ရှစ်လေးလုံးအရေးတော်ပုံ နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ

ရှစ်လေးလုံးအရေးတော်ပုံ နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ
by -
နိုင်ငံတကာ မြန်မာ့သတင်း (BNI) အယ်ဒီတာ့ အာဘော်
သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီးဆင်နွှဲခဲ့ကြသည်မှာ ၂၀၁၆ ခုနှစ်တွင် (၂၈)နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ ဤ အရေးတော်ပုံကြီးကို မြန်မာ့မျက်မှောက်သမိုင်း၏ မဟာအချိုး အကွေ့ကြီးတခု အဖြစ်မှတ်တမ်းတင်ခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ ဤ အရေးတော်ပုံကြီးသည် လူကို လူလို မမြင်သည့် မဆလတပါတီ အာဏာရှင်စနစ်ကို ဖြိုလှဲနိုင်ခဲ့ခြင်းကြောင့်၎င်း၊  လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအသိအမြင်များကို အရေးတော်ပုံ က ရှင်သန်လာစေခြင်းကြောင့်၎င်း၊ စစ်အာဏာရှင်စနစ်ကို စိန်ခေါ်အန်တုနိုင်စွမ်းရှိသည့် လူထုခေါင်းဆောင် တယောက်ကို အရေးတော်ပုံက မွေးဖွားပေးခဲ့ခြင်းကြောင့်၎င်း၊ တဆက်တစပ်တည်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကဲ့သို့သော လူထုကိုယ်စားပြု ပါတီတရပ်ကို ပေါ်ထွန်းခဲ့စေခြင်းကြောင့်၎င်း၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့်တကွ သမိုင်းအတွေ့အကြုံ ကောင်းများကို  ပေးခဲ့ခြင်းကြောင့်၎င်း ဤ ရှစ်လေးလုံးအရေးတော်ပုံ သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အလွန် အရေးကြီး သည့်  မဟာအချိုး အကွေ့ကြီး ဖြစ်လာခဲ့ပေသည်။

ဤနေရာတွင် ပို၍ အရေးပါသောအချက်မှာ ရှစ်လေးလုံးအရေးတော်ပုံ၏ သက်ရောက်မှု အရှိန်ကြောင့် မြန်မာ့နိုင်ငံရေး အတွေးအခေါ် အလှည့်အပြောင်းလည်း ထူးထူးခြားခြားဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ ယင်း အလှည့်အပြောင်းက စစ်ဝါဒ၊ စစ်အာဏာရှင်ဝါဒ၊ ‘ပုရိသ ပဓါနဝါဒ’  လွှမ်းမိုးနေမှုကို တပ်လှန့်စိန်ခေါ်လိုက်သော တိုက်ပွဲခေါ်သံလည်းဖြစ်ခဲ့သည်။ စိန်ခေါ်သူ အဖြစ် အရေးတော်ပုံကမွေးထုတ်ပေးလိုက်သော ခေါင်းဆောင်မှာ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ‘ပုရိသ ပဓါနဝါဒ’ ကြီးစိုးနေခဲ့သည်မှာ ရာစုနှစ်များစွာကြာခဲ့သည်။ ထိုပဒေသရာဇ်ခေတ် အမွေကို စစ်အာဏာရှင်တို့က ဆက်လက်ခံယူကျင့်သုံးခဲ့ကြသည်။ လူ့အဖွဲ့အစည်း၏ ဦးဆောင်မှု အခန်းကဏ္ဍမျာတွင် မိန်းမသား များကို နေရာမပေးဘဲ ပိတ်ပင်ထားသည်မှာ ကြာလှပေပြီ။ ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ ပါမောက္ခချုပ်ကဲ့သို့သော နေရာဌာန ရာထူးမျိုးမှာပင်လျှင် အမျိုးသမီးများကို စစ်အာဏာရှင်တို့က နေရာပေးခဲ့ဖူးတာ မရှိ။ ဒု ၀န်ကြီး၊ ၀န်ကြီးဆို သော  ရာထူးမျိုးကတော့ ပို၍ပင် ဝေးပါသေးသည်။ ထိုသို့ဖြစ်ရသည်မှာ စစ်အာဏာရှင်တွေ၏ ပဒေသရာဇ်ဆန်သော အတွေးအခေါ်ကြောင့်ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ပြည်သူလူထုက ‘ဒေါ်အောင်ဆန်းစုကြည်’ကို လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းသည် အရေးကြီးသည့် အတွေးအခေါ် အယူအဆ အလှည့်အပြောင်း ပင်ဖြစ်သည်။

ထို အလှည့်အပြောင်းကို လက်ခံနိုင်စွမ်း မရှိသော စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတစုက ယနေ့ထက်တိုင် ခုခံ ဆန့်ကျင် နေဆဲဖြစ်သည်ကို တွေ့နေရသည်။ ထင်ရှားသည့် သာဓကမှာ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံတွင် အမျိုးသမီးများအား ပဓါန ကျသည့် ခေါင်းဆောင်မှုနေရာဌာနတို့ကို ရယူခွင့်မရှိအောင် ပြဋ္ဌာန်းဟန့်တားထားကြောင်းတွေ့နိုင်သည်။  ပုဂ္ဂိုလ် ရေးအရ ‘ဒေါ်အောင်ဆန်းစုကြည်’ ကိုသာမက အမျိုးသမီးအားလုံးကိုပါ ခွဲခြားနှိမ့်ချလိုသည့် သဘောထား ဖြစ်ကြောင်း တွေ့ရသည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်ဗိုလ်ချုပ်များအနေဖြင့် နှစ်ပေါင်းများစွာ ငြင်းဆန် လက်မခံခဲ့သည့် အကြောင်းကလည်း လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသည့် ဒီမိုကရေစီစနစ်ကို လက်မခံလို၍ ဖြစ်သည်။

ရှစ်လေးလုံးပြည်သူ့ဒီမိုကရေစီအရေးတော်ပုံတွင် ပြည်သူလူထု၏ တောင်းဆိုချက်သည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု (Political System Change) ဖြစ်ပါသည်။ လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသည့် ဒီမိုကရေစီ ရပိုင်ခွင့်ကို တောင်းဆိုခြင်းဖြစ်သည်။ ‘တန်းတူရေး’ ဟု ဆိုရာတွင် လူမျိုး၊ လူတန်းစား၊ နိုင်ငံရေးယုံကြည်ချက်၊ ကိုးကွယ်သည့်ဘာသာ မျှမက၊ ‘လိင်’ ခွဲခြားဆက်ဆံမှု မပြုလုပ်ရေးလည်းပါ၀င်သည်။ ဒီမိုကရေစီကျင့်စဉ်၏ အနှစ်သာရသည်  လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေသများကို အခြေခံထားသဖြင့်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည်လည်း အမျိုးသမီးများကို အမျိုးသား များနှင့် တန်းတူအခွင့်အရေးပေးရမည်သာမက၊ တန်းတူအကာအကွယ်လည်း ပေးရမည် ဖြစ်သည်။ ထို့ပြင် အမျိုးသမီး များအား နှိမ်ချခွဲခြား ဆက်ဆံမှုများမှ အကာအကွယ်ပေးမည့် လူထုလူတန်းစားဆိုင်ရာ အဖွဲ့အစည်းများကို လည်း လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်ပေးရမည်ဖြစ်သည်။ လူ ပုဂ္ဂိုလ် တဦးတယောက်ကဖြစ်စေ၊ ပါတီအသင်းအဖွဲ့တခုခုက ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတခုခုကဖြစ်စေ၊ အမျိုးသမီးများကို ခွဲခြားနှိမ်ချ ဆက်ဆံမှု မပြုနိုင်အောင် အခြေခံဥပဒေက ထိထိရောက်ရောက် အကာအကွယ်ပေးရမည် ဖြစ်သည်။ အမျိုးသမီးများ၏ အတွေ့အကြံု အသိအမြင် အတွေးအခေါ် အစွမ်းအစများကို တန်ဖိုးထား နေရာမပေးသည့် လူ့အဖွဲ့အစည်းကို ယနေ့ခေတ်တွင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းအဖြစ် ကမ္ဘာက အသိအမှတ်ပြုမည် မဟုတ်ပေ။ ယနေ့ ကမ္ဘာ့လူဦးရေထက်ဝက်သည် အမျိုးသမီးများဖြစ်သည်။ ကမ္ဘာ့ စားနပ် ရိက္ခာနှင့် ကုန်စည်ထုတ်လုပ်မှုကို စွမ်းဆောင်သော လူသားရင်းဖြစ်၏ ထက်ဝက်သည်လည်း အမျိုးသမီးများဖြစ် သည်။  နိုင်ငံ အသီးသီးတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူများ၏ ထက်ဝက်သည်လည်း အမျိုးသမီးများဖြစ်သည်။ ထို့ကြောင့် နိုင်ငံတခု၏ မူဝါဒချမှတ်သူများ၊ အရေးကြီး ဆုံးဖြတ်ချက် ချမှတ်သူများကို ရွေးချယ်ရာ၌ အမျိုးသမီးများကို ချန်လှပ်ထား၍ မရနိုင်ပေ။

သို့ဖြစ်သောကြောင့် ရှစ်လေးလုံး အရေးတော်ပုံကြီးက ‘ဒေါ်အောင်ဆန်း စုကြည်’ အား လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းသည် အရေးကြီးသည့် အတွေးအခေါ်အလှည့်အပြောင်းဖြစ်သည် ဟု ပြောရခြင်း ဖြစ်သည်။ အမျိုးသမီးများကို မူဝါဒချမှတ်ခွင့် မရရှိအောင် ပိတ်ပင်ဟန့်တားနေသူများသည် ပဒေသရာဇ်အတွေးအခေါ်ဟောင်းဘက် တွင် ရပ်တည်နေသည့် စစ်အာဏာရှင်များသာ ဖြစ်သည်။ စင်စစ် စစ်အာဏာရှင်တစုက အတွေးအခေါ်အလှည့်အပြောင်း သမိုင်းဖြစ်စဉ်ကို ခုခံအန်တုနေခြင်းမှာ အချည်းအနှီးအားထုတ်မှုသာဖြစသည််။ အဘယ်ကြောင့်နည်း။  “အမျိုးသမီးများအပေါ်ခွဲခြားဖိနှိပ်မှုများ ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်” The Convention on the Elimination of All Forms of Discrimination against Women (CEDAW) ကို နိုင်ငံပေါင်း(၁၃၀) ၏ ထောက်ခံမှုဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် (၃၄ / ၁၈၀) အရ ၁၉၇၉ ဒီဇင်ဘာ (၁၈) တွင် အတည်ပြုထားပြီးဖြစ်သည်။ ယင်း သဘောတူညီချက်ကို မြန်မာနိုင်ငံကလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်သဖြင့် လိုက်နာကျင့်သုံးရမည့် တာဝန်ရှိ သည်။ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံများသည် အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူ အခြေခံနိုင်ငံသား ရပိုင်ခွင့်နှင့် အခြေခံလူ့အခွင့်အရေးရပိုင်ခွင့်များ ပေးရမည်ဖြစ်သည်။ နိုင်ငံ့အရေးအရာကိစ္စရပ်များကို စီမံခန့်ခွဲ ဆုံးဖြတ်ရာ တွင်လည်း အမျိုးသမီးများကို တန်းတူပါ၀င်ခွင့်ပေးရပေမည်။ လက်ရှိ ၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်နေ့အထိ နိုင်ငံတကာ ပါလီမန်လွှတ်တော်များသမဂ္ဂ (IPU) ၏ သုတေသနပြုချက်အရ နိုင်ငံတကာပါလီမန်လွှတ်တော်များတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် (၁၀,၃၂၇) ယောက် ရှိပြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က (၃၅,၂၁၀) ဦးရှိသော ကြောင့်၊ ပါလီမန်လွှတ်တော်များ တွင် အမျိုးသမီး ကိုယ်စားပြုမှု (၂၂ . ရ)ရာခိုင်နှုန်းရှိသည်။ ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံ (၁၈၁)နိုင်ငံအနက် နိုင်ငံ (၃၀)တွင် အမျိုးသမီးခေါင်းဆောင်များ ဦးဆောင်နေသည်ကိုလည်းတွေ့ရ ပါသည်။ ဤသည်မှာ ကမ္ဘာတဝှမ်းတွင် ဖြစ်ပေါ်နေသော အမျိုးသမီးအခွင့်အရေးဆိုင်ရာ သမိုင်းဖြစ်ပေါ်တိုးတက်မှု ညွှန်းကိန်းဖြစ်သည်။ ဤ သမိုင်းပင်မရေစီးကို ခုခံဆန့်ကျင် နေခြင်းသည် မိုက်မဲမှု သက်သက်ဟု ဆိုရပေမည်။

ပြည်သူလူထု၏ အသက်သွေးချွေးများစွာ ပေးဆပ်ခဲ့ရသော ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးဆင်နွှဲခဲ့သည်မှာ (၂၈)နှစ်တိုင်ခဲ့သော်လည်း အရေးတော်ပုံအတွင်း ပြည်သူလူထု၏ တောင်းဆိုချက်များ အပြည့်အဝ မရသေးပေ။ သို့သော်လည်း အရေးတော်ပုံ၏ အရှိန်အဟုန်က ဆက်လက်တွန်းဆော်နေဆဲဖြစ်သည်။ အရေးတော်ပုံက စွမ်းအား အမြောက်အများပေးခဲ့သည်။ ကြီးမားသော အတွေးအခေါ် အလှည့်အပြောင်းကို အရေးတော်ပုံက ဖန်တီးပေးခဲ့သည်။ တပါတီအာဏာရှင်စနစ်ကို ဖြိုလှဲပေးခဲ့သည်။ စစ်အာဏာရှင်စနစ်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဒီမိုကရေစီ ခေါင်းဆောင် ကိုလည်း မွေးဖွားပေးခဲ့သည်။ ဒီမိုကရေစီ ခေါင်းဆောင်နှင့်အတူ လူထုကိုယ်စားပြု အရေးတော်ပုံပါတီ တခုကိုလည်း ပေါ်ထွန်းစေခဲ့သည်။ ဒီမိုကရေစီစနစ် ဖွ့ံဖြိုး အောင် ဆက်လက်သယ်ဆောင်မည့် လူငယ်မျိုးဆက်သစ်များကိုလည်း မွေးထုတ်ပေးခဲ့ပြီ။ အမျိုးသမီးများ၏ နိုင်ငံရေးဦးဆောင်မှုကိုလည်း အသိအမှတ်ပြုပေးခဲ့ပြီ။ ထို့ကြောင့် ခေတ်သစ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် (၈၊ ၈၊ ၈၈) အရေးတော်ပုံကြီးသည် အလွန်တရာ အရေးပါသည့်  သမိုင်းမှတ်တိုင်ကြီးဖြစ်ပေသည်။ တိုင်းရင်းသား ပြည်လူထု ခပ်သိမ်းတို့အနေဖြင့် ရှစ်လေးလုံး အရေးတော်ပုံက ပေးအပ်သည့် သမိုင်းအမွေ စိတ်ဓါတ်ကို ဆက်လက် စွဲကိုင်လျှက် မပြီးပြတ်သေးသော ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် အပြန်အလှန် ရိုင်းပင်ကူညီမှုဖြင့် လက်တွဲ ချီတက်နိုင်ကြ ပါစေဟု တိုက်တွန်းလိုက်ရပေသည်။ ရှစ်လေးလုံးအရေးတော်ပုံ စိတ်ဓါတ် အဓွန့်ရှည်ပါစေ။       ။

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...