ပိုမိုရှုပ်ထွေးလာနိုင်မည့် ချင်း နှင့် စစ်ကိုင်းနယ်နိမိတ်ပြသနာအရေး

ပိုမိုရှုပ်ထွေးလာနိုင်မည့် ချင်း နှင့် စစ်ကိုင်းနယ်နိမိတ်ပြသနာအရေး
by -
CL ထန်းငါ

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်နိမိတ်အားယခင်အစိုးရအနေဖြင့် တိုင်းတာသတ်မှတ်ထားခဲ့သည်ဟု ဆိုသော်လည်း တိတိကျကျသတ်မှတ်ထားမှုမရှိခြင်းနှင့် စိုက်ထူခဲ့သော နယ်နိမိတ်ဘုတ်တိုင်များကိုထိန်းသိမ်းခြင်းမရှိခဲ့ သောကြောင့် ဒေသခံပြည်သူများအကြားမြေယာအငြင်းပွားမှု၊ မြေပိုင်အငြင်းပွားမှု ပြဿနာများ ရင်ဆိုင်ကြုံတွေ့နေကြရကြောင်းသိရသည်။

တစ်လောလေးကပင် “ချင်းပြည်နယ်” ဆိုသည့် ဘုတ်တိုင်အား ကလေးတက္ကသိုလ်အကျော်တွင် စိုက်ထူးရေးလုပ်ငန်းဆောင်ရွက်စဉ် စစ်ကိုင်းတိုင်း နယ်နိမိတ်တွင် ပါဝင်သည်ဟု အငြင်းပွားမှု ရှိခဲ့သေးသည်။

ယခုအခါ နှစ်ဖက်နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများအနေဖြင့် ယခင်ကတည်းက အသက် မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်သော ဘိုးဘွားပိုင် လယ်ယာမြေ၊ရွာမြေတို့အား နစ်နာဆုံးရှုံးလျက်ရှိသည့်အပြင်လယ်ယာလုပ်ကိုင်ရန်စိုးရိမ်မှုများစွာနှင့် ရင်ဆိုင်နေကြရသည်ဟုချင်းတောင်ဒေသ သဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့၏လေ့လာမှုစစ်တမ်းအရ သိရသည်။

နယ်နိမိတ်မျဉ်းနှင့် စပ်လျဉ်း၍ ယခင်ကရှင်းရှင်းလင်းလင်းရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ ပျက်စီးခဲ့ရခြင်းသည်တောရိုင်း၊ လယ်ရိုင်းများကို လယ်မြေအဖြစ် ဖော်ထုတ်ရင်း ရွေ့ပြောင်း၊ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်ဟု အဆိုပါစစ်တမ်းတွင် ဖော်ပြသည်။

ချင်းပြည်နယ်အနေဖြင့် နယ်စပ်ဒေသရှိ ကျေးရွာပိုင်နက်အတွင်းရှိလယ်ယာမြေများသည် ကလေးမြို့နယ်တွင် မှတ်ပုံတင်ထားသော မြေယာများနှင့်ချင်းပြည်နယ်ဘက်တွင် မှတ်ပုံတင်ထားသော မြေယာများ ရောနှောနေသည်ကိုကြုံတွေ့ရပြီး ယင်းကဲ့သို့ ဖြစ်ပျက်ခြင်းတိုင်းတွင် ကျေးရွာများအနေဖြင့်နယ်မြေဆုံးရှုံးခြင်းကို ကြုံတွေ့ရသည်ဟု ဒေသခံပြည်သူများက ပြောဆိုနေကြသည်။

ယခုကဲ့သို့ မြေအငြင်းပွားမှုနှင့် ပတ်သတ်၍ ချင်းတောင်ဒေသ သဘာဝသယံဇာတစောင့်ကြည့်ရေးအဖွဲ့မှ ဦးဆောင်အဖွဲ့ဝင် ဦးလျန်တွောင်က“ဥပမာ မြေစာရင်းကသူ့ရဲ့လုပ်ပိုင်ခွင့် ဧရိယာထဲမှာပါတယ်ဆိုပြီးတော့ လုပ်ပိုင်ခွင့်ပုံစံတွေကို ပေးထားတယ်။ တစ်ဖက်မှာ အစကတည်းက နေတဲ့လူတွေကလည်းဟိုတုန်းကတည်းက ငါတို့နေရာ၊ ငါတို့ဟာဆိုပြီး သူတို့မှတ်ထားတယ်။နောက်ပိုင်းကျတော့ ပိုင်ရှင်တွေ ပေါ်လာပြီး ပိုင်ရှင်နှစ်ဦးဖြစ်သွားတော့ အငြင်းပွားမှုတွေကတော့ ပေါ်လာမှာပဲ”  ပြောသည်။

ယခုကဲ့သို့ လယ်ယာမြေလုုပ်ပိုင်ခွင့် လျှောက်ထားခြင်းနှင့် ပတ်သတ်ပြီးနှစ်ဖက်ကျေးရွာသားတို့အကြား ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

“ချင်းပြည်နယ်အစိုးရက နယ်နိမိတ်သတ်မှတ်လို့ မရသေးတဲ့နေရာတွေကမြေပိုင်ရှင်တွေနဲ့ လယ်သမားတွေကို စာတွေနဲ့ဆင့်ခေါ်တာတွေလုပ်ပြီးမှအရေးယူဖို့ ကြိုးစားလာတယ်ဆိုတာလည်း သိရပါတယ်။ပြီးခဲ့တဲ့အစိုးရလက်ထက်ကတည်းကစ ဘယ်နေရာက ချင်းပြည်နယ်က ပိုင်တယ်၊ဘယ်နေရာက စစ်ကိုင်းတိုင်း ပိုင်တယ်၊ ဆုံးဖြတ်ချက် မချရသေးတဲ့ နယ်မြေကလယ်သမားတွေကို ပြည်နယ်အစိုးရအနေနဲ့ ထောင်ချခဲ့တာတွေရှိတယ်”ဟုအထက်ချင်းတွင်းဒေသလူငယ်များကွန်ယက်၏ ဒါရိုက်တာ ဦးကျော်သက်ဝင်းကပြောသည်။

ထိုကဲ့သို့သာ မြေယာပြဿနာများကြောင့် ဒေသခံတောင်သူအချို့တရားစွဲဆိုခံရပြီး ထောင်ချခံရခြင်းများ၊ ဓါးမဦးချလုပ်ကိုင်ခဲ့သည့်မြေယာများဆုံးရှုံးခဲ့ရခြင်းများ ရှိနေကြောင်းလည်းသိရသည်။

၁၉၃၈ခုနှစ်၊အောက်တိုဘာလ(၁၉)ရက်နေ့စွဲဖြင့်ပြည်ထဲရေးဝန်ကြီးဌာနသည်ပြည်နယ်၊တိုင်းနယ်နိမိတ်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊သို့သော်ချင်းပြည်နယ်၊ ဖလမ်းခရိုင် တီးတိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ၎င်းနယ်နိမိတ်သတ်မှတ်ချက်ကို ဥပေက္ခာပြုပြီး

သစ်တောကြိုးဝိုင်းအမှတ်အသားကိုသာ မှတ်ယူကျင့်သုံးခဲ့ခြင်းကြောင့်ယခုကဲ့သို့ ပြဿနာများ ပေါ်ပေါက်နေရခြင်းဖြစ်သည်ဟု အထက်ချင်းတွင်းဒေသလူငယ်များကွန်ယက်အဖွဲ့က သုံးသပ်ထားသည်။

ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းနယ်နိမိတ်နှင့် ပတ်သတ်၍ ၁၉၃၈ ခုနှစ်၊၁၉၇၆ ခုနှစ်နှင့် ၁၉၈၄ ခုနှစ်တို့တွင်တိုင်းတာသတ်မှတ်ခဲ့ပြုလုပ်ခဲ့သော်လည်း ယခုအခါတွင် နယ်နိမိတ်ဘုတ်တိုင်များ မရှိတော့သည့်အတွက် နယ်နိမိတ်အငြင်းပွားရသည့်ကိစွရပ်များဖြစ်ပေါ်လာကြောင်း ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ပူးဇိုဘွဲ့၏ပြောဆိုချက်အရသိရသည်။

ချင်းဝိသေသတိုင်း အက်ဥပဒေအရ ချင်းပြည်နယ်၏ အကျယ်အဝန်းသည် စတုရန်းမိုင်တစ်သိန်းသုံးသောင်းကျော်ရှိပြီး တောင်နှင့် မြောက် မိုင် ၃၀၀ ကျော်၊အရှေ့နှင့် အနောက်အကျယ်ဆုံးနေရာတွင် မိုင်တစ်ရာနှင့် အကျဉ်းဆုံးနေရာတွင်မိုင် ၃၀ ကျော်ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးမှတ်တမ်းများတွင်ဖော်ပြထားသော်လည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအစီရင်ခံစာ၏ ဖော်ပြချက်တွင်မူ ချင်းပြည်နယ်၏ ဧရိယာအကျယ်အဝန်းသည်စတုရန်းကီလိုမီတာ ၃၆၀၁၈ ဒသမ ၉ (စတုရန်းမိုင် ၁၃၉၀၆ ဒသမ ၉) ရှိဖြစ်သည်။

ယခုကဲ့သို့ နယ်နိမိတ်ကိစွကြောင့် ယာမြေအငြင်းပွားလာခြင်းနှင့် ပတ်သတ်၍လက်ရှိတွင် နှစ်ဖက်ဒေသအကြား မြေပုံနှင့် မြေပြင်အခြေအနေမှာကွဲလွဲမှုများရှိနေသည်ကိုလည်း တွေ့ရသည်။

“မြေပုံက နှစ်မျိုးသုံးမျိုးရှိသလို နယ်နိမိတ်နေရာလည်း ဒေသခံတွေ သိထားတဲ့ နယ်နိမိတ်နဲ့ အစိုးရဘက်က သိထားတဲ့နယ်နိမိတ် မတူလို့ဖြစ်သွားတာပေါ့” ဟု ဦးလျန်တွောင်က ပြောသည်။

ယင်းကဲ့သို့ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းနယ်နိမိတ်သည်တိကျပြတ်သားရှင်းလင်းစွာမရှိသည့်အတွက် ဒေသခံပြည်သူတို့၏ယာမြေနှင့်ရွာမြေပိုင်ဆိုင်ခြင်းအငြင်းပွားမှု ပြဿနာများသည် ယခုအချိန်တွင်

ကြီးမားစွာမဖြစ်သေးသော်လည်း အချိန်မီမဖြေရှင်းပါကပိုမိုဆိုးဝါးလာစေနိုင်ပါသည်။

“မကွေးတိုင်းနဲ့ ချင်းပြည်နယ်ကိစွမှာလည်းတော်တော်ပြဿနာဖြစ်နေတဲ့ဟာလည်းရှိတယ်။ ဒါပြီးရင်ချင်းနဲ့စစ်ကိုင်းမှာဖြစ်နေတဲ့ ဟာက တော်တော်လေးကြီးထွားလာတဲ့အတွက်မို့လို့၊ အဓိကတော့ တိုင်းရင်းသားအချင်းချင်းကြားထဲမှာမလိုလားအပ်တဲ့အငြင်းပွားမှုတွေကနေစပြီးမှဒေသတွင်းပြဿနာကြီးပွားလာနိုင်တဲ့အခြအနေ ဖြစ်ပေါ်လာပြီဆိုတော့ပြည်ထောင်စုအစိုးရကနေ အဓိကထားပြီးမှ တိုင်းထွာမှုကို လုပ်ရမယ်။ ဒါပြီးရင်နယ်နိမိတ်ကြားထဲမှာ ဖြစ်နေတဲ့ ရွာတွေနဲ့ တောင်သူတွေရဲ့မြေပိုင်ဆိုင်မှုကို အဓိက ကျနော်တို့ အသိအမှတ်ပြုဖို့လိုနေပြီလို့မြင်တယ်” ဟု ဦးကျော်သက်ဝင်းက ပြောသည်။

ချင်း-စစ်ကိုင်းနယ်နိမိတ်ပြဿနာသည် ရာခိုင်နှုန်းအားဖြင့်သုံးဆယ့်ငါးရာခိုင်နှုန်းခန့် ဖြေရှင်း၍မရသေးကြောင်း၊ဒေသခံလယ်သမားမျးသည် နှစ်ပေါင်း ၇၀/၈၀ ခန့်ကြာလာသည်အထိ ဓါးမဦးချလယ်လုပ်ခဲ့သော်လည်း ယခုအချိန်ထိပုံစံ(၇)မရသေးသည့်တောင်သူများရှိနေသည့်အတွက် ပြည်ထောင်စုအစိုးရအနေဖြင့်ဖြေရှင်းပေးရန်လိုအပ်နေပြီဖြစ်ကြောင်းလည်း ၄င်းက သုံးသပ်ပြောကြားခဲ့သည်။

နယ်နိမိတ် တိုင်းတာသတ်မှတ်ခြင်းနှင့် ပတ်သတ်၍ ချင်းပြည်နယ်တွန်းဇံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထောင်ခေါမန်ကချင်းပြည်နယ်-စစ်ကိုင်းတိုင်း-မကွေးတိုင်းတို့၏နယ်နိမိတ်မျဉ်းကြောင်းများကိုတိုင်းတာရန်ကော်မီရှင်အဖွဲ့တစ်ခုဖွဲ့အစည်းထားပြီဖြစ်ကြောင်းပြောသည်။

“နယ်နိမိတ်မျဉ်းကိစွကို ချင်းပြည်နယ် လွှတ်တော်မှာလည်း ဆွေးနွေးခဲ့ပါပြီ။ချင်းပြည်နယ်-မကွေး၊ ချင်းပြည်နယ်-စစ်ကိုင်း ဆိုပြီးနှစ်မျိုးခွဲလိုက်တယ်။ တိုင်းတာမှု စတင်ဖို့စီစဉ်ထားပါတယ်”ဟု ဦးထောင်ခေါမန်က ပြောသည်။

နယ်နိမိတ်မတည်မငြိမ်မှုကြောင့် မြေအငြင်းပွားမှုသည် စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်နှင့် ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့ထိစပ်ရာဒေသရှိ ကျေးရွာများတွင် အများဆုံးဖြစ်ပွားနေသည်ကိုတွွေ့ရသည်။

ယခုကဲ့သို့ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်နိမိတ်အားတိတိကျကျ ရှင်းရှင်းလင်းလင်း ပြန်လည်တိုင်းတာခြင်း မရှိပါက လက်ရှိရင်ဆိုင်ကြုံတွေ့နေသော မြေပိုင်ဆိုင်မှုပြသနာများပိုမိုရှုပ်ထွေးနိုင်လာနိုင်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကိုလည်း အကောင်အထည်မဖော်မှုများတွင် အဟန့်အတားများစွာရှိလာနိုင်သည်။

October 2, 2024
ချင်းပြည်နယ်ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးလာတာမျိုးတွေ့ရင် စစ်ကောင်စီတပ်က...
September 26, 2024
မလေးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံက ချင်းစစ်ဘေးဒုက္ခသည်တွေနဲ့ CDM...
September 21, 2024
နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ် ကျောက်အိုးကျေးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ...
September 20, 2024
စက်တင်ဘာလ ၄ ရက် ညနေပိုင်းမှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်က အများပြည်သူတွေရဲ့နေအိမ်တွေမှာ...