‘ဝ’ နှင့် မိုင်းလားနယ်စပ်ဂိတ်များကို တရုတ်စတင်ပိတ်ပင်ဟုဆို၊ စားနပ်ရိက္ခာနှင့် စက်သုံးဆီ သယ်ယူခွင့်မပြု

‘ဝ’ နှင့် မိုင်းလားနယ်စပ်ဂိတ်များကို တရုတ်စတင်ပိတ်ပင်ဟုဆို၊ စားနပ်ရိက္ခာနှင့် စက်သုံးဆီ သယ်ယူခွင့်မပြု

မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ စတင်ပိတ်ပင်ပြီး စားနပ်ရိက္ခာနှင့် စက်သုံးဆီ သယ်ယူခွင့် မပြုတော့ကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီများကို သယ်ဆောင်ခွင့်မပြုဘဲ ပန်ဆန်းနှင့် မိုင်းလားနယ်စပ်ဂိတ်ကြီးများကိုပါ ပိတ်ပင်လိုက်ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က (အောက်တိုဘာ ၂၇ ရက်) စပြီး ‘ဝ’နဲ့ မိုင်းလားဒေသထဲကို တရုတ်က စားနပ်ရိက္ခာနဲ့ စက်သုံးဆီ ပေးမသယ်တော့ဘူး။ ပန်ဆန်းဂိတ်ကော မိုင်းလားဂိတ်ကြီးကော ပိတ်လိုက်ပြီလို့ ကြားတယ်။ အဲ့တာကြောင့် ဒေသခံတွေက ကြောက်လန့်ပြီး ကြက်ဥတို့ ခေါက်ဆွဲတို့ မိသားစုအိမ်သုံးဖို့ ဆီနဲ့ ကုန်ခြောက်လုဝယ်နေကြတယ်”ဟု မိုင်းလားဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ စတင်ပိတ်ပင်ခဲ့သည်ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး အတည်ပြုမေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ ‘ဝ’ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်ကလည်း မြန်မာ-တရုတ်နယ်စပ် ဟိုပန်မြို့နယ်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နမ့်တစ်မြို့ မန်ခါးနယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စတင်ပိတ်လိုက်ကာ ကုန်ပစ္စည်းသယ်ယူခွင့်ကို ကန့်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနှင့် ‘ဝ’တပ်ဖွဲ့ ခေါင်းဆောင်တို့ ဩဂုတ်လနောက်ဆုံးပတ် တွေ့ဆုံဆွေးနွေးမှုအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်၊ ကွမ်းလုံ၊ သိန္နီနှင့် လားရှိုးဒေသသို့ ဖြတ်(၅)ဖြတ် လုပ်ဆောင်ရန် ဖိအားပေးခံရပြီးနောက် UWSA ထိန်းချုပ်သည့် နယ်စပ်ဂိတ်များ ပိတ်ဆို့ခံရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားသည်။

“တရုတ်ကတော့ နယ်စပ်တွေ ပိတ်တယ်ဆိုတာ မှောင်ခိုထွန်းကားရေးကနေ တရားမဝင် မြန်မာပြည်ကထွက်တဲ့ ပစ္စည်းတွေ သူက ဈေးပေါပေါနဲ့ ဝယ်ချင်တာပဲ။ နောက်ထပ်တစ်ခုက စစ်ကောင်စီကို ထောက်ခံတယ်ဆိုတာ ပြသတဲ့အနေနဲ့ နယ်စပ်ဂိတ်တွေကို ပိတ်တယ်။ မှောင်ခိုနည်းလမ်းနဲ့ သူပြန်ဖွင့်မယ်၊ ထွက်သမျှ သယံဇာတကို ရအောင်ပြန်ယူမယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

‘ဝ’တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင်လည်း အောက်တိုဘာလ (၂၃) ရက်မှ စတင်ပြီး ကုန်သွယ်ရေးလမ်းကြောင်း ပိတ်မည့်သတင်းကြောင့် စက်သုံးဆီများ အလုအယက် ဝယ်ယူကြပြီး အဆမတန် ဈေးမြင့်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ‘ဝ’ဒေသရှိ ဆောဖားဂိတ်နှင့် ပန်ဆန်းဂိတ်ကြီးတို့တွင်လည်း စစ်ဆေးမှု တင်းကြပ်လာခြင်းကြောင့် ပြည်သူများအတွက် စားသောက်ကုန် တင်သွင်းရန် ခက်ခဲနေပြီး ဟိုပန်၊ ပန်လုံ၊ ပန်ဝိုင်နှင့် နမ့်တစ်ဒေသတို့တွင် ကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင်း သိရသည်။

အောက်တိုဘာလ ဒုတိယပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်တလျှောက်ရှိ ညီနောင်မဟာမိတ် ထိန်းချုပ်ထားနိုင်သည့် နယ်စပ်ဂိတ်များအပြင် မူဆယ်နှင့် မိုင်းလားကဲ့သို့ စစ်ကောင်စီလက်အောက် နယ်စပ်ဂိတ်များကိုလည်း တရုတ်အာဏာပိုင်များမှ ပို့ကုန်သွင်းကုန် စစ်ဆေးတင်းကြပ်လျက်ရှိပြီး တရုတ်ဘက်မှ တင်သွင်းကုန်များ ပိတ်ဆို့ခံရမှု ရှိနေကြောင်း နယ်စပ်ကုန်သည်များက ပြောဆိုသည်။

October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...