ဗိုလ်ချစ်သူအပါအဝင် BGF ခေါင်းဆောင်သုံးဦးကို EU ဒဏ်ခတ်ပိတ်ဆို့

ဗိုလ်ချစ်သူအပါအဝင် BGF ခေါင်းဆောင်သုံးဦးကို EU ဒဏ်ခတ်ပိတ်ဆို့

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊ ဗိုလ်မှူး စောတင်ဝင်းနှင့်  BGF  ပိုင် ချစ်လင်းမြိုင် (CTM) ကုမ္ပဏီကို ဥရောပသမဂ္ဂ (EU)က ဒဏ်ခတ်ပိတ်ဆို့ကြောင်း ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်အပါအဝင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် အွန်းလိုင်းငွေကြေးလိမ်မှုလုပ်ငန်း၊ မူးယစ်ဆေဝါး၊ နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုများနှင့် အတင်းအဓမ္မခိုင်းစေမှုများ စသည့် တရားမဝင်လုပ်ငန်း များတွင် BGF ခေါင်းဆောင် ပုဂ္ဂိုလ်များနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့က အကျိုးအမြတ်ယူသည့်အတွက် အီးယူ အနေဖြင့် ယခုလို ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် ချစ်လင်းမြိုင်ကုမ္ပဏီသည် စစ်ကောင်စီနှင့် ရင်းနှီးဆက်ဆံမှု နီးကပ်စွာရှိကာ ဥပမာအားဖြင့်- စစ်ကောင် စီကို တော်လှန်နေသည့် တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီထံ သတင်းပေးခြင်းများရှိသလို စစ်တပ်က တပ်သားသစ်စုဆောင်းမှုများနှင့်လည်း ဆက်စပ်မှုရှိသည်ဟု ထုတ်ပြန်ချက်ထဲတွင် ဆိုသည်။

EU အရေးယူပိတ်ဆို့မှု ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကိစ္စကြီးကြီးမားမားမဟုတ်သလို ကိုယ့်နိုင်ငံအတွင်း နေထိုင် သည့်အတွက် မည်သူမှ လာရောက်အရေးယူ၍မရကြောင်း EU ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲတွင်ပါဝင်သည့် BGF တပ်နယ်-၂ ဗျူဟာမှူးဗိုလ်မှူးစောတင်ဝင်းက ယခုလို တုန့်ပြန်ပြောသည်။

၎င်းက “ကျနော်တို့ဒေသမှာလာပြီး အရေးယူမယ်ဆိုရင် ကျနော်တို့ကလည်း လေးဂွ ကိုင်တာမှမဟုတ်တာ။ အဓိက ကျနော်တို့ကရင်တွေကို တိုက်ခိုက်ချင်လို့ နိုင်ငံကြီးတွေကို သွားပြီးတင်ပြတာ။ နိုင်ငံကြီးတွေမှာလည်း ကာစီနို၊ အွန်လိုင်းကစားတာတွေ အများကြီးရှိတယ်။ ပြောလို့တောင် မကုန်ဘူး။ ဒီဟာက ကိစ္စကြီးကြီးမဟုတ်ဘူး။ အမေရိကန်မှာဆိုရင် ဒီထက်တောင်များတယ်။ တစ်မြို့လုံးရှိတယ်။ ကျနော်တို့ကို ဘယ်လိုလုပ်အရေးယူလို့ ရမလဲ။ သူတို့နိုင်ငံမှာသွားလုပ်တာမှမဟုတ်တာ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လူကုန်ကူးမှုများနှင့်ပတ်သက်၍ BGF အဖွဲ့အနေဖြင့် တိုက်ဖျက်မှုလုပ်ဆောင်နေသလို ၎င်းတို့ ထိန်းချုပ် သည့် နယ်မြေဒေသထဲတွင် သိရှိပါက လူကုန်ကူးသူများကို ဖမ်းဆီးမှုများလည်း လုပ်ဆောင်လျက်ရှိပြီး လူကုန်ကူး ခံရသူ များကိုလည်း သက်ဆိုင်ရာနိုင်ငံသို့ မကြာခဏ ပြန်လည် ပို့ဆောင်မှုများလုပ်ဆောင်ခြင်း ရှိနေသည်ဟု ဗိုလ်မှူး စောတင်ဝင်းက ဖြည့်စွက်ပြောသည်။

EU အနေဖြင့် လက်ရှိ ထပ်တိုးထုတ်ပြန်သည့် ထိုလူပုဂ္ဂိုလ် ၃ ဦး အပါအဝင် မြန်မာနိုင်ငံထဲတွင် အလားတူ ဒဏ်ခတ်ပိတ်ဆို့ခံရသည့် လူပုဂ္ဂိုလ် စုစုပေါင်း ၁၀၆ ဦး အထိရှိလာပြီး အဖွဲ့အစည်းအနေဖြင့် အဖွဲ့ပေါင်း ၂၂ ခု ကိုလည်း အရေးယူထားသည်ဟု ထုတ်ပြန်ချက်ထဲ၌ ပြောဆိုသည်။

ထိုအရေးယူသည့် အဖွဲ့အစည်းများကို အကျိုးအမြတ်အတွက် တိုက်ရိုက်ဖြင့်သော်လည်ကောင်း သွယ်ဝိုက်၍ သော်လည်ကောင်း ထောက်ပံ့လုပ်ဆောင်ပေးခြင်းမျိုးကို တားမြစ်ထားပြီး ထိုပုဂ္ဂိုလ်များကိုလည်း အီးယူ ဥရောပ နိုင်ငံများသို့ ခရီးသွားလာခွင့် ပိတ်ဆို့ထားသည် အီးယူက ပြောသည်။

October 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး...
October 29, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့၏...
October 29, 2024
မြဝတီ-ကေ့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းဘက်သို့စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်း၊...
October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...