြောင့် အခွန်တံဆိပ်ခေါင်း ကပ်နှိပ်ရောင်းချခြင်း မရှိသော ဆိုင်များကို ၂၀၁၇ ခုနှစ်တွင် ဒဏ်ရိုက်အရေးယူထားပြီး ၆ ဆိုင်မှအပ ထပ်မံ အရေးယူနိုင်ခြင်း မရှိသေးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး၏ ပြောကြားချက်မှတစ်ဆင့် သိရှိရသည်။

အဆိုပါစကားကို ကြားသိရသည့်အခါ တာဝန်သိသိ တိုင်ကြားခြင်းမရှိသော ပြည်သူများအပေါ် အားမလိုအားမရဖြစ်မိခြင်းနှင့် တစ်ဆက်တည်း တိုင်ကြားလာမှုမရှိဆိုသည့် အကြောင်းခြင်းရပ်ကြောင့်ဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိသေးသည့် ဝန်ထမ်းရေးရာ လုပ်ထုံးလုပ်နည်းအချို့အပေါ် ပြင်းထန်စွာ ဝေဖန်ရှုတ်ချလိုမိသည်။

တိုင်ကြားသူမရှိသေးခြင်းကြောင့် အရေးယူရန် အခွင့်မသာသေးကြောင်း အခြားအခြားသော ဌာနအချို့၏ ပြောကြားချက်များကိုလည်း ပြန်လည် ဆင်ခြင် သတိပြု အောက်မေ့လာမိသည်။

တိုင်းပြည်တစ်ခု၌ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတစ်ယောက်၏ အခွန်ထမ်းဆောင်မှု ပျက်ကွက်ခြင်းမှာ ပြည်သူအစ၊ ဝန်ထမ်း အလယ်၊ အစိုးရအဆုံး အားလုံး နစ်နာဆုံးရှုံးရခြင်းသာ ဖြစ်သည်။ သို့တစေ အခွန်ထမ်းရန် ပျက်ကွက်သူအပေါ် အရေးယူရန် နှောင့်နှေးကြန့်ကြာ နေခြင်းမှာ ပြည်သူပင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းပင်ဖြစ်စေ၊ အစိုးရအဖွဲ့ အစည်းတစ်ရပ်ရပ်အနေနှင့်ဖြစ်စေ မည်သို့မျှ မဖြစ်စကောင်း ကိစ္စအဖြစ် ရှုမြင်သုံးသပ်သည်။

ပြည်သူအနေဖြင့် အရပ်ရပ်သော အခွန်တော်တို့ကို ထမ်းဆောင်ပြီးပါက တာဝန်ကျေပြွန်ပြီးဖြစ်သလို အခြားတစ်ပါးသောသူ (သို့မဟုတ်) လုပ်ငန်း၊ အဖွဲ့အစည်းတစ်ရပ်ရပ်က အခွန်ထမ်းခြင်း မထမ်းခြင်းအပေါ် nစောင့်ကြည့်လေ့လာလျက် သတင်းပေးပို့ တိုင်ကြားရန်မှာ ပြည်သူ့ဘက်၌ လုံးလုံးလျားလျား တာဝန် မရှိချေ။

မွန်ပြည်နယ်ကို သာဓကဆောင်၍၊ ပြည်တွင်း အခွန်များဦးစီးဌာနကို ပဏာမခံ နိဒါန်းပျိုး အကြောင်းပြု၍ ယခုကဲ့သို့ ရေးသားဖော်ပြစေကာမူ ယင်းဌာနတစ်ခုတည်းကိုသာ ကွက်၍ ဆိုလိုရည်ညွှန်းသည် မဟုတ်မူဘဲ အခြားတပါးသော ဌာနဆိုင်ရာများအားလုံးကိုလည်းတစ်ပါတည်း ရည်ညွှန်းဆိုလိုသည်။

ပြည်တွင်း အခွန်များဦးစီးဌာနအနေဖြင့်လည်း ယခုဘဏ္ဍာရေးနှစ်၊ ပြီးခဲ့သည့် ၂၀၁၇ တစ်နှစ်တာအတွင်း ရရှိခဲ့သည့် အခွန်တော်မှာ ယခင်ထက်များစွာ ပိုမိုကောက်ခံနိုင်ခဲ့ကာ နိုင်ငံတော်ဘဏ္ဍာသို့ ဖြည့်တင်းနိုင်ခဲ့ကြောင်းသိရ၍ လေးစားဂုဏ်ယူခြင်းများစွာ ဖြစ်ရပေသည်။

အခွန်ထမ်းရန် တာဝန်ရှိသူချင်းအတူတူ လုပ်ငန်းရှင်ဘက်က ပျက်ကွက်လျှင် ယင်းသည် ဥပဒေကို မထီမဲ့မြင် ပြုခြင်းဖြစ်သကဲ့သို့ ပြည်သူ့အပေါ် ဝန်ထုပ်ဝန်ပိုး ပိစေကာ တစ်ဖက်တစ်လမ်းမှ ဒုက္ခပေးခြင်းသာဖြစ်ကြောင်း သုံးသပ်ယူဆသည်။ ပြည်သူကို ဒုက္ခပေးသောသူ၊ မည်သူ့ကိုမဆို ပြစ်ဒဏ်ခတ် အရေးယူရန် ကြန့်ကြာခြင်းနှင့် ပျက်ကွက်ခြင်းဖြစ်ပေါ်လာပါက ယင်းသည်လည်း ပြည်သူကို တစ်နည်းအားဖြင့် သွယ်ဝိုက်၍ ဒုက္ခပေးခြင်းဟုသာ ယုံကြည်ယူဆရန် အကြောင်းရှိသည်။

သို့ဖြစ်၍ မည်သည့်ဌာနမှမဆို ပြည်သူ့ဝန်ထမ်းဟုဆိုစေ၊ အစိုးရဝန်ထမ်းဟု ဆိုစေ၊ နိုင်ငံ့ဝန်ထမ်းဟု ဆိုစေ၊ မည်သို့ပင်ဆိုစေကာမူ ပြည်သူနှင့်အတူ ရှိနေသည်ဟူသော ကာလတစ်ခု၌ ပြည်သူကို ဗူးလေးရာ ဖရုံဆင့်စေသော မည်သည့် လူတန်းစားကိုမဆိုအား ပြစ်ဒဏ်ခတ်အရေးယူရန် မကြန့်ကြာ မနှောင့်နှေး မပျက်ကွက်စေလိုကြောင်း ပြည်သူ့အကျိုးကို ရည်မျှော်လျက် ဌာနဆိုင်ရာအရပ်ရပ်မှ ဝန်ထမ်းအားလုံးကို ရိုသေလေးစားစွာ တိုက်တွန်းရေးသား ဖော်ပြလိုရင်းဖြစ်သည်။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...