မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့၊ ဘူကစ်ဘင်တန်က ချင်းလူမျိုးတွေအများစုနေထိုင်တဲ့ တိုက်ခန်းတစ်ခုကို မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့ စည်ပင်၊ ရဲ ပူးပေါင်းအဖွဲ့က ဝင်စီးခဲ့ပြီး အထောက်ထားမဲ့ ချင်းလူမျိုး အယောက် ၂၀ ၊ ဗမာလူမျိုး ၁၀ ယောက် အပါအဝင် နိုင်ငံခြားသား အယောက် ၇၀ ကျော် မနေ့က နိုဝင်ဘာလ ၆ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဝင်စီးခံရတဲ့ တိုက်ခန်းအတွင်းက အခန်းအဖွဲ့တွေကိုလည်း မလေးရှားနိုင်ငံ အာဏာပိုင်တွေက မနေ့ကဘဲ ဖျက်ဆီးလိုက်တယ်လို့ ဖြစ်စဉ်သိတဲ့သူတွေပြောပြချက်အရ သိရပါတယ်။
ဖြစ်စဉ်သိတဲ့ မလေးရှားနိုင်ငံက ချင်းလူမျိုး တစ်ဦးပြောတာက “တိုက်ခန်းအောက်မှာ နည်းနည်း ညစ်ပတ်တော့ ပတ်ဝန်းကျင်တွေရဲ့ တိုင်ကြားချက်ကြောင့် ဖမ်းဆီးတာလည်းဖြစ်တယ်။ ပြီးရင် တိုက်ခန်းမှာ နဂိုရှိပြီးသား မဟုတ်ဘဲနဲ့ ပျဉ်ပြားတွေနဲ့ အခန်းခွဲပြီးတော့ ဌားရမ်းနေသူတွေ များတဲ့အတွက် စည်ပင်တွေက သတင်းပေးတယ်။ နောက်ပြီးတိုက်ခန်းအောက်မှာ နည်းနည်းညစ်ပတ်တော့ နိုင်ငံသားတွေကလည်း တိုင်တော့ ဝင်စီးတာပေါ့။ နောက်ပြီး အခန်းမှာ မိမိဘာသာ ပျဉ်တွေနဲ့ ကာထားတဲ့ တိုက်ခန်းတွေကိုကျတော့ သူတို့က အကုန်ဖျက်ဆီးလိုက်တယ်။ မူရင်းတိုက်ခန်းကို ဖျက်ဆီးတာမဟုတ်ဘူး မိမိဘာသာ တိုက်ခန်းထဲမှာ ပြန်ဆောက်ထားတဲ့ဟာတွေကို ဖျက်ဆီးတာဖြစ်တယ်။ နောက်ပြီး အခန်းထဲမှာ ရှိတဲ့သူတွေကို အထောက်ထားရှိ၊မရှိ တစ်ခါထဲဝင်စစ်သွားတယ်။ အဲဒီမှာ အထောက်ထားမဲ့ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသား အယောက် ၇၀ လောက် ဖမ်းဆီးခံရတယ်” လို့ ပြောပါတယ်။
တိုက်ခန်းဝင်စီးတဲ့အချိန် လူပေါင်း ၁၅၀ ကို မလေးရှားအာဏာပိုင်တွေက စစ်ဆေးခဲ့ပြီး တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၃၀ အပါအဝင် နိုင်ငံခြားသား အယောက် ၇၀ ကို ဖမ်းဆီးခဲ့ပြီး ဒီကနေ့(နိုဝင်ဘာလ ၇ ရက်နေ့ ) မှာ ပြန်လွတ်လာတဲ့သူတချို့ ရှိနေပြီလို့လည်း သိရပါတယ်။