ကလေးမြို့မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကြပ်တည်းမှုဖြစ်နေ

ကလေးမြို့မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကြပ်တည်းမှုဖြစ်နေ

ချင်းတောင်ခြေ၊ စစ်ကိုင်းတိုင်း ကလေးမြို့မှာ အခြေခံစားသောက်ကုန်ပစ္စည်းများ နေ့စဉ်နှင့်အမျှ ဈေးနှုန်းမြင့်တက်နေပြီး ဒေသခံပြည်သူများ အထွေထွေကြပ်တည်းမှုနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။

ကလေးမြို့ခံ ကုန်စိမ်းအရောင်းအဝယ်သူ အမျိုးသမီးတဦးက “ကုန်စိမ်းတွေက မဝင်တာမဟုတ်ဘူး၊ ဝင်တယ် တန်ဆာခက ဈေးတက်တာ အရင်က ကုန်စိမ်းအိတ်တအိတ်ဆိုရင် တန်ဆာခက ၁ သောင်းလောက်ပဲရှိတာ၊ အခုက နှစ်သောင်းကျော် ရှင်းရတာကိုး၊ ကျမတို့က တန်ဆာခနဲ့ အလုပ်သမားခတွေ တွက်ပြီးတော့ ပြန်ရောင်းရတာဆိုတော့ ဈေးတွေက ပိုမြင့်သွားပြီလေ။ အစစအရာရာ အတက်တွေကြီးပါပဲ။ ကုန်းစိမ်းတွေဝယ်ရင် ဒီနေ့ဈေးနဲ့ နောက်ရက်ယူတဲ့ ဈေးနှုန်းတွေတောင် မတူတော့ဘူးလေ။ ပစ္စည်းစုံအောင်လို့သာ ယူရောင်းနေရတာ ကုန်စိမ်းရောင်းရတာလည်း မလွယ်လာတော့ဘူး ” ဟု ပြောသည်။

လက်ရှိ ကလေးမြို့တွင် အခြေခံစားကုန်များဖြစ်သည့် အာလူး တပိဿာ ၁၀,၀၀၀ ကျပ်၊ ကုလားပဲ တပိဿာ ၁၂,၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တပိဿာ ၈၀၀၀ ကျပ်၊ ခရမ်းသီး တပိဿာ ၈၀၀၀ ကျပ်၊ ဂေါ်ရခါးသီး တပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်နီ တပိဿာ ၈၀၀၀ ကျပ်၊ ရုံးပတီသီး တပိဿာ ၆၀၀၀ ကျပ်၊ ရွှေဖရုံသီး တပိဿာ ၇၀၀၀ ကျပ်၊ အမဲသား တပိဿာ ၂၈,၀၀၀ ကျပ်၊ ဝက်သား တပိဿာ  ၃၂,၀၀၀ ကျပ်၊ ကြက်သား တပိဿာ ၃၀,၀၀၀ ကျပ် ရှိသည်ဟု သိရသည်။

ယင်းသို့ အခြေခံစားသုံးကုန်များ နေ့စဉ်နှင့်အမျှ  မြင့်တက်နေသောကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အခက်ကြုံနေကြရပြီး အထူးသဖြင့် နေ့စားအလုပ်သမားများမှာ ပို၍အကြပ်အတည်းဖြစ်နေကြသည်ဟု သိရသည်။

" ခေတ်ကာလက မကောင်းတဲ့ထဲမှာ အလုပ်ကလည်းရှားတယ်၊ ပုံမှန်လုပ်ဖို့လည်းမရှိဘူး၊ ဒီကြားထဲမှာ ကုန်ဈေးနှုန်းကလည်း အတက်ပဲရှိတာ အကျမရှိဘူး ဘယ်လိုမှ အဆင်မပြေဘူးဗျား" ဟု ကလေးမြို့က ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အခြေခံစားကုန်များ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် တနိုင်တပိုင် အိမ်ဆိုင်ဖြင့် ကုန်စိမ်း ဖွင့်လှစ်ရောင်းချနေသူများလည်း ယခင်ထက် ရောင်းအားကျဆင်းလာသည်ဟု ကုန်စိမ်းဆိုင် ဖွင့်လှစ်ရောင်းချသူအမျိုးသမီးက ပြောသည်။

“အသားဈေးထက် ကုန်စိမ်းတွေက ပိုဈေးတက်နေတာ၊ ဖောက်သည်ဈေးနဲ့ ယူတာတောင် ဈေများတော့ ကိုယ်ပြန်ရောင်းတဲ့အခါကျတော့ ဈေးနည်းနည်းတင်ရင်လည်း များသွားပြန်တော့ ဝယ်တဲ့သူကနည်းလာပြန်တယ်၊ မြတ်မယ့် ပစ္စည်းတွေက ကျန်နေတော့ အရင်းကပြန်မရတဲ့အချိန်တွေတောင် ရှိတယ်၊ အိမ်မှာချက်စားတာက အမြတ်ပါပဲ ဈေးတွေကလည်း မကျတဲ့အပြင် နေ့တိုင်းကို ဈေးတက်နေတာ” ဟု ကုန်စိမ်းဆိုင် ဖွင့်လှစ်ရောင်းချသူအမျိုးသမီးက ပြောသည်။

ကလေးမြို့သို့ ကုန်ပစ္စည်းများ အဓိကသယ်ယူရာတွင် အသုံးပြုသည့် မဟာမြိုင်ကားလမ်းသည်လည်း ကားလမ်း ပျက်စီးမှုအခြေအနေကြောင့် ကုန်တင်ကားကြီးများပြေးဆွဲ၍မရဘဲ လူစီးယာဉ်များသာ ပြေးဆွဲနေသေးသည်ဟု ကလေးမှ မန္တလေးသို့ ပြေးဆွဲနေသော ကားသမားများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကလေးမြို့တွင် ဓာတ်ဆီ တလီတာလျှင် ၁၂,၀၀၀ ကျပ် အထိ မြင့်တက်ခဲ့သော်လည်း လက်ရှိတွင် တလီတာ (၈၀၀၀) ကျပ်သို့ အနည်းငယ်ကျဆင်းခဲ့ပြီး တဂါလံတွင် ၂၈၀၀၀ မှ ၃၂၀၀၀ ကျပ်အထိ ရှိသည်ဟု သိရသည်။

Most read this week

November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...
November 6, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်ကို ပို့ဆောင်မည့် ဖောက်ကွဲရေးပစ္စည်းတချို့ကို...
November 6, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို ယနေ့ (နိုဝင်ဘာလ ၆ ရက်နေ့)...
November 5, 2024
ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့၏ ...