“ရံပုံငွေအရ အခက်အခဲရှိလာတဲ့အချိန်မှာ လူနာလွှဲပြောင်းဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေအတွက် ပိုပြီးတော့ ကသိကအောက်ဖြစ်ရတယ်” - မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

“ရံပုံငွေအရ အခက်အခဲရှိလာတဲ့အချိန်မှာ လူနာလွှဲပြောင်းဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေအတွက် ပိုပြီးတော့ ကသိကအောက်ဖြစ်ရတယ်” - မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် နယ်စပ်ဒေသတစ်လျှောက်တွင် အခြေချပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာများကို ဝန်ဆောင်မှုပေးနေသည့် အဖွဲ့အစည်းများသည် ၂ဝ၁၂ ခုနှစ် နောက်ပိုင်းမှစတင်ကာ နိုင်ငံတကာ ထောက်ပံ့မှုများ  လျော့နည်းလာမှုနှင့် ဖြတ်တောက်ခံရမှုများကို ကြုံတွေ့လာရသည်။ ထိုအထဲတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားအပါအဝင် အနယ်နယ်အရပ်ရပ်ရှိ လူမျိုး၊ ဘာသာမရွေး အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှု ပေးနေသည့် မယ်တော်ဆေးခန်းလည်း အပါအဝင်ဖြစ်သည်။ 

နိုင်ငံတကာအကူအညီများ လျော့နည်းလာပြီး ရံပုံငွေအခက်အခဲရှိလာသောကြောင့် မယ်တော်ဆေးခန်း၏ အသုံးစရိတ်ကို ၂၅ ရာခိုင်နှုန်းထိ လျှော့ချလိုက်ရသည့်အတွက် အချို့သော ကျန်းမာရေး ဝန်ဆောင်မှုအပိုင်းတွင် အကျိုးသက်ရောက်မှု ရှိလာသည်ဟု သိရသည်။ ဆေးခန်း၏ လတ်တလော ရံပုံငွေ အခြေအနေ၊ ဆေးခန်း၏ လည်ပတ်မှု အခြေအနေများကို ဆေးခန်းတာဝန်ခံဖြစ်သူ ဒေါက်တာ စင်သီယာမောင်အား သွားရောက် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါ သည်။ 

မေး။ ။ လက်ရှိ မယ်တော် ဆေးခန်းရဲ့ နောက်ဆုံး ဘတ်ဂျက်(အသုံးစရိတ်) လည်ပတ်မှု အခြေအနေကို သိပါရစေ။ 

ဖြေ။ ။ ၂၀၁၈ အတွက်ပေါ့နော်။ ရံပုံငွေက ပြည့်မှီချက် မရှိသေးတဲ့အခါမှာ ကျမတို့ အောက်တိုဘာ ၊ ဒီဇင်ဘာ အထိပေါ့နော်။ ဒီကာလသုံးလထဲကမှာတော့ ကျမတို့  ၂၀၁၈ ရဲ့ လျာထားချက် (၁၅)ရာခိုင်နှုန်း လောက်ကို နိုင်ငံတကာအလှူရှင်အသစ်ပေါ့နော်။ တချို့ကလည်း ကျမတို့ကို အရင်တုန်းက ပေးနေပေမယ့်လို့ တစ်ကြိမ်စာ၊ တစ်ခေါက်စာပေါ့။ နှစ်စဉ်ပေးတဲ့အလှူရှင်တွေ မဟုတ်ဘဲ နဲ့ တချို့ကျတော့လည်း  တစ်ကြိမ်စာ၊ တစ်ခေါက်စာ ပေါ့နော်။ တချို့လည်း နှစ်နှစ် သုံးနှစ် commitment နဲ့ ပေးတဲ့အလှူရှင်တွေပေါ့နော်။ အားလုံးပေါင်းလိုက်ရင်တော့ ကျမတို့ (၁၅) ရာခိုင်နှုန်းလောက် ပြန်ပြီး ပြည့်မှီတယ်။ နောက်ပြီးတစ်ဦးချင်းရဲ့ အလှူရှင်တွေကလည်းပါဝင်ထည့်ဝင် လာလို့ အားလုံးပေါင်းလိုက်ရင်ပေါ့နော်။

မေး။ ။ နိုင်ငံတကာ အကူအညီတွေ  လျော့နည်းလာမှု အခြေခံပြီး ဆေးခန်းအသုံးစရိတ်အချို့ လျှော့ချခဲ့ရတဲ့အတွက် ဆေးခန်းရဲ့  ကျန်းမာရေး ဝန်ဆောင်မှုနဲ့ ဝန်ထမ်းလုပ်သား တွေအပေါ် သက်ရောက်မှု ဘယ်လို ရှိပါသလဲ။ 

ဖြေ။ ။ ဒီရံပုံငွေအကန့်အသတ်ရှိတဲ့အပေါ်မှာတော့ ကျမတို့ လုပ်ငန်းစဉ်ကို ပြန်ပြီး သုံးသပ်တဲ့အခါကျတော့ တချို့သော လုပ်ငန်းစဉ်တွေကို အခြားသောအဖွဲ့အစည်းသို့မဟုတ် အခြားသော ဌာနတွေနဲ့ပေါ့နော်။ ကျမတို့ပြန်ပြီးလွှဲပြောင်းတာတို့ ၊ ဆက်စပ်ဆောင်ရွက်တာတို့ ပေါ့နော် ။ အထူးသဖြင့် ဒီ HIV ကုသဆေးနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းက ထိုင်းအစိုးရ ဆီကနေပြီးတော့ တချို့ရတယ်။ အလှူရှင်ဆီကနေလည်း တစ်ချို့ရတယ်။ ဒါပေမယ့် ထိုင်းအစိုးရကလည်း သူတို့ရရှိနေကျ ရွှေ့ပြောင်းလူထုအတွက် Fund မရှိတော့တာရယ်။ ကျမတို့ အလှူရှင်ကလည်း လက်ရှိမှာတော့ ဒီ HIV/ART ဆေးတွေကို ပေးဖို့ ဆက်ပြီးမသေချာတော့တဲ့ အပေါ်မှာ စပြီးတော့ ဒီ ART ဆေးတွေ ရရှိဖို့ကို မြဝတီမှာရှိတဲ့ IOM တို့ ၊ မြဝတီဆေးရုံ တို့နဲ့ ပုံမှန်ဆက်သွယ်ဆောင်ရွက်ပြီးတော့ ဒီကုသမှုရရှိအောင် ကြိုးစားနေတယ်။ သို့သော်လည်း အားလုံးကိုတော့ မရသေးဘူးပေါ့နော်။ မြဝတီဆေးရုံမှာရှိတဲ့အကန့်အသတ်ရယ်၊ ဒီမှာရှိတဲ့ လူနာအကန့်အသတ်ပေါ်မှာ မူတည်ပြီးတော့ တစ်နေ့ကိုပေါ့  လူနာအသစ်ကော အဟောင်းကောပေါ့။ ကျမတို့ စပြီးလွှဲပြောင်းနေတယ်။

နောက်တစ်ပိုင်းကတော့ မဲဆောက်ဆေးရုံလွှဲပြောင်းတဲ့ကိစ္စမှာတော့ အရေးပေါ်အခြေအနေက လွဲပြီးတော့ ကျန်တဲ့ပုံမှန် အရေးပေါ်မဟုတ်တဲ့ အခြေအနေတွေကိုတော့ ကျမတို့ လွှဲပြောင်းမကုသနိုင်တော့ဘူး။ ကိုယ်ဝန်ဆောင်မိခင် ၊ သားဖွားမိခင်တွေ အရေးပေါ်အခြေအနေမှာဆိုရင်တော့ မဲဆောက်ဆေးရုံလွှဲပြောင်းနိုင်တယ်။ အရေးပေါ် မဟုတ်တဲ့ အခြေအနေဆိုလို့ရှိရင် မြဝတီဆေးရုံပြန်ပြီးလွှဲပြောင်းနိုင်ဖို့ အခု လက်ရှိ အခြေအနေက ပုံမှန်ထိတွေ့ဆက်ဆံပြီးတော့ ဒီအစည်းအဝေးတွေ ထိုင်ပေးနေတာတော့ ရှိတယ်ပေါ့နော်။ သို့သော်လည်း လူနာအကန့်အသတ်အခက်အခဲရယ်၊ နောက် မြဝတီဆေးရုံမှာရှိတဲ့ အခက်အခဲတွေရယ်ကြောင့် ကျမတို့အားလုံးကိုတော့ မလွှဲနိုင်သေးဘူးပေါ့နော်။ 

နောက်တော့ ဒီဓာတ်ခွဲခန်း စမ်းသပ်မှုတွေ ဆိုလို့ရှိရင်လည်း တချို့သော နာတာရှည်လူနာတွေ ပေါ့နော်။ ဥပမာ-ဆီးချိုတို့ ၊ သွေးတိုးတို့ ၊ ဓာတ်မှန်ရိုက်တာတို့ ဒါမျိုးစမ်းသပ်မှုတွေ ဆိုလို့ရှိရင် မဲဆောက်ဆေးရုံကို ကျမတို့ အများကြီး ပို့ရတဲ့အခါမှာ ကုန်ကျစရိတ်တွေ ရှိတဲ့အခါကျတော့ ဒီမဲဆောက်ဆေးရုံကို လွှဲပြောင်းရမယ့် ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမျိုးဆိုလို့ရှိရင်တော့ လူနာတွေထဲက ပါဝင်ထည့်ဝင်မှုတွေကို ကျမတို့ ကောက်ခံတာရှိတယ်။ 

နောက်တစ်ချိန်တည်းမှာဘဲ ဒီမယ်တော်ဆေးခန်းမှာရှိတဲ့ ခွဲစိတ်ဌာနပေါ့။ ခွဲစိတ်ဌာနမှာအရေး ပေါ်အခြေအနေ ဆိုရင် ကျမတို့ မြဝတီနဲ့မဲဆောက်ဆေးရုံကို လွှဲပြောင်းပေးတယ်။ အရေးပေါ်အခြေ အနေမဟုတ်ဘဲနဲ့ မယ်တော် ဆေးခန်းမှာ ခွဲစိတ်မယ်ဆိုရင်တော့ လူနာတွေရဲ့ ပါဝင်မှုပေါ့ (၂၅) ရာခိုင်နှုန်းကို ကျမတို့ ပြန်ပြီးတော့ ကောက်ခံတယ်။ မျက်စိခွဲစိတ်ကုသမှုတွေ ပါတယ်။ 

နောက်တော့ ခွဲစိတ်ဌာနပေါ့နော်။ ဒါကတော့ လုပ်ငန်းပိုင်းဆိုင်ရာအရ အခြေအနေ ပြောင်းလဲ မှုပေါ့နော်။ သို့သော်လည်း တချို့သော ဝန်ဆောင်မှုတွေကို ပြန်ကြည့်တဲ့ အခါကျတော့ ကျမတို့ ဆက်လက်ပြီးတော့ ဝန်ဆောင်မှုကို မပေးနိုင်ဘူး ဆိုလို့ရှိရင်လည်း ကျမတို့ လျှော့ချရတာရှိတယ်။ အထူးသဖြင့် လူနာတွေရဲ့ စားသောက်မှုပေါ့နော်။ လူနာကတော့ ကျမတို့ ပုံမှန်အတိုင်းဆက်ကျွေးတယ်။ သို့သော်လည်း လူနာစောင့်တွေကိုတော့ ယခင်ကအတိုင်း မကျွေးနိုင်ဘဲနဲ့ ထမင်း တစ်မျိုးကိုတော့ ကျမတို့ ဆက်လက်စီစဉ်တယ်။ ဟင်းရဖို့ ကိစ္စကိုတော့ လူနာက သူနည်းသူ့ဟန်နဲ့ သူဖြေရှင်းရတယ်ဆိုတာမျိုးပေါ့နော်။ 

နောက် ကျမတို့ ဒီကုန်ကျစရိတ်ထဲမှာလည်း ဝန်ထမ်းစရိတ်ပေါ့။ ဝန်ထမ်းစရိတ်ဆိုလို့ရှိရင်တော့  လက်ရှိ လစာရဲ့ (၂၀) ရာခိုင်နှုန်း ကျမတို့ လျှော့ချထားတာ အခုလက်ရှိ အထိတော့  ပြန်ပြီးတော့ Review လုပ်တဲ့အချိန်မှာတော့ အခုလက်ရှိ အထိ (၂၀) ရာခိုင်နှုန်းကို ပြန်တင်ပေးနိုင်တဲ့ အခြေအနေတော့ မရှိသေးဘူး။ ဒီအပေါ်မှာ လည်း တချို့သော ဝန်ထမ်းတွေက ယခင်ကလည်း အစီအစဉ်ရှိထားသလိုပေါ့နော်။ တချို့ကတော့ ဒီနိုင်ငံရေးအခြေအနေ ပြောင်းလဲကတည်း က ကိုယ့်ရပ်ကိုယ့်ရွာဒေသမှာ ပြန်ပြီး တာဝန်ထမ်းဆောင်မယ်ဆိုလို့ရှိရင်လည်း ကျမတို့က သက်ဆိုင်ရာ သူ့ဒေသမှာ ရှိနေတဲ့ ကျန်းမာရေးဌာနတွေနဲ့ ပြန်ဆက်သွယ်ပြီးတော့ သူတို့ကို အဲဒီမှာ ပြန်အလုပ်လုပ်နိုင်ဖို့ စီစဉ်တာ ရှိသလို တချို့သော ဝန်ထမ်း တွေကလည်း သူတို့အခက်အခဲရှိတဲ့အပေါ်မှာ၊ ဒီလုပ်ငန်းအပေါ်မှာလည်း သူတို့ သံယောဇဉ်ရှိတဲ့အပေါ်မှာတော့ ဆက်လက်ပြီးတော့့ ကူညီချင်တဲ့အပေါ်မှာ အချိန်ပိုင်းပေါ့။ ဆက်လက်တာဝန်ထမ်းဆောင်ပြီးတော့ တခြားအချိန်ပိုင်း ကိုတော့ တခြားအဖွဲ့အစည်းမှာ သို့မဟုတ် ဆောင်ရွက်နေတာမျိုးတွေလည်း ရှိပါတယ်။ 

မေး။ ။ မယ်တော်ဆေးခန်းအနေနဲ့ အခု ၂၀၁၈ အတွက် လျာထားတဲ့ ဘတ်ဂျက် ကုန်ကျမှုနဲ့ ရှိထားတဲ့ ရံပုံငွေက ကာမိနိုင်ဖို့ အပိုင်းမှာ ဘယ်လိုရှိပါသလဲ။ 

ဖြေ။ ။ ကျမတို့ ရံပုံငွေအပိုင်းပြောမယ်ဆိုရင်တော့ ပြည်တွင်းလုပ်ငန်းစဉ်နဲ့ ထိုင်းဘက်မှာ ရှိတဲ့လုပ်ငန်းစဉ်ပေါ့နော်။ ထိုင်း ဘက်မှာရှိတဲ့လုပ်ငန်းစဉ်အရကတော့ အထူးသဖြင့်တော့ ကျောင်းရယ်၊ သင်တန်းရယ်၊ ဆေးခန်းရယ်ပေါ့နော်။ နောက် ဘော်ဒါဆောင်တွေပေါ့။ ဒီကလေးတွေ အားလုံးပေါင်း ထိုင်းနိုင်ငံမှာ (၂၀၀၀) ရှိတယ်။ ကျမတို့ ဆက်လက်ပြီးတော့ ရိက္ခာခြောက်ကူညီတာတွေ ၊ ကလေးအခွင့်အရေး ကာကွယ် စောင့်ရှောက်မှု မူဝါဒတွေ၊ နောက်သူတို့ရဲ့ စံနှုန်းစံထား တွေကို ဆက်လက်ပြီးတော့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်အရဆိုရင်တော့ ဒီထိုင်းနိုင်ငံထဲမှာတော့ ကျမတို့ရဲ့ ကုန်ကျစရိတ်ကတော့ ဘတ်သန်း (၈၀)လောက်လျာထားတဲ့အပေါ်မှာ အခု ပြည့်မှီမှုက (၆၀)လောက်ပြည့်မှီမယ်လို့ ကျမတို့ လျာထားတယ်။

လက်ရှိ အနေအထားမှာ ပြည်တွင်းလုပ်ငန်းစဉ်အနေနဲ့ပတ်သက်လို့ကတော့ ပြည်တွင်း လုပ်ငန်းစဉ်ကတော့ နည်းနည်းကျယ်ပြန့်တာကတော့ မယ်တော်ဆေးခန်းတဖွဲ့ချင်းအနေနဲ့ လုပ်တာမျိုးမဟုတ်ဘဲနဲ့ လက်ရှိကတော့ ကျမတို့ Partner (မိတ်ဖက် အဖွဲ့အစည်း) ၈ ဖွဲ့ပေါ့နော်။ ကရင် ကျန်းမာရေးဌာန၊ မွန်၊ ရှမ်း၊ ကရင်နီပေါ့။ နောက်တော့ Back Pack (နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့)၊ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း ၊ ကျမတို့ မယ်တော်ဆေးခန်း နောက်တော့ ပအိုဝ်း ပါဝင်တယ်။ ၈ ဖွဲ့ကနေပြီးတော့ ကျန်းမာရေး စနစ်တည်ဆောက်မှုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အရည်အသွေးမြှင့် တင်မှုလုပ်ငန်းစဉ်တွေ ၊ ဒီအရည်အသွေးကြီးကြပ်တဲ့ လုပ်ငန်းစဉ်တွေနဲ့တချိန်တည်းမှာဘဲ ကျေးလက်ဒေသ အခြေပြုပေါ့ နော်။ ဒီသူ့ရဲ့ဖွဲ့စည်းပုံနဲ့ ဝန်ထမ်းအင်အားကို ကျမတို့ အဓိကထားပြီးတော့ စီစဉ်ဆောင်ရွက်နေတာရှိတယ်။ 

ဒီလုပ်ငန်းတွေနဲ့ပတ်သက်လို့ကတော့ လုပ်ငန်းစဉ်ဆောင်ရွက်နေတဲ့ ကျမတို့ လက်ရှိလိုအပ်မှုရှိနေတဲ့ ဆေးဝါး တွေ၊ နောက်တော့ ဒီလုပ်ငန်းစဉ် အကောင်အထည်ဖော်တဲ့ ရံပုံငွေတွေနဲ့ပတ်သက်လို့ကတော့ ဒါက ကျမတို့ တစ်စုံလုံးကိုတော့ လွှမ်းခြုံနိုင်တာမရှိဘူး။ သူ့ဒေသနဲ့ သူလည်း သူ့ဒေသဆိုတာကတော့ ကရင်ဖြစ်စေ၊ မွန်ဖြစ်စေပေါ့နော်။ သူ့ဒေသနဲ့သူ စီမံခန့်ခွဲထားတဲ့ ရံပုံငွေတွေကလည်း တစုံတရာ ရှိမယ်။ ဟိုပြည့်မမှီတဲ့ ရံပုံငွေတွေကို စုပေါင်းပြီးတော့ ဆောင်ရွက်တဲ့အလုပ်တွေမှာ ကျမတို့ ဆက်ကြိုးစားတာ ရှိတဲ့အတွက်ကြောင့် အဲဒီဘက်မှာလည်း ရံပုံငွေတချို့ကိုတော့ ရရှိထားတာရှိတယ်။ သို့သော်လည်း ခန့်မှန်းခြေအရဆိုရင် လျာထားတဲ့ ရံပုံငွေရဲ့ တစ်ဝက်လောက်ကိုတော့ ပြည့်မှီနိုင်မယ်လို့ ကျမတို့ ထင်တယ်။ 

မေး။ ။ အခု သိရတာက ဆက်လက်ပြီးတော့ ပေးနေတဲ့အလှူရှင်တွေ ရှိတယ်။ အခု ဆက်ပေးနေတဲ့အလှူရှင်တွေက  ဘယ်သူတွေလဲ။ 

ဖြေ။ ။ ဆက်လက်ပြီးကူညီတဲ့ ဒိုနာတွေကတော့ တစ်ချို့အစိုးရအဖွဲ့အစည်းတွေလည်း ရှိပါတယ်။ လက်ရှိမှာတော့ Canadian အစိုးရရဲ့ ရံပုံငွေကတော့ ၁၉၉၄ ကတည်းက ပေါ့နော်။ ဒီနယ်စပ်ဒေသအခြေပြုပြီးတော့ တိုင်းရင်းသားဒေသ တွေရဲ့ ကျန်းမာရေး စနစ်တည်ဆောက်မှုမှာ တစ်စိုက်မတ်မတ်ပါဝင်လာတာ Canadian အစိုးရရဲ့ ရံပုံငွေက သက္ကရာဇ် (၂၀၀၀)အထိပေါ့။ ဒီ(၅)နှစ် သက်တမ်းနဲ့ ကျမတို့ အတည်ပြုထားတာရှိတယ်ဆိုတော့ ကနေဒါအစိုးရဆီက ရံပုံငွေရှိတယ်။

နောက် လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာရှိတဲ့ NGO၊ Register လုပ်ထားတဲ့ Suwannimit Foundation (စူဝမ်နီမစ် ဖောင်ဒေးရှင်း)နဲ့ မယ်တော်ဆေးခန်းအနေနဲ့ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ Embassy (သံရုံး) တွေကို အမြဲချဉ်းကပ်ပြီးတော့ ရံပုံငွေမြှင့်တင်ရေးတွေကို ဆောင်ရွက်တဲ့အခါမှာ အခုလက်ရှိမှာတော့ ထိုင်းနိုင်ငံထဲမှာအခြေပြုပြီးတော့ သူတို့ရဲ့ အစိုးရရဲ့ ရံပုံငွေတွေကို ရရှိဖို့အတွက် ၀ိုင်းပြီးတော့ ကူညီနေတဲ့အဖွဲ့ကတော့ ထိုင်ဝမ်ပေါ့နော်။ သူတို့  Taipai Social and Culture Office ပေါ့။ ဒီ Office ကနေပြီး တော့ Ministry of foreign affair ဆီက Fund နဲ့ ကျမတို့ကို ဆက်ပြီးတော့ ကူညီပံ့ပိုးတာရှိတယ်။ နောက် (Luxebourg Embassy) ကလည်း ကျမတို့နဲ့ Suwannimit Foundation နဲ့တွဲပြီးတော့ Embassy တွေဆီက ရံပုံငွေရရှိဖို့ကိုတော့ ဆက်လက်ပြီးတော့ အထူးသဖြင့်တော့ ဒီကျန်းမာရေး ၊ ပညာရေးနဲ့ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ကိစ္စတွေကို ပူးပေါင်းပြီးတော့ ရံပုံငွေတွေ ရရှိနိုင်ဖို့လည်း ကြိုးစားတယ်။ သူတို့လည်း ဆက်လက်ပြီးတော့ ကူညီနေတယ်ပေါ့နော်။ 

နောက် အစိုးရ အဖွဲ့အနေနဲ့ကတော့ ဂျပန်အစိုးရပေါ့။ သူတို့တွေက နှစ်ရှည်နဲ့ သွားတာမျိုးတော့ မဟုတ်ဘဲနဲ့ တစ်နှစ်တစ်နှစ်ချင်းပေါ့နော်။ ကျမတို့က ဦးစားပေးလိုအပ်တဲ့ လုပ်ငန်းစဉ်ပေါ်မှာ မူတည်ပြီးကျမတို့ ကို ဆက်လက်ပြီးတော့ ကူညီပေးတာ ရှိပါတယ်။ ဒါကတော့ ဒီထိုင်းနိုင်ငံကို အခြေပြုတဲ့ Embassy တွေကတစ်ဆင့်ကနေရှိတဲ့ ရံပုံငွေတွေဖြစ်တယ်။ ထိုင်းအစိုးရ အနေနဲ့ကတော့ ရံပုံငွေ အရ မဟုတ်ပဲနဲ့ ပစ္စည်းကိရိယာတွေကိုတော့ပိုပြီးတော့ ရှိလာတယ်။ အစိုးရပိုင်းကျတော့ လက်ရှိ ထိုင်ဝမ်ရယ်၊ ဂျပန်ရယ်၊ ဒီထိုင်းနိုင်ငံရယ်ပေါ့နော်။ 

သို့သော်လည်း ရံပုံငွေရဲ့ ပမာဏ အရ ကြည့်မယ်ဆိုရင်တော့ မြင့်မြင့်မားမားရှိတာကတော့ အရင်က US အစိုးရပေါ့။ ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလမှာ စပြီးတော့ US အစိုးရရဲ့ရံပုံငွေက ဒီဘက်ကနေ စီမံခန့်ခွဲတဲ့အစီအစဉ်တွေက ရပ်တန့်သွားပြီး တော့ ပြည်တွင်းကနေပြီးတော့ ပြန်ပြီးတော့ ရယူရတဲ့ ကိစ္စမျိုးရှိတဲ့အတွက်ကြောင့် ပြည်တွင်းထဲမှာရှိတဲ့ လုပ်ငန်းစဉ်တွေအတွက်တော့ အချို့သော လုပ်ငန်းတွေကို ကျမတို့ရယူနိုင်အောင် ကြိုးစားတာရှိတယ်။ ဆိုတော့ အရင်တုန်းကတော့ မယ်တော်ဆေးခန်းရဲ့ ရံပုံငွေ ၆ဝရာခိုင်နှုန်းလောက်သည် အစိုးရတွေဆီက ဖြစ်တယ်။ အခု ၂ဝ၁၈မှာဆိုရင်တော့ ၂၅ ရာခိုင်နှုန်းလောက် အစိုးရတွေရှိက ဆက်ရှိမယ်လို့ ကျမတို့ ခန့်မှန်းရပြီးတော့ ကျန်တာတွေကတော့ အစိုးရ မဟုတ်သော အခြားဖောင်ဒေးရှင်းက ပေါ့နော်။ 

မေး။  ။ အလှူရှင်တွေက ဘယ်အချက်တွေကြောင့် မယ်တော်ဆေးခန်းကို ဆက်လက်ကူညီပါသလဲ။

ဖြေ။ ။ အထူးသဖြင့်တော့ ကျန်းမာရေးနဲ့ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု၊ ပညာရေးပေါ့နော်။ ဒီအပေါ်မှာ အခြေခံပြီးတော့ နံပါတ်(၁)တစ်ချက်ကတော့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီဆိုပြီးတော့ ဒါဆက် လက်ပြီးတော့ ဒီနယ်စပ်မှာ လိုအပ်နေတယ်။ ဘာဖြစ်လဲဆိုတော့ လူဦးရေ ရွှေ့ပြောင်းမှုတွေ ဆက်ရှိနေသလို နိုင်ငံမဲ့ ကိစ္စတွေကို ဖြေရှင်းလို့ မရသေးတာတွေရှိတယ်။ 

တစ်ချိန်တည်းမှာဘဲ ထိုင်းနိုင်ငံမှာဖြစ်စေ၊ မြန်မာနိုင်ငံမှာဖြစ်စေ အထူးသဖြင့်တော့ နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသား ဒေသမှာဆိုရင် အစိုးရတွေရဲ့ ကျန်းမာရေးစနစ်ကို လက်လှမ်းမမှီနိုင်သေး တဲ့လူထုတွေကလည်းအများကြီးရှိ နေသေးတဲ့ အပေါ်မှာ နယ်စပ်မှာ ရှိတဲ့ တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေ ၊ ဒီ CSOတွေကို ကျမတို့ ဆက်လက်ပြီးတော့  ဒီစနစ်တည်ဆောက်မှုမှာ ဆက်လက်ပါဝင်နိုင်ဖို့အတွက် အားပေးအားမြောက် ကူညီတာလည်းဖြစ်တယ်။ 

တစ်ချိန်တည်းမှာဘဲ မယ်တော်ဆေးခန်းအနေနဲ့ဆိုလို့ရှိရင် ဒီထိုင်းနိုင်ငံမှာဆက်လက်ပြီးတော့ စီမံဆောင်ရွက်နေတဲ့ အချိန်မှာ ထိုင်းဘက်က အစိုးရ၊ ထိုင်းဘက်က CSO တွေနဲ့ကော ၊ မြန်မာဘက်က CSO တွေနဲ့ကော ကျမတို့က ပူးပေါင်းဆောင်ရွက်ရတဲ့ဒီကြားခံအနေနဲ့ဘဲဖြစ်ဖြစ် ဒါမှမဟုတ် ဆက်စပ်ဆောင် ရွက်တဲ့အထဲမှာအရေးကြီးတဲ့ ကဏ္ဍအနေနဲ့ဘဲဖြစ်ဖြစ်ပေါ့နော်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်၊ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးစနစ်လို့တော့ ပြောတဲ့အချိန်မှာ ဒီရွှေ့ပြောင်းလူထုတို့ ဒီလက်မှတ်မရှိတဲ့လူတို့ Stateless ( နိုင်ငံမဲ့) ကိစ္စတွေက နိုင်ငံတကာမှာဖြစ်စေ လူတွေက အသိနည်းကြတယ်။ 

အဲဒီအပေါ်မှာ ပိုပြီးတော့ အကာအကွယ်မဲ့တဲ့ လူအုပ်စုအတွက်ကို အဓိက ထားပြီး ကူညီဆောင်ရွက်မယ်ဆိုရင်တော့ ဒါက မယ်တော်ဆေးခန်းနဲ့ ဒီနယ်စပ်မှာရှိတဲ့ CSO တွေရဲ့အခန်းကဏ္ဍကိုလည်း သူတို့က ဆက်လက်ပြီးတော့ ပံ့ပိုးချင်တဲ့အတွက်ကြောင့် မို့လို့။  နယ်စပ်ဒေသတွေရဲ့အခြေအနေနဲ့ ရွှေ့ပြောင်းလူထုရဲ့အခြေအနေ၊ နောက် ပြည်တွင်း ဒုက္ခသည်အခြေအနေတွေကိုလည်း သူတို့က မျက်ခြေမပြတ်ဘဲနဲ့ သူတို့က တစိုက်မတ်မတ် လေ့လာဆန်းစစ်ပြီးတော့ လည်း ကျမတို့နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ 

မေး။ ။ နောက်ပြီးတော့ အခု မယ်တော်ဆေးခန်းမှာ လာရောက်ဆေးကုသမှုခံယူတဲ့ လူနာက အရင်က နှုန်းထားနှင့် အခု နှုန်းထားက ဘယ်လို ကွာဟမှု ရှိလာပါသလဲ။ 

ဖြေ။ ။ လူနာတွေကို ချုပ်ပြီးတော့ ပြောမယ်ဆိုလို့ရှိရင်တော့ ပြင်ပလူနာရဲ့အခြေအနေကတော့ လူဦးရေက တဖြည်းဖြည်းနဲ့က ၅ ရာခိုင်နှုန်း ၂ ရာခိုင်နှုန်း စသဖြင့် နည်းသွားတယ်။ သို့သော်လည်း ဌာနတစ်ခုနဲ့ တစ်ခုနဲ့တော့ မတူဘူးပေါ့။ တစ်ချို့ဌာန က တော့ နည်းနည်း နည်းလာတယ်။ တစ်ချို့ဌာနက တော့ ပိုပြီးတော့ များလာတာမျိုးရှိတယ်။ အတွင်းလူနာအနေနဲ့ကျ တော့ သိပ်ပြီးတော့ ကြီးကြီးမားမား ပြောင်းလဲမှု မရှိသေးဘူး။ ဘာဖြစ်လဲဆိုတော့ ပြန်ပြီးတော့ ခြုံငုံသုံးသပ်တယ်ဆိုလို့ရှိရင် တော့ ရွှေ့ ပြောင်းလူထုတွေဖြစ်စေ၊ ပြည်တွင်းမှာရှိတဲ့ မယ်တော်ဆေးခန်းကို လာပြီးကုသခံတဲ့ လူနာတွေဖြစ်စေ သူတို့နဲ့ နီးစပ်တဲ့ နေရာမှာ သူတို့ပိုပြီးတော့ လက်လှမ်းမှီသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့်တော့ ဒီထိုင်းနိုင်ငံမှာ ဆိုရင်တော့ အလုပ်သမားလက်မှတ်တွေပေါ့နော်။ ရရှိတဲ့ လူတွေကလည်း သူတို့နဲ့ နီးစပ်ရာ ထိုင်းဆေးရုံတွေကို သွားလို့ရ တယ်။ 

သို့သော်လည်း ဆက်လက်ပြီးတော့ များနေရတဲ့အကြောင်းကလည်း ကျမတို့ရဲ့ လူနာတွေတောမှာဆိုရင် လက်မှတ်ရှိတဲ့ သူက (၂၀)ရာခိုင်နှုန်းထက်နည်းတယ်။ ကျန်တဲ့ (၈၀)ရာခိုင်နှုန်းလောက်က သူတို့ရဲ့ မိသားစုတွေ၊ ကလေးတွေ ၊ အ ထောက်အထားမဲ့ ကျန်းမာရေးအာမခံမရှိတဲ့သူတွေဘဲဖြစ်တဲ့အတွက်ကြောင့် ထိုင်းဆေးရုံကိုတော့ သူတို့လက်လှမ်းမမှီနိုင် ဘူး။ တချို့သော အလုပ်သမားကျတော့လည်း ထိုင်းဆေးရုံကို သူတို့သွားနိုင်ပေမယ့်လို့ သူတို့ ဘာသာစကားအခက်အခဲ တွေရှိနေတာတို့ ၊ တချို့ကလည်း လူနာ တအားများတဲ့အခါကျတော့ ထိုင်းဆေးရုံဘက်ကလည်း တချို့သော လူနာကို ဒီဘက်ကို ပြန်ပြီး လွှဲပြောင်းပေးတာမျိုးပေါ့။ အထူးသဖြင့်တော့ ကာကွယ်ဆေးထိုးတဲ့ ကလေးမျိုးတို့ ၊ မိသားစု စီမံကိန်း လိုဆိုလို့ရှိရင်တော့ ကျမတို့ဆီ ပြန်လွှဲပြောင်းတာရှိတယ်ပေါ့နော်။ အဲဒီအခြေအနေမှာတော့ တအားကြီး သိသိသာသာ မနည်းသွားဘူး။ 

မြန်မာပြည်ဘက်အပိုင်းမှာကျတော့ လက်ရှိမှာ မြဝတီ၊ ကော့ကရိတ် ၊ လှိုင်းဘွဲ ၊ ကြာအင်းဆိပ်ကြီး မြို့နယ် ၄ မြို့နယ်မှာ ကျမတို့ရဲ့ Partner အဖွဲ့အစည်းတွေဖြစ်တဲ့ Back Pack , BMA ၊ ကရင်ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာနကလည်း မိခင် နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို တိုးချဲ့ဆောင်ရွက်တာရှိတဲ့အခါကျတော့ ကျမတို့ လူနာတွေကို သူ့နေရာနဲ့သူ၊ သူ့ဒေသနဲ့သူ ဒေသမှာ ကြည့်ရှုစောင့်ရှောက်နိုင်တဲ့အခြေအနေကလည်း ပိုပြီးတော့ ကောင်းလာတဲ့ အတွက် ကြောင့် ပြည်တွင်းထဲက လူနာက တဖြည်းဖြည်းနဲ့နည်းသွားတယ်။ သို့သော်လည်း အခုလက်ရှိ အထိကတော့ အရင်က တော့ တစ်ဝက်တစ်ဝက်ပေါ့။ 

အခုကတော့ (၄၀) ရာခိုင်နှုန်းကလောက်တော့ ပြည်တွင်းကလာတယ်။ (၆၀)ရာခိုင်နှုန်းလောက်ကတော့ ထိုင်းဘက်မှာဘဲရှိတယ်။ 

မေး။ ။ လတ်တလော မယ်တော်ဆေးခန်းအနေနဲ့ ကျန်းမာရေးဝန်ဆောင်မှုအပိုင်းကို လုပ်ဆောင်တဲ့အခါမှာ အခက်အခဲဆုံးအပိုင်းက ဘယ်ကဏ္ဍတွေဖြစ်မလဲ။ 

ဖြေ။ ။ အခက်အခဲဆုံးဆိုတာကတော့ နံပါတ်(၁)တစ်ချက်ကတော့ ကျမတို့ သင်တန်းနေရာလည်း ဖြစ်တဲ့ အပေါ်မှာ ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှုပေးနေရင်း တချိန်တည်းမှာဘဲ ကျမတို့ရဲ့ Partner တွေပေါ့နော်။ ဒီပြည်တွင်းထဲမှာရှိတဲ့ ကျန်းမာရေး လုပ်သားတွေ အရည်အသွေးမြှင့်တင်ရေးကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ရတဲ့အခါကျတော့ နည်းပညာပိုင်း ဆိုင်ရာ ကြီးကြပ်မှုကိစ္စတွေကို ကျမတို့က စဉ်ဆက်မပြတ် လုပ်နိုင်ဖို့အတွက်ကို ဒီကျန်းမာရေးဝန်ထမ်းတွေရဲ့ အရည်အသွေးမြှင့် တင်ရေးကိစ္စကိုလည်း စဉ်ဆက်မပြတ်လုပ်ရတယ်။ သို့သော်လည်း အဲဒီနေရာမှာ ရံပုံငွေအခက်အခဲရှိတာရယ်၊ ကုသရေးမှာ ဆေးဝါး ဝယ်ယူရေးတို့ ၊ ဝန်ဆောင်မှုတို့ကို ကျမတို့က ပိုပြီးတော့ ဦးစားပေး ရတဲ့အခါကျတော့ တချို့သော ရံပုံငွေမှာနော် လိုအပ်တဲ့နည်းပညာပိုင်းရာ ပညာရှင်တွေကို ခေါ်ယူရတာတွေဘဲပြောပြော ဒါမှမဟုတ်  ဒီလိုသင်တန်းတွေဆက်လုပ်ဖို့ ရံပုံငွေက အကန့်အသတ်တွေတော့  ပြန်ပြီးဖြစ်လာတယ်။ 

တချိန်တည်းမှာဘဲ ဒီရံပုံငွေအကန့်အသတ်ရှိတဲ့အပေါ်မှာတချို့သော လူနာလွှဲပြောင်း တဲ့ကိစ္စမျိုးတွေပေါ့နော်။ မဖြစ်မနေ လွှဲပြောင်းရမယ်ဆိုလို့ရှိရင် လူနာဘက်ကလည်း ကုန်ကျမှုမခံနိုင်ဘူး။ ကျမတို့ဘက်ကလည်း ဒီရံပုံငွေအရ အခက်အခဲရှိလာတဲ့အချိန်မှာ လူနာလွှဲပြောင်းဖို့အတွက် ကျန်းမာရေး ဝန်ထမ်းတွေအတွက် ပိုပြီးတော့ ကသိက အောက်ဖြစ်ရတယ်ပေါ့နော်။ လူနာဘက်ကလည်း ကုန်ကျမှုမခံနိုင်တဲ့အခြေအနေနဲ့ လွှဲပြောင်းတဲ့ဆေးရုံဘက်ကလည်း ကုန်ကျမှုကို အကုန်လုံးမခံနိုင်တဲ့အခြေအနေမှာ အခက်အခဲမျိုး ကြုံရတာလေးရှိတယ်။ 

မေး။ ။ နောက်ဆုံးအနေနဲ့ လတ်တလော မယ်တော်ဆေးခန်းအခြေအနေနဲ့ပတ်သက်ပြီး ဘာများ အသိပေးချင်တာ ရှိသေးသလဲ။ 

ဖြေ။ ။ အစိုးရတွေကိုပဲ ဖြစ်ဖြစ်၊ ဒိုနာတွေပဲဖြစ်ဖြစ် အသိပေးချင်တာကျတော့ နယ်စပ်လို့ ပြောရင်တော့ မြန်မာပြည်ရယ်၊ ထိုင်းရယ်လို့ ကြည့်တာမဟုတ်ပဲနဲ့ လူဦးရေ လူထုကို အခြေခံပြီး ကြည့်မယ်ဆိုရင် နယ်စပ်နှစ်ခုထဲမှာ နိုင်ငံမဲ့ သို့မဟုတ် ရွှေ့ပြောင်းလူထုပေါ့။ အများစုကတော့ မြန်မာနိုင်ငံသားတွေပေါ့နော်။ ထိုင်းကျတော့ ထိုင်းနိုင်ငံသားဖြစ်သွားတဲ့ တစ်ချို့သော တိုင်းရင်းသားတွေ ရှိတယ်။ 

ထိုင်းနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေကျတော့ ထိုင်းကျန်းမာရေးစနစ်တွေမှာ အကျုံးဝင်တာဖြစ်တဲ့အတွက် ကြောင့် အထူးသဖြင့်တော့ နိုင်ငံမဲ့ ဖြစ်တဲ့ ကလေးငယ်ကိစ္စမျိုးတွေ၊ နောက်ပြီးတော့ ပြောင်းလဲနေတဲ့ နိုင်ငံရေးဖြစ်စဉ်အလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်တယ်လို့ ပြောပေမယ့်လို့ ဒီစီးပွားရေးက နယ်စပ်မှာ ရှိတဲ့လူတွေအတွက်တော့ ဘာမှထူးခြားတဲ့ ဖွံ့ဖြိုးမှု မဟုတ်ပဲနဲ့ တစ်ချို့သော ဒေသတွေမှာတော့ သူတို့ရဲ့ မြေယာတွေ သိမ်းပိုက် ခံရတာတို့၊ နောက်တစ်ချို့ ဥပဒေစိုးမိုးရေး ကိစ္စတွေ အထူးသဖြင့်တော့ မူးယစ်ဆေးဝါးကိစ္စမျိုးတွေ၊ ဒါမျိုးတွေက ဆက်လက်ပြီးတော့ ရှိနေတဲ့အတွက်ကြောင့် ဒီနယ်စပ်မှာပေါ့နော်။ ကျမတို့ ကျန်းမာရေး ၊ပညာရေး၊ လူမှုရေးနဲ့ လူ့အခွင့်အရေး ရှုထောင့်အရဖြစ်စေ၊ လူသားတွေ ဘဝလုံခြုံမှုအရဖြစ်စေပေါ့နော်။ မျက်ခြေမပြတ် ဆက်လက် စောင့်ကြည့်ရမယ့်ကိစ္စဖြစ်တယ်ပေါ့နော်။

Most read this week

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...